ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်
မြန်မာဗျည်းအက္ခရာများ
(၁၉-၈-၂၀၂၄ ရက်နေ့မှအဆက်)
ဈ/ ဇာ့မျင်ဇွဲ /
ဈ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ကိုးလုံး မြောက် ဗျည်းအက္ခရာဖြစ်သည်။ ဈမျဉ်းဆွဲဟုခေါ်သည်။ စ ဆ ဇ ဈ ည ဟူသော စဝဂ်အက္ခရာငါးလုံးတွင် စတုတ္ထဗျည်းအက္ခရာဖြစ်ခြင်း ကြောင့် စဝဂ်၏ စတုတ္ထက္ခရာဟုခေါ်သည်။ ပါဠိဘာသာတွင် သံထင်သံတင်း ဗျည်းဖြစ်သည်။ ဃောသဓနိတဖြစ်သည်။ မြန်မာဘာသာတွင်မူ သံထင်သံလျော့နှင့် သံထင်သံတင်းကို မခွဲနိုင်ကြပေ။ ဃောသသိထိလ နှင့် ဃောသဓနိတကို မခွဲနိုင်ကြပေ။ တစ်နည်းအားဖြင့်ဆိုသော် တတိယက္ခရာနှင့် စတုတ္ထက္ခရာကို အသံမခွဲနိုင်ကြပေ။ မြန်မာဘာသာ တွင် တတိယက္ခရာရော စတုတ္ထက္ခရာပါ အနက်မရှိသဖြင့် အသံမခွဲ နိုင်သော်လည်း ပြဿနာမရှိပါ။ တတိယက္ခရာနှင့် စတုတ္ထက္ခရာကို အသံမခွဲဘဲ တတိယက္ခရာအသံသာရှိသဖြင့် စတုတ္ထက္ခရာ ဈ ကို တတိယက္ခရာ ဇ သံဖြင့်ပင် ရွတ်ဖတ်ကြသည်။ ပါဠိဘာသာ၊ သက္ကတ ဘာသာတို့တွင် ဃျဟု အသံထွက်သည်။ အာစောက်ဗျည်းဖြစ်သည်။ မြန်မာဘာသာတွင် ဇ ရော ဈ ပါ ဇ ဟု အသံထွက်သဖြင့် သွားရင်းဌာန် ဖြစ် ဗျည်းဖြစ်သည်။ ဈ ၏ အမည်ကို ယခုအခါ ဈမျဉ်းဆွဲဟု သတ်မှတ် ခေါ်ဝေါ်သည်။ စလုံးအက္ခရာနှင့်တူသော ဗျည်းအက္ခရာ၏ ဘေး၌ကပ် လျက် ယပင့်သဏ္ဌာန်နှင့်တူသော မျဉ်းကိုဆွဲ၍ ရေးထားသောကြောင့် ဈမျဉ်းဆွဲဟု ခေါ်ဆိုကြခြင်းဖြစ်မည်။ ဒုတိယကျော်အောင်စံထား ဆရာတော်ကမူ ဈမြင်ဆွဲဟု ခေါ်ဝေါ်ခဲ့သည်။ ဆရာတော်၏ အာဘော်ကို ထောက်သော် ဈမြင်းဆွဲဟူ၍ ခေါ်ရာမှ နှုတ်တက်သလို ဈမြင်ဆွဲဟု ခေါ်ခြင်းဖြစ်သည်ဟု ဆိုလိုဟန်တူသည်။ ဈမြှင့်ဆွဲမှ ဈမြင်ဆွဲဖြစ်လာ သည်ဟုလည်း ကြံဆနိုင်သေးသည်။ ဈမျဉ်းဆွဲ(ဈမြင်ဆွဲ)နှင့် ပတ်သက် ၍ ဒုတိယကျော်အောင်စံထားဆရာတော်က အကျယ်တဝင့် ရှင်းပြ ထားသည်ကို တွေ့ရသည်။ ဆရာတော်၏အာဘော်ကို မပျက်စေဘဲ ချုပ်၍ဆိုရသော် “ဤ ဈမြင်ဆွဲအက္ခရာသည်ကား သံယုဂ်ကင်းလျက် ပင်။ အချို့ကားဆလိမ်တွင်မတင်၏သို့ ( မ္ဆ ) ရေးကုန်၏။ အချို့ကား စလုံးကို ယပင့်၏သို့ (ဈ) ရေးကုန်၏။ အချို့ကား စလုံးရေးပြီးလျှင် နောက်အဖို့၌ ဥ ဦးခေါင်းထုတ်သကဲ့သို့ ( ) သအက္ခရာ၌ နောက်ထက် ဝက်အဖို့ကဲ့သို့ ရေးကုန်၏။ ထိုသို့ရေးရာ၌ ဆလိမ်ကို မ အက္ခရာတင်၏ သို့ ရေးခြင်းသည် အက္ခရာနှစ်လုံးကဲ့သို့၊ ဇကွဲဆင့်ပြန်လျှင် သုံးလုံးကဲ့သို့ ထင်မှားဖွယ်ရှိသောကြောင့် လည်းကောင်း၊ ရှေးရှေးနှောင်းနှောင်း၊ အသုံးအစွဲ နည်းရာသောကြောင့်လည်းကောင်း၊ ဈမြင်ဆွဲ ဟူသော ဝေါဟာရနှင့် လျော်အံ့သို့မရှိသောကြောင့်လည်းကောင်း သင့်နိုးအံ့ မထင်။ စလုံးကို ယပင့်ရေးသည်မှာလည်း ယပင့်ကြိမ်လတ်သော် နှစ်ထပ်ပင့်သကဲ့သို့ ရှိခဲ့သောကြောင့်လည်းကောင်း၊ ရစ်ရသောအရာ၌ ပင့်လည်းပင့်၊ ရစ်လည်းရစ်မရှိရာသောအရာကို ရေးဘိသကဲ့သို့ လည်းကောင်း ထင်မှားဖွယ်ရှိသောကြောင့် မသင့်နိုး။ စလုံးရေးပြီးလျှင် ဥ ဦးခေါင်းထုတ်သကဲ့သို့ သ ၏နောက်ထက် ဝက်ကဲ့သို့ရေးသည်ကား ဈမြင်ဆွဲဟူသော ဝေါဟာရ၌ စလုံး၏အသွင် ရှေ့ထက်ဝက်အဝန်း သည်ကား မြင်းဆက် (ဇက်) သံကွင်းသဖွယ်၊ ဥ ဦးခေါင်းတပ်၏သို့၊ နောက်ထက်ဝက်အဖို့သည်ကား မြင်းဆက် (ဇက်) သံကွင်းဝယ် အစွဲပြု၍ချည်သော ဆက်(ဇက်) ကြိုးကဲ့သို့ လျော့လျော့ကျကျ အတင့် အတယ် အဖြည်းအညင်း ဆွဲကိုင်သော အခါကဲ့သို့ အသွင်တူအံ့သည်ကို ထောက်သဖြင့် ဈမြင်ဆွဲဟူသော ဝေါဟာရနှင့် လျော်အံ့သို့ရှိ၏” ဟု ရှင်းပြထားပါသည်။
ဤတွင် ထပ်ဆင့်၍ ရှင်းလင်းရန် ရှိပါသေးသည်။ ဈမျဉ်းဆွဲ သည် စလုံးယပင့်လည်းမဟုတ်ပါ။ ဇကွဲတွင် ဟဆွဲထားသည်လည်း မဟုတ်ပါ။ ဇကွဲသည် အက္ခရာတစ်လုံး၊ ဈမျဉ်းဆွဲသည် သီးခြား အက္ခရာတစ်လုံးဖြစ်ပါသည်။ မြန်မာအက္ခရာများအခြေခံရာ ဗြာဟ္မီ အက္ခရာတွင် ဈမျဉ်းဆွဲသည် ဤသို့ (Y ) သဏ္ဌာန်ရှိသောကြောင့် မူလ ဈမျဉ်းဆွဲ၏ပုံသဏ္ဌာန်သည် အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါသည်။ ယခင်က မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဈမျဉ်းဆွဲ ဗျည်းအက္ခရာကို စလုံးယပင့်လျက် ရေးဆွဲခဲ့သဖြင့် စလုံးယပင့်နှင့် ဈမျဉ်းဆွဲ မခွဲခြားနိုင်ပါ။ ယခုအခါ ယူနီကုဒ်စနစ် မြန်မာစာတွင် ဈမျဉ်းဆွဲကို စလုံးယပင့်နှင့်ကွဲအောင် ပုံရိပ်ဖော်ထားပါသည်။
အထူးမှတ်ရန်မှာ ယခင်ကဈမျဉ်းဆွဲကို စုတ်ချက်သုံးချက်ဆွဲ၍ ရေးရသော်လည်း ယခုအခါ ဈမျဉ်းဆွဲသည် စုတ်ချက်နှစ်ချက်ဆွဲအက္ခရာ ဖြစ်ပါသည်။
ည/ညာ့/
