“အိမ်နီးချင်းနိုင်ငံ၏ တစ်ခုတည်းသောမူဝါဒ”

“အိမ်နီးချင်းနိုင်ငံ၏ တစ်ခုတည်းသောမူဝါဒ”

ရုရှားသမ္မတဗလာဒီမာပူတင်၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ခရီးစဉ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၁၅ ရက်နေ့တွင်စတင်ခဲ့သည်။ ပူတင်၏ ပဉ္စမမြောက် သမ္မတသက်တမ်းတွင် ပထမဦးဆုံးသော ပြည်ပခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့စတင်ခဲ့ခြင်းသည် ရုရှားနှင့်တရုတ်တို့၏ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်(Strategic Partnership) အပေါ် အခြေခံခြင်းသာဖြစ်သည်ဟု မြင်မိသည်။

၂၀၂၂ ခုနှစ်ကတည်းကစတင်၍ ကမ္ဘာကြီးသည် စစ်မီးတောက်လောင်နေခဲ့သည်ကို တွေ့ရှိရသည်။ ယူကရိန်းသည် NATO ၏ အဖွဲ့ဝင်ဖြစ်ရေး၊ အစ္စရေး- အီရန်အရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနှင့် ထိုင်ဝမ် အရေးတို့သည် တတိယကမ္ဘာစစ်အဖြစ်သို့ ဦးတည်နေသလောဟုပင် တွေးရမည်ဖြစ်ပါသည်။ အကယ်၍ တတိယ ကမ္ဘာစစ်ဖြစ်ခဲ့ပါမူ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ပျောက်ဆုံးသွားနိုင်သည်ဟု အများက တွေးမြင် ထားကြသည်။ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနှင့် ဆက်စပ်ပြီး စစ်ရေးရှုမြင်ပုံများသည် အစဉ်ပြောင်းလဲ လျက်ရှိပေသည်။

ကျွန်ုပ်တို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ထိုင်ဝမ်အရေးသည် မိမိတို့နိုင်ငံ အပါအဝင် ဒေသတွင်းနိုင်ငံများ၏လုံခြုံရေးကို သက်ရောက်မှုရှိလာသည်။ တရုတ်နိုင်ငံနှင့် မိမိတို့ မြန်မာနိုင်ငံသည် နယ်နိမိတ်ချင်း    ကီလိုမီတာပေါင်း ၂၂၀၀ ကျော် ထိစပ်လျက်ရှိသည်။ နယ်စပ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားတို့သည်လည်း လူနေမှုစနစ်၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် ကိုးကွယ်မှုများ တူညီကြသည်။ သမိုင်းကြောင်းအစဉ်အလာအရ တရုတ်-မြန်မာ နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး သည် အေဒီ - ၈၀၂ ခုနှစ်က စတင်ခဲ့သည်။ မြန်မာနိုင်ငံမှ ပျူကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ ထန်မင်းဆက်လက်ထက် မြို့တော်ချန်းအန်မြို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့သည့် အချိန်က စသည်ဟု မှတ်တမ်းအရ သိရသည်။ ထိုအချိန်မှစတင်၍ နှစ်နိုင်ငံ ဘုရင်အဆက်ဆက် ချစ်ကြည် ရင်းနှီးသော ဆက်ဆံရေးကို ထူထောင်ခဲ့ကြသည်။

မြန်မာသက္ကရာဇ် ၆၄၀ ပြည့်နှစ်တွင် ပုဂံမင်းနရသီဟပတေ့နှင့် တရုတ်မွန်ဂိုဘုရင် ကူဗလိုင်ခန်တို့ မပြေမလည်ဖြစ်ခဲ့ရာ   ပြေလည်မှုရရှိရေးအတွက် ရှင်ဒိသာပါမောက်ဦးဆောင်သည့် ကိုယ်စားလှယ်ဖြင့် ပီကင်းသို့သွားရောက် ညှိနှိုင်းစေခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ခဲ့ကြသည်။  မြန်မာနိုင်ငံ သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အသိအမှတ်ပြုသည့် ကြေညာချက်တစ်ရပ်ကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်ခဲ့သည်။ ထိုအချိန်က မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအပေါ် ကြိုဆိုထောက်ခံ သော အာရှတိုက်၏ ပထမဆုံးအသိအမှတ်ပြုသည့် နိုင်ငံဖြစ်ခဲ့သည်။

ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ သမိုင်းနောက်ခံပြန်လှည့်ရမည်ဆိုပါက တရုတ်နိုင်ငံ၏ ပြည်တွင်းစစ် သည် ကူမင်တန်(KMT) ဦးဆောင်သော တရုတ် ပြည်သူ့သမ္မတနိုင်ငံ (ROC) အစိုးရနှင့် တရုတ် ကွန်မြူနစ်ပါတီ (CCP)တို့အကြား ဖြစ်ပွားသည့်စစ်ပွဲဖြစ်သည်။ ယေဘုယျအားဖြင့် ၁၉၂၇ ခုနှစ်မှ ၁၉၃၀ ပြည့်နှစ်အထိ တစ်ကြိမ်၊ ၁၉၃၇ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ တစ်ကြိမ်၊ ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ တစ်ကြိမ် စုစုပေါင်း ပြည်တွင်းစစ် သုံးကြိမ်ဖြစ်ပွားခဲ့ပြီး ကြားကာလများတွင် ငြိမ်းချမ်းရေး သဘောတူ စာချုပ်ဖြင့် ရပ်တည်ခဲ့ကြသည်။ နောက်ဆုံးအကြိမ်ဖြစ်ပွားသည့် ၁၉၄၅ ခုနှစ်မှ ၁၉၄၉ ခုနှစ်ကြား ကာလကို တရုတ်ကွန်မြူနစ် တော်လှန်ရေးဟု   ရည်ညွှန်းခဲ့ကြသည်။ ၁၉၅၀ ပြည့်နှစ်ကာလအလွန်တွင်    စစ်ရှုံးသည့်ကူမင်တန်တို့သည် ထိုင်ဝမ်ကျွန်းသို့ခိုလှုံခဲ့ပြီး သီးခြားနိုင်ငံအဖြစ် ကြွေးကြော်ခဲ့ကြသည်။

၁၉၇၁ ခုနှစ်တွင် ကျင်းပသည့် (၂၆)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် အမှတ် (၂၇၅၈) တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အစိုးရကိုသာ ကုလသမဂ္ဂတွင် ကိုယ်စားလှယ် ထားခွင့် ပေးထားခဲ့သည်။ ချန်ကေရှိတ်ဦးစီး ကိုယ်စားလှယ်အဖွဲ့အား ကုလသမဂ္ဂမှ ဖယ်ထားခဲ့သည်။    ၎င်းအပြင် ကုလသမဂ္ဂက ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအနေဖြင့်သာ   သတ်မှတ်ရည်ညွှန်း ခဲ့သည်။ ထို့ကြောင့်သာ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၈၁ နိုင်ငံက တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်လျက်ရှိနေခြင်း ဖြစ်သည်။ 

၁၉၇၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် တရုတ်-အမေရိကန် တရားဝင်သံတမန် ဆက်ဆံရေး ထူထောင်မှုပူးတွဲ သဘောတူကြေညာချက်တွင် “တရုတ်နိုင်ငံသည် နိုင်ငံတစ်ခုဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ အစိတ်အပိုင်းဖြစ်သည် ဆိုသည့်အချက်ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြု ကြောင်းနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အစိုးရကိုသာ တရုတ်နိုင်ငံ၏ တစ်ခုတည်းသော  တရားဝင် အစိုးရအဖြစ် သတ်မှတ်ကြောင်း” ဖော်ပြထား၏။ ထိုသို့ဖြစ်၍ တရုတ်နိုင်ငံသည် ထိုင်ဝမ်ဒေသကို ၎င်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အမျိုးသားလုံခြုံရေးဥပဒေ၊ သမိုင်းကြောင်းအစဉ်အလာအရ တရုတ် နိုင်ငံ၏ နယ်မြေဒေသ အစိတ်အပိုင်းအဖြစ် သတ်မှတ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အား   အစဉ်ထောက်ခံကြောင်း ဖော်ပြနေသည်။

