ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)တွင် ချဲလ်ဆီးအသင်းက ဝုဗ်အသင်းကို ဂိုးဒါဇင်ဝက်သွင်းယူပြီး အနိုင်ရရှိ
လန်ဒန် ဩဂုတ် ၂၅
ပရီးမီးယားလိဂ်ပြိုင်ပွဲ ပွဲစဉ်(၂)အဖြစ် ဝုဗ်အသင်းနှင့် ချဲလ်ဆီးအသင်းတို့ ကစားခဲ့ရာ ချဲလ်ဆီးအသင်းက အဝေးကွင်းတွင် ဝုဗ်အသင်းကို ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးဒါဇင်ဝက် သွင်းယူပြီး အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၂ မိနစ် တွင်ပင် ဂျက်ဆန်က ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဦးဆောင်ဂိုးရရှိခဲ့ပြီး နောက်ပိုင်းတွင်လည်း ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဝုဗ်အသင်းက ထိရောက်သည့် တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်ဖိအား ပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၂၇ မိနစ်တွင် ကွန်ဟာက ဝုဗ်အသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၄၅ မိနစ်တွင် ဂျက်ဆန်၏ ဖန်တီးပေးမှုမှတစ်ဆင့် ပယ်လ်မာက ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည်။ ဆက်လက် ၍ ပွဲချိန် ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၆ မိနစ်ပေးခဲ့ရာ ၄၅+၆ မိနစ်တွင် လာဆန်က ဝုဗ်အသင်းအတွက် ချေပဂိုးသွင်းယူ နိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် နှစ်ဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာ၊ ဂိုးပေါက်ခြိမ်းခြောက်မှု အသာစီးဖြင့် ပထမပိုင်းကထက် ပိုမိုဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၄၉ မိနစ်၊ ၅၈ မိနစ်နှင့် ၆၃ မိနစ်တို့တွင် မက်ဒူကီက ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုးများဆက်တိုက်သွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန်မိနစ် ၈၀ တွင် လူစားဝင်ကစားသမား ဂျာအိုဖီးလစ်က ချဲလ်ဆီးအသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ချဲလ်ဆီးအသင်းက ၆ ဂိုး ၂ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
လာမည့်ပွဲစဉ်များအဖြစ် ဝုဗ်အသင်းသည် အက်ဖ်အေဖလားပွဲစဉ်အဖြစ် ဘန်လေအသင်းနှင့် ကစားရမည်ဖြစ်ပြီး ချဲလ်ဆီး အသင်းသည် ယူရိုပါကွန်ဖရန့်လိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆာဗက်တီ အသင်းနှင့်ကစားသွားရမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်