အားလုံးအတွက် ကျောင်းကျန်းမာရေး

အားလုံးအတွက် ကျောင်းကျန်းမာရေး

ယနေ့ကမ္ဘာသည် ပညာခေတ်ဖြစ်သည်။ မြန်မာနိုင်ငံသည် ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကိုတည်ဆောက်ရန်မျှော်မှန်းချက်ထားရှိသည့်အတိုင်း  ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးကို  တည်ဆောက်ရန် ပညာရေးကဏ္ဍကို အထူးအလေးပေး

ဆောင်ရွက်နေသည်။ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ပညာရေး၏ အခြေခံအုတ်မြစ်ဖြစ်သော အခြေခံပညာကျောင်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊  ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ အခြေခံပညာကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ဆရာ၊ ဆရာမများ အရည်အချင်းပြည့်ဝစေရန်နှင့်  ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်ဝစေရန်အတွက် အခြေခံကျန်းမာရေးကောင်းမွန်ရန် လိုအပ်သည်။

အခြေခံကျန်းမာရေး ကောင်းမွန်စေရန်နှင့် ကျန်းမာရေးအမူအကျင့်ကောင်းများ အစပြုရန် စာသင်ကျောင်းများမှ ကျန်းမာရေးနှင့်ညီညွတ်သော အပြုအမူပုံစံအမျိုးမျိုးကိုစတင်နိုင်ပြီး ထိုအပြုအမူများသည် ကလေးဘဝတွင်   ပုံမှန်ပုံစံဖြစ်လာပါက ကျောင်းသည် ကျောင်းသားများအတွက်

ရနိုင်သော အခွင့်အလမ်းများကို အာရုံစိုက်နိုင်သည့်နေရာဖြစ်သည်။ ကျန်းမာရေးနှင့်ညီညွတ်သော   အစားအသောက်များစားသုံးခြင်း အလေ့အကျင့်များသည် ကျောင်းနေကလေးများ၏     အနာဂတ်ကျန်းမာရေးကိုသက်ရောက်စေနိုင်သည်။  

ကလေးတွေ ကျန်းမာစွာသင်ယူဖို့၊ ပညာတတ်ဖို့လိုအပ်သည်။  ကျောင်းများသည် ကလေးများ၏ ကျန်းမာရေးကို ကာကွယ်ရန် လိုအပ်သော အသိပညာ၊ စိတ်နေသဘောထားနှင့်အရည်အချင်းများ   ဖြည့်ဆည်းပေးရာတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်သည်။ ကလေးငယ်များကျန်းမာစွာ သင်ယူနိုင်စေရေးသည် ထိရောက်သော ပညာရေးစနစ်၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ယနေ့ကမ္ဘာပေါ်ရှိ  ဆယ်ကျော်သက်အရွယ် ၁ ဒသမ ၂  ဘီလီယံသည် ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံ (၁၈ ရာခိုင်နှုန်း) ကျော်ကို ကိုယ်စားပြုသည်။ တစ်ကမ္ဘာလုံးတွင် အလယ်တန်းကျောင်းနေအရွယ် ကလေးများ၏ (၈၀ ရာခိုင်နှုန်း) ကျော်သည် ကျောင်းတွင် ၎င်းတို့အချိန်၏ သုံးပုံတစ်ပုံကို ကုန်ဆုံးလေ့ရှိသည်။  တစ်သက်တာတွင်  ကျောင်းစာသင်နှစ်များသည် ကျန်းမာရေးမြှင့်တင်မှုကို အထောက်အကူဖြစ်စေမည်ဖြစ်သည်။ ကူးစက်ရောဂါများ၊ မတော်တဆ  ထိခိုက်ဒဏ်ရာရမှုများ၊ အာဟာရချို့ယွင်းမှု၊  မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်များသည်   ကျောင်းနေကလေးများတွင် ကြုံတွေ့ရလေ့ရှိသော    ကျန်းမာရေးပြဿနာများဖြစ်သည်။

အမူအကျင့်များသည်  ဘဝအစငယ်ရွယ်စဉ်ကတည်းကဖြစ်ပေါ်လာပြီး ၎င်းအမူအကျင့်ကိုပြောင်းလဲနိုင်ရန်  ခက်ခဲတတ်သည့်အပြင် ဘဝတစ်သက်တာလုံးအတွက် အကျိုးသက်ရောက်မှု   ရှိစေနိုင်သည်။  ကျောင်းသားအရွယ်သည်   ၎င်းတို့၏ ကျန်းမာရေးနှင့်   အလုံးစုံဖွံ့ဖြိုးရေးကို အားပေးနိုင်သည့် အခွင့်အလမ်းများရှိသကဲ့သို့ ယိုယွင်းစေနိုင်သည့် အခွင့်အလမ်းများလည်း များစွာရှိနေနိုင်သည့် အသက်

