မြစ်ကိုအလျှားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

ကျွန်တော် ပညာသင်နှစ် နှစ်တစ်ဝက်မှာပဲ အမေတို့ရွာပြန်သွားခဲ့ကြ သည်။ ကျွန်တော့်မှာ ယခင်မှီခိုကပ်ရပ်နေခဲ့သည့် အဘွားဒေါ်ရွှေစုဆီမှာပဲ ကျောင်းပြန်တက်ခွင့်ရဖို့ ရှိခိုးပြီး တောင်းဆိုခဲ့သည်။

ရတယ်လေကွယ်၊  အဘွားကလည်း  သားကိုလက်မခံချင်တာမှ မဟုတ်တာ။  ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ကိုယ့်ညီမလေး၊ ညီလေးတွေနဲ့နေ ပြီး ကျောင်းတက်မယ်ပြောလို့ပဲလေ”“ခုပြန်လာမယ်ဆိုလည်းလာခဲ့လေကွယ်၊  အဘွားမှာလည်း  တစ် ယောက်တည်းနေရတာပဲဤသို့ဖြင့် ကျွန်တော့်မှာ အဘွားမေတ္တာရိပ်အောက် ပြန်ရောက်ခဲ့ရသည်။ ပုံမှန်ကျောင်းပြန်တက်သည်၊ စာဖတ်သည်၊ ကဗျာရေးသည်၊ ဝတ္ထုရေးသည်။ စာကြည့်တိုက်က ဖတ်လိုရာရာစာအုပ်များကိုငှားဖတ် သည်။

အဘွားမှာ ဆေးရွက်ရောင်း၊ ဆေးလိပ်ရောင်းသည့်အပြင် အိမ်ဆိုင် လေးပါတွဲရောင်းသည့်အတွက် ကျွန်တော်ကျောင်းမှ ပြန်ရောက်လျှင် အိမ်မှုကိစ္စပိုလုပ်လာရသည်။ တစ်ခါတစ်ရံ ထမင်းဝင်ချက် ရတတ်သည်။ ကျွန်တော်ကျောင်းနေရရေးအတွက်   ကိုယ်လုပ်နိုင်သည့်  အလုပ်တွေ လုပ်ပေးရခြင်း ဖြစ်သည့်အပြင်  အသက်ကြီးအဘွားကို ကူညီရာလည်း ရောက်သည့်အတွက် ကျွန်တော့်မှာ ကုသိုလ်ရသည်ဟုလည်း ခံယူထားသည်။

 

ရွက်ဝါကြွေလေပွေဝှေ့သည့် နွေတစ်နေ့မှာတော့     ကျောင်းတွင်းအတန်းတင် စာမေးပွဲအောင် စာရင်းတွေ   ကြေညာသင်ပုန်းကြီးပေါ်ရောက်ခဲ့ပါလေပြီ။ ကျွန်တော်သည် အောင်စာရင်းကပ်သည့်နေ့ ညနေ လေးနာရီ  ကျောင်းခြံဝင်းမပိတ်မီကလေးတွင်   သွားကြည့်ဖြစ်လိုက်သည်။ ကြေညာ သင်ပုန်းကြီးတွင်   ပဉ္စမတန်းကနေ   အဋ္ဌမတန်းအထိ အတန်းလိုက် အောင်စာရင်းကပ်ထားသည်။  တစ်တန်းချင်းအလိုက် ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်ဆိုပြီး အဆင့်သုံးဆင့်ခွဲပြီး ကပ်ထားသည်။   ပထမအဆင့်သည်  အတန်းလိုက် တော်တဲ့အဆင့် (ကောင်းအဆင့်) သတ်မှတ် ထားခြင်း ဖြစ်သည်။   ဒုတိယအဆင့်မှာ အတန်းလိုက်  အလယ်အလတ်အဆင့်  သတ်မှတ် ပေးထားခြင်းဖြစ်ပြီး တတိယအဆင့်မှာ အတန်းလိုက်အညံ့ဆင့် (အောက်ဆုံးအဆင့်) ရှိသောဆင့်ပင် ဖြစ်သည်ဟု   ကျွန်တော်နားလည်လိုက်သည်။    ကျွန်တော်အောင်စာရင်း သွားကြည့်သည့်အချိန်တွင်       ကျွန်တော်ဟိုဟိုဒီဒီ လှမ်းကြည့်လိုက်တော့   ကျွန်တော်တစ်ယောက်မှအပ   မည်သူ့ကိုမျှ မတွေ့ရတော့ချေ။ အကုန်လုံးကြည့်ပြီး သွားကြပြီ ဖြစ်တန်ရာသည်။

