COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု ပိုးတွေ့လူနာများနှင့် သီးသန့်စောင့်ကြည့်ရမည့် သူများအား ဆက်လက်လက်ခံပြီး လိုအပ်သည့် ဆေးဝါးကုသပေးမှုများ ဆောင်ရွက်

နေပြည်တော်၊ ဒီဇင်ဘာ - ၉

   

တပ်မတော်အနေဖြင့် Coronaaavirus Disease 2019(COVID-19)  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသနိုင်ရေးတို့ကို အရှေိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ COVID-19  ရောဂါဓာတ်ခွဲ အတည်ပြု လူနာများကို လက်ခံကုသပေးနိုင်ရန်အတွက် ကုသရေးနေရာများ ပြင်ဆင်ဆောင်ရွက်ထားရှိလျက်ရှိပြီး စက်တင် ဘာ ၂၅ ရက်မှစတင်၍ အတည်ပြုလူနာများကို လူမျိုး၊ ဘာသာမရွေးလက်ခံကာ လိုအပ်သည့် ဆေးဝါးကုသ ပေးမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။  ယနေ့အထိ မှော်ဘီမြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ သာသနာ့နွယ်ဝင်သီလရှင် ၂၆ ပါး၊  အင်းစိန် မြို့နယ်ရှိ သီရိမင်္ဂလာမဟာသာသနာ့ဗိမာန်တော်တွင် ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာ သံဃာတော် ၁၀၄ ပါးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာအရပ်သား ၂၅၂ ဦးတို့ကို အသီးသီးဆက်လက်လက်ခံ ကုသပေးလျက်ရှိပြီး အဆိုပါ ဓာတ်ခွဲအတည်ပြု လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို တပ်မတော်က စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

   

ထိုသို့လက်ခံကုသမှုများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးပြန်လည် ကောင်းမွန်လာသည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ အတည်ပြုလူနာ အရပ်သား ၁၉ ဦးနှင့် သီးသန့်စောင့်ကြပ်ကြည့်ရှုထားသူများ အနက်မှ သတ်မှတ်ရက် ပြည့်မြောက်သည့် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၄၆ ဦးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ ၉ ဦးတို့ကို ယနေ့တွင် သက်ဆိုင်ရာရပ်ကွက်များသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးကြသည်။

   

ထို့ပြင် သီးသန့်စောင့်ကြည့်ရမည့် သူများကိုလည်း လက်ခံလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့်ရမည့်သူ ၉၄၃ ဦး၊ ရွှေညောင်မြို့ တည်းခိုရေးစခန်း၌ သီးသန့်စောင့်ကြည့် ရမည်သူ ၇၀ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ၁၄၃ ဦးတို့ကို အသီးသီး လက်ခံထားရှိကြောင်းနှင့် စောင့်ကြည့်သူများအားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး အဆိုပါ သီးသန့်စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်အလိုက် စီစဉ်ဆောင်ရွက် ပေးလျက်ရှိသည်။

   

ယနေ့တွင် နေပြည်တော်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ စောင့်ကြည့်သူများ၏ နေထိုင်စားသောက်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။