အရွယ်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့်   အမူအကျင့်များကို ကျောင်းသားအရွယ်ကတည်းက   ပြုစုပျိုးထောင်ပေးရန် အလွန်အရေးကြီးသည်။

ကျောင်းများသည်  ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည့် အလေ့အကျင့်ကောင်းများ၊ လူမှုရေးစံချိန်စံညွှန်းများ (Social norms) ကို ပြုစုပျိုးထောင်ပေးနိုင်သည့် အကောင်းဆုံးနေရာများဖြစ်သည်။

ကျောင်းများတွင် ကျန်းမာရေးအသိပညာတိုးပွားရေးနှင့် ကျောင်းသားလူငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် မူကြိုနှင့်မူလတန်း ကျောင်းများတွင် အစာအာဟာရမျှတစွာ စားသုံးတတ်လာစေရေးအတွက်  အာဟာရပညာပေးရန်၊   ကျောင်းဈေးသည်များနှင့် ကျောင်းဈေးဆိုင်များအား  စနစ်တကျစစ်ဆေးပြီး အန္တရာယ်ကင်းတဲ့ အစားအသောက်များရောင်းချရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်

သည်။

အမျိုးသားယဉ်ကျေးမှုအစ  စာသင်ကျောင်းကဟု ဆိုကြသလို  အမျိုးသား ကျန်းမာရေးအစ  စာသင်ကျောင်းကဟု ပဲ့တင်လိုက်ချင်သည်။ ငယ်စဉ်ကာလကတည်းက  ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို     လေ့ကျင့်သင်ကြားပေးရာတွင်  စာသင်ကျောင်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါသည်ကို နိုင်ငံတကာသုတေသန လေ့လာချက်များက ဖော်ပြထားသည်။ ကျောင်းများ

ကိုအခြေပြုသော ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများသည်  ငွေကုန်သလောက် ရေတို၊ ရေရှည်တွင်  အကျိုးများသည်။

ထို့ကြောင့် ရင်းနှီးမြှုပ်နှံသင့်သည်။

မြန်မာနိုင်ငံ  ကျောင်းသားလူငယ်တစ်ရပ်လုံးတွင်  ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ    (Healthy   Life  Styles)  သိရှိကျင့်သုံးစွဲမြဲစေရန်နှင့်  ကျန်းမာရေးအဆင့်အတန်း မြင့်မားတိုးတက်လာစေရန်ရည်ရွယ်ပြီး  ကျန်းမာရေးမြှင့်တင်ကျောင်းများကို   တစ်နိုင်ငံလုံး လွှမ်းခြုံမှုရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။

ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံတစ်ဝန်း အခြေခံပညာကျောင်းများတွင်  သြဂုတ်လအတွင်း၌ ကျောင်းကျန်းမာရေး  ရက်သတ္တပတ်လှုပ်ရှားမှုများ   ကျင်းပဆောင်ရွက်ပြီး အများအားဖြင့် ကျောင်းကျန်းမာရေးတွင် -

•                             ကျောင်းတွင်း   အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများအန္တရာယ်ကင်းဝေးရေးလုပ်ငန်း၊

•                             သန်ချဆေးတိုက်ကျွေးခြင်းလုပ်ငန်း၊

•                             အိုင်အိုဒင်းဆား စားသုံးမှု ရှိ၊ မရှိ စစ်ဆေးခြင်း၊

•                             ဗီတာမင်-အေ တိုက်ကျွေးခြင်း (သံဓာတ်ဆေးပြားတိုက်ကျွေးခြင်း)၊ အာဟာရ             ပညာပေးခြင်းနှင့် 

•                             သွားနှင့်ခံတွင်း ကျန်းမာရေးတို့ ပါဝင်သည်။

ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာများ အန္တရာယ်ကင်းရေးအပြင် ကျောင်းတွင်းအာဟာရကို စနစ်တကျ အကောင်အထည်ဖော်ခြင်းသည် ကျောင်းသားလူငယ်များတွင် အစားအသောက်ဓလေ့ကောင်းများ ဖြစ်ထွန်းစေရုံသာမက ကျန်းမာရေး၌လည်း အာမခံချက်ရှိပြီး များစွာအထောက်အကူဖြစ်စေနိုင်သည်။

