ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည် မြန်မာဗျည်းအက္ခရာများ
(ယမန်နေ့မှအဆက်)
ဌ / ထာ့ဝင်ဗဲ /
ဌ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်နှစ်လုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဌဝမ်းဘဲဟု ခေါ်သည်။ ယခုအခါ ဌ အက္ခရာပုံသည် ဝမ်းဘဲသတ္တဝါနှင့် မတူလှသော်လည်း ပုဂံခေတ်၊ ပင်းယခေတ်စသော ရှေးကျောက်စာများတွင် ဌဝမ်းဘဲအက္ခရာသည် ဝမ်းဘဲကလေးနှင့်အတော်တူသည်။ ထို့ကြောင့် ဌဝမ်းဘဲဟု အနွတ္ထ အမည်မှည့်ခေါ်ခဲ့ကြခြင်းဖြစ်မည်။ ဋဝဂ်ဗျည်းငါးလုံးတွင် ဒုတိယ ဗျည်းအက္ခရာဖြစ်သည်။ ထို့ကြောင့် ဋဝဂ်၏ ဒုတိယက္ခရာဟု ခေါ်သည်။ သံနုံ့သံတင်းဗျည်းဖြစ်သည်။ လျှာထိပ်ဌာန် (မုဒ္ဓဌာန်)တွင် ဖြစ်သည်။ မြန်မာဘာသာတွင် အနက်မရှိသောဗျည်းဖြစ်သည်။ ပါဠိ ဘာသာ၊ သက္ကတဘာသာ စသည်တို့ကို မွေးစားသည့် မွေးစားဝေါဟာရ များအတွက် အသုံးပြုရသည်။ ဌဝမ်းဘဲဟူသောအမည်နှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်း တွင် “ဌဝမ်းဘဲအက္ခရာ၏သင်္ကေတကား သံယုဂ်ဖြစ်ခါ ဋသန်လျင်းချိတ် အက္ခရာကဲ့သို့ ဏကြီး၏အောက်၌တည်သော်လည်း အသွင်မဖောက် သင့်။ ထိုသို့လျက်ကို အချို့သော သူတို့သည် ဏကြီးကို ဟဆွဲ၏သို့ ရေးသည်ကားမသင့်နိုး။ ဌဝမ်းဘဲ၏ အရိပ်အသွင်မျှ ဦးခေါင်းထင် စေသင့်သည်။ သန်လျင်းချိတ်၏ အောက်၌ဆွဲ၍ ဒွေးဘော်ဖြစ်ရာ၌ကား ဆိုခဲ့ပြီးသောအတိုင်း ဌဝမ်းဘဲ၏ အမြီးအခွေမျှ ရေးသော်လည်း သင့်သည်ပင် ဖြစ်၏။ အချို့သော သူတို့သည် ထိပ်အပြင်၌ အတန်ငယ် နိမ့်ညွတ်၍ ရေးသည်ကား သဘောထုံးစံမထင်။ အလေ့မျှသာ ဖြစ်အံ့သည်။ ဌဝမ်းဘဲဟူသည်နှင့်လျော်စွာ ဝမ်းဘဲသဏ္ဌာန်သဘောရှိလျှင် သင့်တော့သည်” ဟူ၍ ရှင်းပြထားပါသည်။
ဌဝမ်းဘဲသည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။
ဍ / ဒါ့ယင်ဂေါက် /
ဍ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်သုံးလုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဍရင်ကောက် ဟုခေါ်သည်။ ရှေးအခါ က ဍသံကောက်ဟုလည်းခေါ်သေးသည်။ ရင်ဘတ်မောက်မောက် ကောက်ကောက်သဏ္ဌာန်နှင့်တူသောကြောင့် ရင်ကောက်သောဍ၊ ဍရင်ကောက်ဟု မှည့်ခေါ်သည်။ သံကောက်နှင့်တူသောကြောင့် ဍသံကောက်ဟုလည်းခေါ်သည်။ သံကောက်ဆိုသည်မှာ တံခါးမင်းတုပ် စသည်ကိုချိတ်ဆွဲ၍ ဖွင့်ရသော အဖျားတစ်ဖက်တွင် ချိတ်ပါသော သံချောင်းဖြစ်သည်။ သော့သဖွယ် အသုံးပြုရသည်။ သံကောက်ဟု ခေါ်ခြင်းဖြစ်သည်။ ဋဝဂ်ဗျည်းငါးလုံးတွင် တတိယဗျည်းအက္ခရာ ဖြစ်သဖြင့် ဋဝဂ်၏ တတိယက္ခရာဟုခေါ်သည်။ သံထင်သံလျော့ဗျည်း၊ ဃောသသိထိလဗျည်းဖြစ်သည်။ လျှာထိပ်ဌာန် (မုဒ္ဓဌာန်)တွင် ဖြစ်သည်။ မြန်မာဘာသာတွင် အနက်မရှိသောဗျည်းဖြစ်သည်။ ပါဠိ၊ သက္ကတစသော မွေးစားဝေါဟာရများအတွက် အသုံးပြုရသည်။ ဒုတိယ ကျော်အောင်စံထားဆရာတော်ကမူ ဍသံကောက်ဟူသောအမည်ကို နှစ်ခြိုက်သည်။ ဆရာတော်၏ ဝေါဟာရတ္ထပကာသနီကျမ်းတွင် ထိုဗျည်းအက္ခရာနှင့်ပတ်သက်၍ “ဍသံကောက် အက္ခရာ၏ သင်္ကေတ ကား သံယုဂ်ဖြစ်ခါ ဏကြီး၏အောက်၌တည်သော်လည်း အသွင် မဖောက်သင့်။ သာရုပ္ပရှိအောင်အကွေးအညွတ်ကိုပြုပြင်သော် လည်း ဦးခေါင်းမျက်နှာနောက်သို့မူသော အသွင်ကို မပျောက်စေဘဲ ရေးလို၏။ အချို့သောသူတို့ မထင်စေဘဲရေးသည်ကား အလေ့ဖြစ်၍တစ်ကြောင်း၊ သိသာပြီးဖြစ်၍တစ်ကြောင်း ရေးလေသည်။ သဘောအားဖြင့်ကား အသွင်မပျက်ရေးသော်လည်းဆိုဖွယ်ရာမရှိ။ ဎရေမှုတ်၏ အထက်၌ ဆင့်၍ ဒွေးဘော်ဖြစ်သော်လည်း အထက်ဆင့်အက္ခရာဖြစ်၍ အသွင် မဖောက်ပြီ။ ဤ၌ ဍသံကောက်ဆိုသည်ကို ဍရင်ကောက်ဟူ၍ အချို့ ဆိုကုန်၏။ နောက်သို့ မျက်နှာပြုသောအက္ခရာဖြစ်၍ မျက်နှာမူရာ ညွတ်လာသော အကွေးကို ရင်ဟူ၍ ရင်ကောက်ဆိုသင့်၏”ဟု ရှင်းပြ ထားပါသည်။
ဍရင်ကောက်သည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။
ဎ / ဒါ့ယေမှုတ် /
ဎ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်လေးလုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဎရေမှုတ်ဟုခေါ်သည်။ ယင်းဗျည်း အက္ခရာတစ်ဖက်တွင် လက်ကိုင်စရာ အကောက်အချိတ်ကလေး ပါသဖြင့် ရေသောက်ရန် ရေခွက်၊ ရေမှုတ်နှင့် တူသောကြောင့် ဎ ရေမှုတ် ဟု အမည်ပေးခဲ့ခြင်းဖြစ်သည်။ အနွတ္ထအမည်ဖြစ်သည်။ ဋဝဂ်ဗျည်း ငါးလုံးတွင် စတုတ္ထဗျည်းအက္ခရာဖြစ်သည်။ ထို့ကြောင့် ဋဝဂ်၏ စတုတ္ထက္ခရာဟုခေါ်သည်။ သံထင်သံတင်းဗျည်းဖြစ်သည်။ ဃောသဓနိတ ဖြစ်သည်။ လျှာထိပ်ဌာန် (မုဒ္ဓဌာန်) တွင်ဖြစ်သည်။ မြန်မာဘာသာတွင် အနက်မရှိသောဗျည်းဖြစ်သည်။ ပါဠိဘာသာ၊ သက္ကတဘာသာ စသည် ကို မွေးစားသည့် မွေးစားဝေါဟာရများအတွက် အသုံးပြုရသည်။ ပါဠိဘာသာတွင်လည်း ဎနှင့်ပတ်သက်၍ ဎ သည် ပစ္စည်း ဎ နှင့် ကာရိယ ဎ ဟူ၍ နှစ်မျိုးရှိကြောင်း၊ အသံ၊ ခြိမ်းခြောက်သံ၊ ကျေးဇူးမဲ့သောစကား ဟူသော အနက်ရှိကြောင်းမျှသာ တိပိဋက ပါဠိ - မြန်မာအဘိဓာန်ကြီး တွင်ပြသည်။ ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာရတ္ထ ပကာသနီကျမ်းတွင် ဎ နှင့်ပတ်သက်၍ “ဎ ရေမှုတ်အက္ခရာ၏ သင်္ကေတကား ဏကြီးအက္ခရာနှင့် သံယုဂ်ဖြစ်သောအခါ ဆွဲရသော် လည်း အသွင်မဖောက်သင့်”ဟူ၍လည်းကောင်း “ဍသံကောက်နှင့် ဒွေးဘော်ဖြစ်မူကား အမှီဖြစ်သော နောက်သရနှင့်စပ်စေလို၍ အမြီးကို ချီချီကြွကြွရေးပါသည်မျှသာ အသွင်မဖောက်ဟူရ၏”ဟူ၍ လည်း ကောင်းမျှသာ ရှင်းပြထားပါသည်။
ဎရေမှုတ်သည် စုတ်ချက်နှစ်ချက်ဆွဲ အက္ခရာဖြစ်သည်။
(ဆက်လက်ဖော်ပြပါမည်)