အဋ္ဌမတန်းတဲ့။    ပထမအဆင့်ကို   ကျွန်တော်စကြည့်လိုက်သည်။

ထင်သည့်အတိုင်းပါပေ။ ပထမအဆင့်မှာလုံးဝဆိုလုံးဝ ကျွန်တော့်အမည် မပါပါ။ ကျွန်တော့် ရင်ဘတ်ကတော့ အိမ်ကထွက်လာကတည်းက  ခုန်ပြီးသား။ ပထမအဆင့်ကနေ   ဒုတိယအဆင့်ကြည့် ဖြစ်လိုက်ပြန်ပြီ။

ဒီတစ်ခါတော့ ကျွန်တော့်နာမည်လေးများ တွေ့များတွေ့နိုင်သလားလို့ကြည့်မိလိုက်ပြန်သည်။   ဒုတိယအဆင့်   အောင်စာရင်းသာ ဆုံးသွားသည်။ ကျွန်တော့်နာမည်ကိုမတွေ့ပါ။   ကျွန်တော့် ရင်ဘတ်ကြီးပိုပြီး အခုန်မြန်လာသည်။ ဤအဋ္ဌမတန်းတည်းဟူသော အတန်းကို  ယခင်နှစ်ကလည်း တစ်ကြိမ်ဖြေပြီးပြီ။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အဆင့်သုံးဆင့်တွင် သကောင့်သားကျွန်တော်မည်သည့်အဆင့် တွင်မျှမချိတ်ခဲ့လို့ စာမေးပွဲကျခဲ့ရပြီ။ ယခုဒုတိယအကြိမ် ဖြေဆိုရာတွင်လည်း ယခင်နှစ်ကပြဋ္ဌာန်းထားသော ဘာသာရပ်များကိုပဲ ယခင်နှစ်က အတိုင်း သင်ယူကျက်မှတ်ခဲ့ရသည်။ ဒုတိယအချီ နှစ်လုံးပေါက်ကျက်မှတ်ခဲ့ရခြင်းပင် ဖြစ်ပါသည်။  သို့သော်  ယခုအောင်စာရင်းထွက်လာသည့် အချီတွင်ကား   ကျွန်တော့်နာမည်ပထမအဆင့်မှာ  ပါဝင်ဖို့ဝေးစွ။

ဒုတိယအဆင့် အောင်စာရင်းဆုံးသွားပေပြီ မတွေ့သေး။  ကျွန်တော်ရင်တွေခုန်ရုံမက  ကျွန်တော့် ကိုယ်ပေါ်က  အင်္ကျီလေးပင်ချွေးများဖြင့်  ရွှဲနစ်နေလေပြီ။ အလုပ်အကိုင်အဆင်မပြေ ပင်ပန်းဆင်းရဲခြင်းကြီးစွာ ခံစားနေရသည့်ကြားက မနိုင်ဝန်ထမ်းဘဝဖြင့် သားကိုပညာတတ်ကြီး ဖြစ်စေလိုလို့မြို့ပို့ပြီး ကျောင်းထားပေးခဲ့ကြသော  ကျေးဇူးရှင်မိဘနှစ်ပါး ၏မျက်နှာကိုလည်း  မြင်ယောင်ပြီး ရင်ထဲတွင် ဝေဒနာတစ်ရပ်ရုတ်ချည်း ဖြစ်ပေါ်သွားသည်။

ဒီတစ်ခါတော့  နောက်ဆုံးအဆင့်ပဲ တတိယအဆင့်တဲ့။ အညံ့ဆုံးအဆင့်ပါပဲ။ စာရွက်အောက်နားက တတိယအဆင့်လို့ရေးထားသည့် အညံ့စားကျောင်းသားများ စာရင်းကိုကြည့်လိုက်မိပါတော့သည်။ ထိပ်