ကျောင်းသား၊ ကျောင်းသူများသည် ကျောင်းသင်ခန်းစာများ သင်ယူလေ့လာရာတွင် သန့်ရှင်းတဲ့ပတ်ဝန်းကျင်၊ ကျန်းမာတဲ့ကိုယ်ကာယနဲ့ ကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိမှ တင်းပြည့်ကျပ်ပြည့် အကျိုးကျေးဇူးရှိအောင်သင်ယူနိုင်မည်ဖြစ်သည်။ ကျောင်းများရှိ မုန့်ဈေးတန်းစားသောက်ဆိုင်များ

တွင်   သန့်ရှင်းလတ်ဆတ်ပြီး  အာဟာရဓာတ်ပြည့်ဝသော အစားအသောက်များ ရောင်းချခြင်းမရှိနိုင်သည်ကို   တွေ့ရှိရသည်။

ကျောင်းမုန့်ဈေးတန်းများအတွင်း FDA ထောက်ခံချက်နှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှု အာမခံချက်မရှိသော ပြည်ပက  ဝင်ရောက်လာသောမုန့်များမရောင်းချစေရေး  အဓိကထားတားမြစ်ရမည်ဖြစ်သည်။ ပြည်ပကဝင်ရောက်လာသော  မုန့်ပဲသရေစာများသည်  မည်သည့်ကုန်ကြမ်းပစ္စည်းများကို အခြေခံထုတ်လုပ်ထားမှန်းမသိရှိရသည့်အပြင်  ထုတ်လုပ်သည့်ရက်နှင့်  ကုန်ဆုံးရက်မပါရှိပေ။

ကျန်းမာရေးနှင့် အန္တရာယ်ကင်းရှင်းရေးအတွက်  ဓာတုဆိုးဆေးများ၊ ဆေးသကြားများနှင့် တာရှည်အထားခံအောင် စီမံထားရှိခြင်းတို့သည် အာဟာရတန်ဖိုးမရှိနိုင်သလို ရောဂါများအချိန်မရွေးပေးစေနိုင်သည်။ အထူးသဖြင့် နှစ်လွန်အေးခဲအသားများနှင့်စီမံထားသော အကင်ချောင်း၊ ရေညှိနှင့် ဝက်သားချောင်းတို့သည်   ထုတ်လုပ်ရက်စွဲမသိရှိနိုင်သလို မည်သည့်အသားက   ထုတ်လုပ်ထားကြောင်းကိုလည်း

သေချာမသိနိုင်ပါ။ အဆိုပါအစားအစာများသည်သန်ကောင်နှင့် အခြားအစာအဆိပ်သင့်စေသည့်ပစ္စည်းများ ကင်းရှင်းသော အစားအစာ ဖြစ်ကြောင်းကိုလည်း ထောက်ခံထားမှုမရှိသော  အစားအသောက်များဖြစ်သည်။

ကလေးများသည်   ရေဆာချိန်တွင် ရေကိုပဲသောက်သုံးသင့်သည်။ ဆိုးဆေးအနံ့နှင့် ဆေးသကြားများပါဝင်သော အချိုရည်ဘူးများကို သောက်သုံးခြင်းမှ ရှောင်ကြဉ်ရမည်ဖြစ်သည်။     ကျောင်းသား၊ ကျောင်းသူနှစ်ဦးတွင် တစ်ဦးမှာ ကာဗွန်ပါသော အချိုရည်များကို တစ်နေ့လျှင် တစ်ကြိမ်ထက် ပိုသောက်သုံးကြောင်း တွေ့ရှိရသည်။ ကျောင်းသား၊ ကျောင်းသူများ၏ ၄၆ ရာခိုင်နှုန်းမှာ ကျန်းမာရေးနှင့်မညီညွတ်သော အာဟာရတန်ဖိုးနည်း အသင့်စားအစားအစာများကို တစ်ပတ်လျှင် နှစ်ရက်ထက် ပိုစားသုံးကြောင်းတွေ့ရှိရသည်။ (နောက်ဆက်တွဲ  ဆိုးကျိုး

များမှာ - အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးနှင့် သွေးကြောရောဂါ၊ ကင်ဆာရောဂါ၊ အသည်းရောဂါနှင့် အခြား ကျန်းမာရေးပြဿနာများဖြစ်ပွားနိုင်သည်။)

