ယမန်နေ့မှအဆက်
ကျောင်းဆရာဖြစ်ချင်လွန်းလို့ မြို့ပြအရပ်မှာ ကျောင်းလာတက်နေသည့် ကျွန်တော် လုပ်ငန်းခွင် ဝင်နိုင်မည့် တန်းမြင့်ကျောင်းထွက် လက်မှတ်ရ စာမေးပွဲဖြေဆိုဖို့ ကျောက်ဖြူမြို့ကြီးသို့ ရောက်လာ ခဲ့ပြန်ပြီ။ နှစ်တိုင်းလိုပဲ မိုးဦးကျ ကျောင်းအပ်ရာသီ မှာ ထမင်းစားစရိတ်အဖြစ် အကြိုဆန် သံတောင်း၄၀ ကိုလည်း တစ်ပါတည်းယူဆောင်လာခဲ့သည်။ ကျွန်တော်တို့မိဘများမှာ လယ်လုပ်သူများမဟုတ်ကြ၍ အဖေ၊ အမေတို့ ချွေးနှဲစာထဲက ကုတ်ခြစ်ပြီး လယ်သမားများဆီက ဝယ်ခြမ်းရသည်။
သံတောင်း ၄၀ ဆိုသည်မှာ -
နို့ဆီဘူး ၂ ဘူး သည် ၁ စလယ်
၂ စလယ် (နို့ဆီဘူး ၄ ဘူး) သည် ၁-သိုက်
၃ သိုက် (နို့ဆီဘူး ၁၂ ဘူး) သည် ၁- ဘဝါ
၂ ဘဝါ (နို့ဆီဘူး ၂၄ ဘူး) သည် ၁- ဖလား
၂ ဖလား (နို့ဆီဘူး ၄၈ ဘူး) သည် ၁- သံတောင်း
သို့ဖြစ်၍ အလီတိုင်ဆိုလျှင်
နို့ဆီ ၂ ဘူး = ၁ စလယ်
၂ စလယ် = ၁ သိုက်
၃ သိုက် = ၁ ဘဝါ
၂ ဘဝါ = ၁ ဖလား
၂ ဖလား = ၁ သံတောင်း
ထပ်ဆင့်ပြောရသော်
၁ စလယ်တွင် နို့ဆီ ၂ ဘူးရှိသည်။
၁ သိုက်တွင် နို့ဆီ ၄ ဘူး (၂ စလယ်)ရှိသည်။
၁ ဘဝါတွင် နို့ဆီ ၁၂ ဘူး (၆ စလယ်) (၃ သိုက်) ရှိသည်။
၁ ဖလားတွင် နို့ဆီ ၂၄ ဘူး (၁၂ စလယ်) (၆ သိုက်) (၂ ဘဝါ) ရှိသည်။
၁ သံတောင်းတွင် နို့ဆီ ၄၈ ဘူး (၂၄ စလယ်)
(၁၂ သိုက်) (၄ ဘဝါ) (၂ ဖလား) ရှိသည်။
မာန်အောင်ကျွန်းသူအဘွားမှာ ဇရာပိုင်းရောက်နေ သော်လည်း ကျန်းမာသည်။ ထို့ကြောင့် သူ ဆေးရွက် ကြီးအလုပ်ကို လုပ်မြဲလုပ်သည်။ ကျွန်တော့်ကိုလည်း ကိုယ့်သား၊ ကိုယ့်မြေးအရင်းလိုပဲ တတ်နိုင်သလောက် ချက်ပြုတ်ပေးသည်။ စာကြိုးစားဖို့ ဆုံးမသည်။ ကျွန်တော်ကလည်း အားလပ်ချိန်လေးများမှာ အိမ်မှုကိစ္စများကို နိုင်သလောက် ကူညီလုပ်ကိုင်ပေးသည်။ ဆေးရွက်ကြီး အရောင်းအဝယ်ကိစ္စနဲ့ အဘွားခိုင်းလျှင် ကျွန်တော် ဟိုနား၊ ဒီနားသွားပေးရသည်။
- - - - - - - - - - - - - - - - - -
"မောင်ဘညွန့်ရေ စာမေးပွဲကြီးနီးပြီနော် ဘယ်လို လဲ စာတွေ၊ ကဗျာတွေရေးတုန်းပဲလား"
အတန်းပိုင်ဆရာမ ဒေါ်စောရည်စကားကြောင့် ကျွန်တော် မည်သို့ပြန်ပြောရမှန်းမသိ ဖြစ်သွားသည်။
"စာကြိုးစားရမယ်၊ စာမေးပွဲအောင်လို့ရှိရင် အလုပ်တစ်ခု ဝင်လုပ်လို့ရတယ်၊ ကိုယ်ဝါသနာပါတဲ့ စာပေကိုလည်း ကောင်းကောင်း လုပ်လို့ရတာပေါ့ကွယ်"
