မြစ်ကိုအလျားစုန်ကူးခဲ့သည်
ယမန်နေ့မှအဆက်
"ဆရာမ ပြောပြမယ်"
"ဒီနှစ် တို့ တန်းမြင့်ကျောင်းမှာ "တန်းမြင့်ဂုဏ် ရောင် နံရံကပ်စာစောင်" ဆိုပြီး ထုတ်တယ်မဟုတ် လား"
"ဟုတ်ကဲ့ပါ"
"အဲဒီမှာ "ကိုးတန်းကျောင်းသား မောင်ရွှေပြား" ဆိုတဲ့ ဝတ္ထုတိုလေးတစ်ပုဒ်ပါတယ်လေ"
"ဟုတ်ကဲ့ပါ ဆရာမ"
"အဲဒီ ဝတ္ထုကိုရေးတဲ့ ကလောင်ရှင်ကိုသိလား"
"မှတ်မိပြီ ဆရာမ"
အတန်းနောက်နားက ထိုင်နေသည့် ရွှေမြက ထပြောလိုက်သည်။
"ဘယ်သူလဲ"
"ကျောက်ဖြူ မောင်ညွန့်လွင်"
"ကျောက်ဖြူ မောင်ညွန့်လွင်ဆိုတာ"
"ဘညွန့်ပါ ဆရာမ"
ဆရာမ ဒေါ်စောရည်စကား နောက်ကလိုက်ပြီး ကျောင်းသားများမှာ ဖြေမိလျက်သား ဖြစ်နေကြတော့ သည်။
"အေး ဟုတ်တယ် မောင်ဘညွန့်ပဲ။ မောင်ဘညွန့် က မြန်မာစာပေလိုက်စားတော့ စာစီစာကုံးပြိုင်တော့လည်း သူ ဆုရတာပေါ့"
ကျောင်းသား၊ ကျောင်းသူများ တဒင်္ဂငြိမ်သက် သွားကြသည်။ ဆရာမဒေါ်စောရည် ကြေညာစာရွက်ကို လက်မှတ်ထိုးပေးလိုက်၏။ ရုံးအကူ နောက်တစ်ခန်း သို့ ထွက်သွားသည်။
"အဲဒီမှာ သားတို့၊ သမီးတို့ ဂုဏ်ယူထိုက်တာရှိတယ်။ အဲဒါက ဘာလဲဆိုတော့ မောင်ဘညွန့်က ကိုးတန်းပေမယ့် သူ့ထက်အတန်းကြီးတဲ့ ၁၀ တန်းနဲ့ ယှဉ်လိုက်တဲ့အချိန်မှာ သူ ပထမရတယ်၊ သူနိုင်တယ် လေ"
ကျောင်းသား၊ ကျောင်းသူများက ရသမြောက်ဇာတ် လမ်းတစ်ပုဒ်ကို နားဆင်နေကြရသည့်အလား ငြိမ် သက်နေကြ၏။
"ကိုယ့်ထက်အင်အားကြီးတဲ့လူ၊ ပါဝါမြင့်တဲ့အရာကို တရားသောနည်းလမ်းဖြင့် အောင်နိုင်ခြင်းဟာ အာဇာနည်ပဲကွဲ့။ အဲဒါကို လူစွမ်းကောင်းလို့ခေါ်တယ်"
"သားတို့၊ သမီးတို့ မောင်ဘညွန့် ခုလိုအောင်နိုင် ခြင်းအတွက် ဂုဏ်မယူကြဘူးလား"
"ဂုဏ်ယူပါတယ် ဆရာမ"
"ဝမ်းမသာကြဘူးလား"
"ဝမ်းသာပါတယ် ဆရာမ"
"အဲလို ကိုယ့်ဘက်တော်သားရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူတာ၊ ဝမ်းသာတာကို မျိုးချစ်စိတ်လို့ ခေါ်တယ်ကွဲ့"
ကျွန်တော်၏မျက်နှာတွင်လည်း ဂုဏ်ယူသည့် အပြုံးတစ်ပွင့် ချက်ချင်းဖြစ်တည်သွားပြီး အတန်းဖော် များဘက်သို့ လှည့်ကြည့်ဖြစ်သွား၏။
"ဘညွန့်ကွ"
စကားသွက်ပြီး များများပြောတတ်သော စံငွေက အားပါးတရထအော်လိုက်ရာ ပိုပြီးပွဲကျသွားကြသည်။
"သားတို့၊ သမီးတို့ကို ဆရာမပြောပြမယ်။ မြန်မာစာဘာသာရပ်မေးခွန်းလွှာမှာ စာစီစာကုံးခေါင်းစဉ် သုံးခုပေးထားလေ့ရှိတယ်"
"ကဲ မောင်ဘညွန့်တို့ စာစီစာကုံးပြိုင်ပွဲဖြေတုန်း က ဘာခေါင်းစဉ်တွေပါလဲ"
"နံပါတ်(၁) က "ကျွန်ုပ်ကြိုက်နှစ်သက်သော စာ အုပ်တစ်အုပ်"၊ နံပါတ်(၂) က "နှင်းမှုန်လွလွ ဆောင်း ချမ်းလ"၊ နံပါတ်(၃) က "လူသန်မပြော လူပြောမသန်" ပါ ဆရာမ"