အာဟာရဓာတ်လိုအပ်ချက်သည်လှုပ်ရှားပြေးလွှားဆော့ကစားတတ်သည့် ကျောင်းသား၊ ကျောင်းသူအရွယ်များတွင် သာမန်ထက် ပိုမိုလိုအပ်သည်။ ကျောင်းသား၊ ကျောင်းသူများသည် ကြီးထွားဆဲအရွယ်ဖြစ်သည့်အားလျော်စွာ  အသစ်အသစ်တည်ဆောက်နေသော သွေးသား

သစ်များအတွက်   အသားဓာတ်လိုအပ်သည်။

ကျောင်းသားအရွယ် ကလေးငယ်များသည် ငယ်ရွယ်နုနယ်သောအရွယ်ဖြစ်ပြီး ရောဂါများ ကပ်ငြိလွယ်သည်။ ကူးစက်တတ်သောရောဂါများ စုဝေးနေနိုင်သည့် အုပ်စုဖြစ်သည့်အတွက် ကလေးများသည် ရောဂါအလွယ်တကူ ပျံ့နှံ့ကူးစက်လွယ်စေဖို့  အခွင့်အလမ်းများ   များစွာရှိနေသည်။ အထူးသဖြင့်ကူးစက်တတ်သောရောဂါများအတွက် ကျောင်းကျန်းမာရေးစစ်ဆေးပေးရန် လိုအပ်သည်။ အသက်အငယ်ဆုံး မူလတန်း၊  KG တန်းကစလို့ အလယ်တန်း၊ အထက်တန်းကလေးများကိုပါ   ရောဂါစနစ်တကျစမ်းသပ်ပြီး စောစောစီးစီးကုသမှုခံယူစေရန် ဆောင်ရွက်ပေးဖို့ လိုအပ်သည်။

ကျောင်းသားအရွယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ရောဂါများမှာ-

(၁) သွားနှင့် ခံတွင်းရောဂါ၊

(၂) အာဟာရချို့တဲ့ရောဂါ၊

      (က) ဗီတာမင်ချို့တဲ့ရောဂါ၊

       (ခ) သွေးအားနည်းရောဂါ၊

           (ဂ) အာဟာရဓာတ်ချို့တဲ့ရောဂါ၊

(၃) အူနေကပ်ပါးရောဂါ၊ သန်လုံးကောင်၊

    သန်ချိတ်ကောင်၊ တုတ်ကောင်၊

(၄)အသက်ရှူလမ်းကြောင်းရှိ ရောဂါ

        များ (ဥပမာ- ပသိရောင်၊   လည်

         ချောင်းရောင်ရောဂါများ)

(၅)အရေပြားမှာဖြစ်ပေါ်တတ်သော     ရောဂါအမျိုးမျိုး၊

(၆)ရာသီနာရောဂါအမျိုးမျိုး၊ တုပ်ကွေး၊ ဝက်သက်၊ ရေကျောက်ရောဂါများနှင့်

(၇) မွေးရာပါရောဂါ၊ နှလုံးရောဂါ၊   အာခေါင်ကွဲခြင်း၊ ခြေလက်အင်္ဂါ  အသားပိုပါရှိခြင်း၊ ခြေလက်သိမ်  လှီခြင်း၊ စံချိန်မမီသောကလေးများ                ဖြစ်ခြင်း(Handicapped -Children) စသည်တို့ ဖြစ်ကြသည်။

ကျောင်းကျန်းမာရေးဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးပိုင်းဆိုင်ရာ ကောင်းမွန်သော အခြေအနေကိုရည်ညွှန်းသည်။

ကျောင်းအသိုင်းအဝိုင်းတွင် ရောဂါဘယမရှိခြင်းထက်ကျော်လွန်၍    ၎င်းသည် သင်ယူသူများနှင့် ကျောင်းဝန်ထမ်းများ၏    အကောင်းဆုံး  လုပ်ဆောင်နိုင်မှု အခြေအနေကို ရည်ညွှန်းသည်။

ဆရာ၊ ဆရာမများသည် ဘက်စုံပညာရေးကို   အကောင်အထည်ဖော်ရာတွင်နိုင်ငံတော်၏အနာဂတ်ကို ပခုံးပြောင်းတာဝန်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများနှင့်   နီးနီးကပ်ကပ် ထိတွေ့မှုအရှိဆုံးဖြစ်ရာ    နိုင်ငံတော်က မျှော်မှန်းသော  ပန်းတိုင်သို့ရောက်ရှိစေရန် ဖန်တီး

အပေးနိုင်ဆုံး  ဗိသုကာပညာရှင်များဖြစ်သည်နှင့်အညီ မိမိတို့၏ဘာသာရပ်များကို သင်ကြားပေးရုံသာမက   ကျန်းမာသန်စွမ်းသော လူငယ်များ ဖြစ်လာစေရန်လည်း တာဝန်ယူဆောင်ရွက်ကြရမည်ဖြစ်သည်။