"ဟုတ်ကဲ့ပါ ဆရာမ"
"လပတ်စာမေးပွဲတွေမှာရတဲ့ ရမှတ်တွေကို
ဆရာမ မကြိုက်ဘူးနော်။ သင်္ချာ(၁)ရော၊ သင်္ချာ(၂) ရော ကျတယ်။ အောင်တဲ့ဘာသာတွေလည်း ၆၀ ကျော်တာ မြန်မာစာတစ်ဘာသာပဲရှိတယ်"
ကျွန်တော် ကိုယ့်အပြစ်ကို ရှက်သလိုလိုတွေ့သွား သည်။ ဆရာမ ဆုံးမစကားက နှစ်ကိုယ်ကြားလိုဖြစ်နေ၍ တော်သေးသည်ဟု နှလုံးပိုက်မိလိုက်၏။ ထိုစဉ် ရုံးအကူရောက်လာပြီး အတန်းပိုင်ဆရာမ ဒေါ်စောရည်ကို စာရွက်တစ်ရွက်ပေးသည်။ ဒေါ်စောရည် စာကိုလှမ်းယူပြီး ဖတ်ကြည့်လိုက်၏။ ဆရာမ၏ မေတ္တာပြည့်မျက်နှာပြင်လေးမှာ အပြုံးပန်း များ ဖြာဝေသွားသည်။ ကျောင်းသား၊ ကျောင်းသူ
များမှာလည်း ဆရာမ၏ ပြုံးရယ်ခြင်းအဓိပ္ပာယ်ကို မသိသော်လည်း ဆရာမ၏မေတ္တာဓာတ်ကြောင့် ပြုံးရယ်မိလျက်သား ဖြစ်နေကြပါတော့သည်။ ဆရာမ မှာ စာရွက်ကလေးကိုကိုင်ပြီး တပည့်များကို အပြုံးတစ်ပွေ့တစ်ပိုက်နဲ့ လှမ်းကြည့်လိုက်၏။
"ကဲ ဒီမှာ အကုန်လုံးနားထောင်ကြပါ"
ကျောင်းသား၊ ကျောင်းသူများ တိတ်ဆိတ်နေကြ၏။
"ဒီနှစ် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် (၉)တန်းနှင့် (၁၀) တန်း ကျောင်းသား၊ ကျောင်းသူတွေ ကျောင်းတွင်းကျောင်းပြင် အကုန်လုံးပဲ မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့တယ်လေ မှတ်မိကြလား"
"မှတ်မိပါတယ် ဆရာမ"
"အဲဒီစာစီစာကုံးပြိုင်ပွဲမှာ ပထမ၊ ဒုတိယ၊ တတိယ ရကြတဲ့ ကျောင်းသား သုံးဦးနဲ့ အထူးဆု နှစ်ဆု အကုန်လုံး ငါးဆုပေါ့နော်။ အဲဒါ အခု ဒီမှာ ဆုစာရင်း လာပြီနော်"
ကျောင်းသား၊ ကျောင်းသူများ အကုန်လုံး အထူးစိတ်ဝင်စားသွားကြသည်။
"ပထမရတာကတော့ ဆရာမအတန်းက ဆရာမ တပည့် ကိုးတန်းကျောင်းသား မောင်ရွှေပြားပဲ"
အတန်းသား၊ အတန်းသူများအားလုံး တစ်ယောက် မျက်နှာတစ်ယောက် ကြည့်လိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ကိုးတန်း (ဂ) တွင် မောင်ရွှေပြားဟူသည် မရှိ၍ပင် ဖြစ်သည်။
"ကြောင်နေကြပြီမဟုတ်လား၊ အဲဒါ စာဖတ်မှု အားနည်းတာ၊ စာပေလေ့လာမှုအားနည်းတာကို ပြတာလေ" ကျောင်းသား၊ ကျောင်းသူများမှာ ဆရာမ ကို အဓိပ္ပာယ်ရှာသည့် မျက်လုံးအစုံစုံနဲ့ စိုက်ကြည့်နေကြ၏။
ဆက်လက်ဖော်ပြပါမည်။