ပိုင်းကစကြည့်လိုက်ပါပြီ။ ဟိုက်သေပြီမတွေ့ဘူး။ အလယ်အလတ်ပိုင်း ကြည့်လိုက်ပြန်သည်။   ဒီမှာလည်းမတွေ့ပါလား။   အောင်စာရင်းအမည်စာရင်းဆုံးပါတော့မည်။ ကျွန်တော်ဘယ့်နှယ်လုပ်ရပါ့။ ရင်တွေခုန်လိုက်တာ။ ဝမ်းနည်းသလိုလိုခံစားလာရပြီး  ငိုချင်စိတ်ပေါက်လာသည်။ ကျွန်တော့်မှာ ဆက်မကြည့်ရဲသလိုဖြစ်မိသည်။  သို့သော် ဆက်မကြည့်ဘဲထားလို့ကားမရ ကြည့်ဖြစ်အောင် ဆက်ကြည့်ဖြစ်လိုက်တော့သည်။

ဟိုက်အောင်ပြီအောင်ပြီငါစာမေးပွဲအောင်ပြီ အရမ်းဝမ်းသာသွားပြီး ပါးစပ်က လွှတ်ခနဲ အသံထွက်သွားတော့သည်။   အသေအချာပြန်ကြည့်လိုက်ပြန်သည်။ ဟုတ်ပါသည်။ တတိယ အဆင့်အောင်စာရင်း ဆုံးခါနီးအောက်ဆုံးနှစ်ယောက်အပေါ်က သကောင့်သားကျွန်တော်၏ အောင်စာရင်း အမည်ကို တွေ့လိုက်ရပါတော့သည်။

ခုံအမှတ် ၁၆ဝ၊ မောင်ဘညွန့်တဲ့ဗျာ။  သို့ဖြစ်ပါကြောင့်  ကျွန်တော်ဘညွန့်သည်  အဋ္ဌမတန်းတည်းဟူသော  ကျောင်းတွင်းစစ်   ရှစ်တန်းစာမေးပွဲကို နှစ်နှစ်တိုင်တိုင်ဖြေဆိုခဲ့ရာ အောင်စာရင်း အဆင့်သုံးဆင့်တွင် အောက်ဆုံးအဆင့်ဖြစ်သော တတိယအဆင့်၌ အောင်သည် ဆိုရုံမည်ကာမတ္တသာ ဖြစ်ပေတော့သည်တကား။  အောင်စာရင်းတတိယ အဆင့်အောင်ကြသော  ကျောင်းသား၊ ကျောင်းသူများလည်း    မလွှဲမရှောင်သာလို့အတန်းတင်ပေးလိုက်ရသော Moderation (စားပွဲထိုင်အအောင်ပေး) ကျောင်းသား၊ ကျောင်းသူများဆိုသည်ကို နောက်မှသိရသည်။

အကြိုတက္ကသိုလ်ဝင်တန်းကျောင်းသား

၁၉၆၅-၁၉၆၆ ပညာသင်နှစ်အရောက်မှာတော့ ကျွန်းစဉ်သားလေး ကျွန်တော်နဝမတန်းခေါ် အတန်းအမှတ်စဉ် ကိုးတန်းသို့ ရောက်ရှိခဲ့ပါလေပြီ။ တစ်နည်းအားဖြင့် ၁၀ တန်းဆိုလျှင် တက္ကသိုလ် ဝင်တန်းရောက် တော့မှာဖြစ်လို့   ကိုးတန်းကို   အကြိုတက္ကသိုလ်ဝင်တန်းဟုလည်း ခေါ်ကြလေ၏။ ပညာရေးဌာနက သတ်မှတ်သည်မှာတော့ H.S.F (High School Final) (တန်းမြင့်ကျောင်းထွက် လက်မှတ်ရစာမေးပွဲ)။  ဤစာမေးပွဲကိုအောင်လျှင် တက္ကသိုလ်ဝင်တန်း (၁၀-တန်း) သို့ တက်လို့ရသည်။ တက္ကသိုလ်ဝင်တန်းမတက်တော့ဘဲ ပညာရေးဌာနသို့ဝင်လျှင် မူလတန်းပြဆရာဖြစ်သည်။ ရုံးဌာနတစ်ခုခု သို့ဝင်လျှင်  အောက်တန်းစာရေးရသည်။ မည်သို့ပင်ဆိုစေကာမူ ဘဝရပ် တည်ရေးအတွက် အမှီအခိုလေး တစ်ခုရသွားသည်ဟု ဆိုရမည်ဖြစ်ပေသည်။

ဆက်လက်ဖော်ပြပါမည်။