ကျောင်းကျန်းမာရေးစစ်ဆေးမှုများသည်  အခြေခံပညာကျောင်းများသို့ ပညာသင်နှစ်  တစ်နှစ်လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ဝင်ရောက်စစ်ဆေးနိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ အချိန်မရွေးဖြစ်ပေါ်နိုင်သည့် ကျန်းမာရေးချို့ယွင်းချက်များကို တွေ့ရှိနိုင်မည်မဟုတ်ပေ။ ဆရာ၊ ဆရာမများသည် ကျောင်းသား၊ ကျောင်းသူများနှင့် နေ့စဉ်ထိတွေ့မှု ရှိနေသူများဖြစ်၍ ကျောင်းသားလူငယ်များ၏ ကျန်းမာရေးချို့ယွင်းချက် လက္ခဏာများကို   သတိပြုသိရှိနိုင်သည်။

ကျောင်းသား၊  ကျောင်းသူများ၏ ကျန်းမာရေး အခြေအနေအရပ်ရပ်ကို ဆရာ၊ ဆရာမများကိုယ်တိုင်အကဲခတ်ပြီး ကျောင်းသားလူငယ်များတွင် ဖြစ်ပေါ်နေသော   ကိုယ်ကာယမကျန်းမာမှုနှင့် စိတ်ကျန်းမာရေး ချို့ယွင်းမှုအပါအဝင် ကျန်းမာရေး ချို့ယွင်းချက်များကို  ကျောင်းကျန်းမာရေး အဖွဲ့များဖြင့်    ချိတ်ဆက်ဆောင်ရွက်၍ စောစီးစွာကုသပေးနိုင်ခြင်းသည် နောက်ဆက်တွဲ ဆိုးကျိုးများကို ကာကွယ်နိုင်မည်ဖြစ်သည်။  ထို့အတွက်ကြောင့်  ဆရာ၊ ဆရာမများသည် ကလေးများအား အမြဲတစေ လေ့လာအကဲခတ်နေရမည့်အပြင်     ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိရှိကိုရှိရမည်ဖြစ်သည်။

ပညာရေးရည်မှန်းချက်တစ်ခုဖြစ်သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး  ပန်းတိုင်များအနက်  ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်သော ကျန်းမာရေးနှင့်ညီညွတ်သည့် အပြုအမူ၊ ဘဝနေထိုင်မှုပုံစံများ သိရှိကျင့်သုံးစွဲမြဲသွားစေမည့်  ပညာရေးကို အကောင်အထည်ဖော်ခြင်းဖြင့်    စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက်  လိုအပ်သည့် အသိပညာဗဟုသုတနှင့် တတ်ကျွမ်းမှုများရရှိစေရန်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အထူးအလေးပေး ဆောင်ရွက်နေပြီဖြစ်သည်။

ယနေ့ကျောင်းသားလူငယ်များသည် ပစ္စုပ္ပန်ကာလတွင်သာမက နောင်အနာဂတ် ကာလတွင်ပါ နိုင်ငံတော်အတွက် အရေးပါသော  အင်အားတစ်ရပ်ဖြစ်သည့်အပြင် ကျောင်းသားလူငယ်များသည် တိုင်းပြည်ရှိ လူဦးရေတစ်ရပ်လုံးအနက် အချက်အချာအကျဆုံးနှင့် အရေးအကြီးဆုံး အုပ်စုလည်းဖြစ်သည်။ ယင်းကျောင်းသားလူငယ်များအား နိုင်ငံတော်အတွက်  ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်လာကြစေရန်အတွက်   ကျန်းမာကြံ့ခိုင်ရေးသည် အလွန်အရေးကြီးလှသည်။

အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းဟု ဆိုသကဲ့သို့ အမျိုးသားကျန်းမာရေးအစသည်လည်း  စာသင်ကျောင်းဟု ခေါ်ဆိုနိုင်ရန် အားလုံးအတွက် ကျောင်းကျန်းမာရေးကို မြန်မာနိုင်ငံတစ်နံတစ်လျားရှိ   အခြေခံပညာကျောင်းများတွင်  အကြားအလပ်မကျန် အားလုံးပူးပေါင်း ဝိုင်းဝန်းဆောင်ရွက်ကြဖို့ အချိန်သင့်ပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။    ။

မြတ်မင်းဉီး(ကာယ ကျောင်းကျန်းမာ)