ည သည်မြန်မာဗျည်းအက္ခရာသုံးဆယ့်သုံးလုံးတွင် ဆယ်လုံး မြောက် ဗျည်းအက္ခရာဖြစ်သည်။ သီးခြားနာမည်မရှိ။ ည ဟုပင် ခေါ်သည်။ စဝဂ်ဗျည်းငါးလုံးတွင် ပဉ္စမဗျည်းအက္ခရာ ဖြစ်ခြင်းကြောင့် စဝဂ်၏ ပဉ္စမက္ခရာဟုခေါ်သည်။ စဝဂ်တွင် နောက်ဆုံးဗျည်းအက္ခရာ ဖြစ်ခြင်းကြောင့် ဝဂ္ဂန္တဗျည်းဟုလည်းခေါ်သည်။ သံထင်သံလျော့ဗျည်း ဖြစ်သည်။ အာစောက်၌ဖြစ်သော အက္ခရာဖြစ်သည်။ သို့ရာတွင် နှာခေါင်းမှလည်း လေထွက်မှုထင်ရှားသောကြောင့် နိဂ္ဂဟိတ်ဗျည်း ဟုလည်းခေါ်သည်။ အာစောက်နှင့် နှာခေါင်းနှစ်ဌာန် တစ်ပြိုင်တည်း ဖြစ်ခြင်းကြောင့် ဒွိဇဗျည်းဟုလည်းခေါ်သည်။ အထူးမှတ်သားရသည် မှာ ညကြီးနှင့် ဉကလေးဟူ၍ နှစ်မျိုးရှိသည်။ ပါဠိဘာသာတွင် ဉ ကလေးသာရှိပြီး ညကြီးမရှိပါ။ မြန်မာဘာသာတွင် ညကြီးသာရှိပြီး ဉကလေးမရှိပါ။ ပါဠိဘာသာတွင် အညမည၊ ပညာ၊ ဝိညာဏ၊ ပုည စသည်တို့မှ ညကြီးဆိုသည်မှာ ဉကလေးနှစ်လုံး ဆင့်ထားခြင်းဖြစ် သည်။ မြန်မာဘာသာတွင် ဉကလေးဖြင့် အနက်ထင်သော ဝေါဟာရ မရှိပါ။ မြန်မာဘာသာတွင် ညကြီးသတ်နှစ်မျိုးရှိသည်။ ဖွင့်ရွတ်ညကြီးသတ်နှင့် ပိတ်ရွတ် ညကြီးသတ်ဖြစ်သည်။ အသတ်ကွဲပြားစေရန် ဖွင့်ရွတ်ကို ညကြီးသတ်သုံးပြီး ပိတ်ရွတ်ညကြီးသတ်ကို ဉကလေး သတ်နှင့် ဖလှယ်ထားခြင်းဖြစ်ပါသည်။ မြန်မာမင်းများလက်ထက်က ဉကလေးသတ်သည် ဦးခေါင်းမဲ့ ဉဖြစ်သဖြင့် မင်္ဂလာမရှိဟုယူဆပြီး ညကြီးသတ်ကိုသာ သုံးသည်ဟုဆိုသည်။ ညနှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် ပါဠိဘာသာ ဉကလေးကို ပဓာနထားပြီး “ဉအက္ခရာ၌ သင်္ကေတကား ဦးခေါင်းမဲ့ ဦးခေါင်းရှိသာထူး၏။ ထိုတွင် ပါဠိပါကန်တို့၌ကား ဦးခေါင်း ထုတ်သည့် သံယုဂ်ပင်ဖြစ်သောကြောင့် သံယုဂ်မလိုရာ၌ မသင့်။ ဉ ဦးခေါင်းထွက် သံယုဂ်ရှိရာသည်ကား ကညာ၊ ပညာ၊ သညာ စသည် တို့ကဲ့သို့ ရှေ့၌ တစ်လုံးသောအက္ခရာရှိ၏” ဟု အစချီကာ အကျယ်တဝင့် ရှင်းပြထားလေသည်။
ညကြီးသည် စုတ်ချက်နှစ်ချက်ဆွဲ အက္ခရာ၊ ဉကလေးသည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။
ဋ / တာ့တလင်းဂျိတ် /
ဋ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်တစ်လုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဋသန်လျင်းချိတ်ဟုခေါ်သည်။
သန်လျင်းဆိုသည်မှာ ထမ်းပိုးတွင် ချိတ်ဆွဲ၍ရှေ့နောက်ထမ်းရသော ထိုင်စရာထမ်းစင်ဖြစ်သည်။ သန်လျင်းချိတ် ဆိုသည်မှာ ထမ်းပိုးနှင့် သန်လျင်းကို ချိတ်ဆွဲထားသော သံချိတ်ဖြစ်သည်။ ဋ ဌ ဍ ဎ ဏ ဟူသော ဋဝဂ်ဗျည်းငါးလုံးတွင် ပထမဗျည်းအက္ခရာဖြစ်သည်။ ထို့ကြောင့် ဋဝဂ်၏ ပထမက္ခရာဟုခေါ်သည်။ သံနုံ့သံလျော့ဗျည်း ဖြစ်သည်။ သံညင်းသံလျော့ဟုလည်းဆိုကြသေးသည်။ ပါဠိဘာသာ ဖြင့် အဃောသသိထိလဖြစ်သည်။ စင်စစ်အားဖြင့် ဋဝဂ်ဗျည်းငါးလုံး စလုံး မြန်မာမှု၌ အနက်မရှိပေ။ ဋဝဂ်တစ်ခုလုံး လျှာထိပ်အရပ်တွင် ဖြစ်သဖြင့် ဋ ကို လျှာထိပ်အက္ခရာဟုဆိုရသည်။ ပါဠိဘာသာအားဖြင့် မုဒ္ဓဇအက္ခရာဟုခေါ်သည်။ ပါဠိသဒ္ဒါအရလည်း မုဒ္ဓဇအက္ခရာဟုပင် သတ်မှတ်သည်။ မုဒ္ဓါသဒ္ဒါသည် ဦးခေါင်း၊ ထိပ်၊ ဦးထိပ်ဟောဖြစ်သည်။ မုဒ္ဓဌာန်သည် လျှာထိပ်အရပ်၊ အာခေါင်အရပ် မုဒ္ဓဌာန်ကို ဟောရာ မုဒ္ဓဇအက္ခရာကိုလျှာထိပ်အက္ခရာဟုဆိုရသည်။ လျှာ၏ထိပ် လျှာ၏ အထက်ဖြစ် အက္ခရာဟူသောအနက်ဖြင့် မုဒ္ဓဇအက္ခရာ လျှာထိပ် အက္ခရာဟု ခေါ်ခြင်းဖြစ်သည်။ (ယခုအခါ အာထိပ်အက္ခရာဟု တွင်နေ သည်။) ဋသန်လျင်းချိတ်နှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထား ဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် “ဋသန်လျင်းချိတ် အက္ခရာ၏ သင်္ကေတကား ဋခြေစင်းဟူ၍ အချို့သော သူဟောင်းတို့ ခေါ်ဝေါ်သည်ကို လိုက်၍လည်းကောင်း၊ သန်လျင်းချိတ်ဟူသည်ကို လိုက်၍လည်းကောင်း သန်လျင်းချိတ်သဖွယ် အကွေ့အညောင်းရေးပြီးလျှင် ခြေစင်းဟူသည်နှင့်အညီ အမြီးအခြေကို ရှေ့သို့လည်း ကောင်း၊ နောက်သို့လည်းကောင်း စင်းစင်းရေးရ အံ့သို့ရှိ၏။ ခြေစင်းဟူသည်တွင် စင်း၏ဟူသည်ကား အစောက် မတ်လတ်ထောင်လျက် ရှိသည်ကို ဆိုလိုသောအရာသည် နည်းအံ့သည်။ ပြန့်ပြန့်လျားလျား စင်း၏သို့လဲလျက်တည်သောအရာကိုသာ စင်းလျင်းဟူ၍ ဆိုသော အရာများ၏။ ထိုကိုထောက်၍ ရှေ့နောက် အမှတ်မဲ့ စင်းစင်းပြန့်ပြန့် လျားလျား ရေးရအံ့သို့ရှိသည်။ ထိုတွင် ရှေ့နောက်အားဖြင့် စင်းလျင်း ရေးချေသော် ရှေ့နောက်အက္ခရာတို့နှင့် ထွေးယှက်ဖွယ်ရှိ၏။ ခြေဆင်း ဟူ၍ ဆလိမ်အက္ခရာဖြင့် ခေါ်ဝေါ်မူကား . . . ခြေဆင်းဟူသည်တွင် သစ်မြစ်ဆင်းသည် ဟူသကဲ့သို့ နိမ့်ရာ အောက်အဖို့သို့ လျှောသည်၊ ကျသည်ကို ယူသင့်သောကြောင့်တစ်ကြောင်း၊ သာရုပ္ပရှိပါသည် တစ်ကြောင်းဖြစ်၍ အောက်သို့ ယိမ်းလျက် အခြေထားသည်ဟု ယူသင့် ၏” ဟု ရှင်းပြထားပါသည်။
ဋကို ဋတလင်းချိတ်၊ ဋသလင်းချိတ်၊ ဋ တနင်းချိတ်၊ ဋ တယင်း ချိတ်၊ ဋတညင်းချိတ် စသည်ဖြင့် ဒေသအလိုက် အမျိုးမျိုးခေါ်ဝေါ်ကြ သော်လည်း ဋ၏ အမည်မှန်၊ စာလုံးပေါင်းအမှန်မှာ ဋသန်လျင်းချိတ် ဖြစ်သည်။
ဋသန်လျင်းချိတ်သည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)