ကျွန်တော် မတ်တတ်ရပ်ပြီး ခပ်သွက်သွက်ပြန် ပြောပြလိုက်၏။
"အဲသလို ခေါင်းစဉ်သုံးမျိုးပေးထားတဲ့အခါမှာ ကျောင်းသားအများစုဟာ ကိုယ်နဲ့ထိတွေ့မှုအရှိဆုံး၊ အရင်းနှီးဆုံး ဖြစ်တဲ့ ရာသီသဘာဝတွေကို ရေးလေ့ရှိကြတယ်။ အဲဒီလိုရေးတဲ့အချိန်မှာ ရေးသူများ တဲ့အတွက် အများဆုံး ထဲမှာ ကိုယ့်စာစီစာကုံးက အကောင်းဆုံးဖြစ်ဖို့လိုလိမ့်မယ်၊ တော်ရုံတန်ရုံ လောက်နဲ့ ဆုမရနိုင်ဘူး၊ ဒီလိုခေါင်းစဉ်တွေက ရေးတဲ့လူများသလို အောင်မှတ်ရကြတဲ့လူတွေလည်း များကြပါတယ်။ ဒါပေမဲ့ ဆုရဖို့တော့ မလွယ်ပါဘူး"
"အရေးအနည်းဆုံးခေါင်းစဉ်ကတော့ လူအများနားလည်ရခက်၊ ရေးသားတင်ပြဖို့ခက်တဲ့ အကြောင်း အရာဖြစ်တယ်၊ ဒီခေါင်းစဉ်မျိုးကို ရေးတဲ့သူလည်း နည်းတယ်၊ အဲဒီလို ခက်ခဲတဲ့ခေါင်းစဉ်မျိုးကို ရေးတဲ့ သူက အချက်ကျကျ၊ အဆီအငေါ်တည့်တည့်ရေးနိုင် ရင် ဆုရစာစီစာကုံးဖြစ်ဖို့များပါတယ်"
ဆရာမဒေါ်စောရည်မှာ ကျွန်တော့်အကြောင်းကို ပြောရင်းနဲ့ စာစီစာကုံးရေးသားနည်းကို သင်ပေးနေရ သလိုမျိုးဖြစ်နေသဖြင့် အာသွက်နေပေသည်။
"ကဲ မောင်ဘညွန့် ဒီစာစီစာကုံးပြိုင်ပွဲမှာ ဘယ် ခေါင်းစဉ်ကို ရေးခဲ့တာလဲ"
"လူသန်မပြော လူပြောမသန်" ပါ ဆရာမ။
"တွေ့လား အဲဒီခေါင်းစဉ်သုံးမျိုးမှာ မောင်ဘညွန့် ရေးခဲ့တဲ့ခေါင်းစဉ်က အခက်ဆုံးဆိုတာ သတိထားမိ ကြလား"
"ဟုတ်ကဲ့ပါ ဆရာမ"
"မောင်ဘညွန့်ဟာ အဲသလို ကျောင်းသားအများစုက ခက်ခဲတယ်လို့ထင်ပြီး အရေးနည်းတဲ့ခေါင်းစဉ်ကို အချက်ကျကျတင်ပြပြီး စနစ်တကျရေးနိုင်လို့ ခုလို ပထမဆုကို ရတာပဲကွဲ့"
"ဒါကြောင့် စာစီစာကုံးဖြေရင် အရေးကောင်းဖို့ အရေးကြီးသလို အတွေးကောင်းဖို့လည်း လိုအပ်ပါ တယ်"
ဆရာမဒေါ်စောရည်၏အသံက စာသင်ခန်းထဲတွင် ကြည်ကြည်လင်လင်ထွက်ပေါ်နေပေ၏။
ကျေးလက်နေမိဘဆီက သားမောင် ကျောင်းသား ကြီးအတွက် ကျားကုတ်ကျားခဲရှာကြံပြီး ပေးပို့သော ချွေးနှဲစာပိုက်ဆံများကို ကျွန်တော် မုန့်မစားရက်ပေ။ သို့သော် အပြင်စာပေများကိုတော့ ဝယ်ဖတ်သည်။ ယင်းအချိန်က နာမည်ကြီး စာရေးဆရာများ ဖြစ်ကြသော တက္ကသိုလ်ဘုန်းနိုင်၊ တက္ကသိုလ်မောင်အေး၊ တက္ကသိုလ်ဟန်ဝင်းအောင်၊ ရန်ကုန်ဘဆွေ၊ အောင်လင်း၊ သခင်မြသန်း၊ ဆင်ဖြူကျွန်းအောင်သိန်း၊ လင်းယုန် သစ်လွင်၊ သော်တာဆွေ၊ မဝင်းမြင့်၊ ခင်နှင်းယု၊ ခင်စိန်လှိုင် စသည့် စာရေးဆရာကြီးများ၏ ဝတ္ထုစာအုပ်များကို တစ်အုပ်လျှင် နှစ်ကျပ်ပေးရသည်။ ကျွန်တော်မုန့်မစားဘဲ ဝယ်ဖတ်သည်။
ဆက်လက်ဖော်ပြပါမည်။