၁၉၉၀ ပြည့်နှစ်ဝန်းကျင်မှစ၍ အမေရိကန်၏ ကမ္ဘာ့သြဇာလွှမ်းမိုးမှုသည် ဧကဝင်ရိုးအဖြစ် ကမ္ဘာကြီးကို ထိန်းကျောင်းသည့် တစ်ခုတည်းသော စူပါပါ၀ါနိုင်ငံအဖြစ် ခေါ်ဝေါ်ရလောက်အောင် သြဇာကြီးမား ခဲ့သည်။ ယခုအချိန်တွင် New World Order အခင်းအကျင်း အသစ်အဖြစ် တရုတ်၏သြဇာသည် ကြီးမားလာခဲ့သည်။ အမေရိကန်သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း သြဇာလွှမ်းမိုးနိုင်ရေးနှင့် တရုတ် နိုင်ငံကို ထိန်းချုပ်နိုင်ရေးအတွက် ဘက်ပေါင်းစုံမဟာဗျူဟာအသုံးပြု၍ တိုက်ခိုက်လျက်ရှိပေသည်။ ၎င်းအပြင် ဒီမိုကရေစီ စံသတ်မှတ်ချက်များကို အကြောင်းပြုပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်လျက်ရှိသည်ကို ထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်သည်။ အခြားသော မဟာဗျူဟာကျသည့်  နည်းလမ်းအဖြစ် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအား  ၎င်းတို့ဘက် ပူးပေါင်းလာစေရန် စစ်ရေး၊ စီးပွားရေး၊ လူမှုရေးနည်းမျိုးစုံဖြင့်  ဆွဲဆောင်စည်းရုံးလျက် ရှိပေသည်။ အနီးစပ်ဆုံးဥပမာပြရမည်ဆိုပါက ကျွန်ုပ်တို့မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်နှင့်ပတ်သက်ပြီး တပ်မတော်က နိုင်ငံတော်အာဏာကို ခေတ္တထိန်းရသည့် အခြေအနေပင် ဖြစ်သည်။  အမေရိကန်၏ ညွှန်ကြားချက်နှင့် CIA ၏ လက်ဝေခံအဖြစ် NUG ဆိုသည့် အကြမ်းဖက် အဖွဲ့အစည်းတစ်ခု  မွေးဖွားပေးခဲ့ခြင်းပင် ဖြစ်သည်။

အမှန်တကယ်တွင် အမေရိကန်သည် အောက်လမ်းဆရာကြီးပင်ဖြစ်သည်။ အမေရိကန်သည် ကမ္ဘာ့နိုင်ငံ အများအပြားကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ဖြင့် လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်ချင်သည့် စူပါပါ၀ါ နိုင်ငံဖြစ်ရန် အစဉ်ကြိုးပမ်းလျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး တည်ဆောက် ထားသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို အကြိမ်ကြိမ်ဝင်ရောက်စွက်ဖက်ခဲ့သည်မှာ အားလုံးအသိပင်ဖြစ်သည်။ ၎င်းတို့သြဇာခံ ရုပ်သေးအစိုးရအဖြစ် ပုံဖော်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် မြန်မာ့တပ်မတော်၏ ရပ်တည်ချက်ကြောင့် ၎င်းတို့၏ ရည်မှန်းချက်မအောင်မြင်ခဲ့ချေ။ အကယ်၍သာ မြန်မာနိုင်ငံတွင် အမေရိကန်၏ စိတ်တိုင်းကျ သြဇာခံအစိုးရ ပေါ်ပေါက်လာခဲ့ပါက ကျွန်ုပ်တို့၏ အနာဂတ်မှာ မတွေးဝံ့စရာပင်ဖြစ်သည်။        

တရုတ်နှင့်မြန်မာသည် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူ (၅)ချက်နှင့်အညီ လေးစားလိုက်နာခဲ့သည့် နိုင်ငံများ ဖြစ်ကြောင်း ထပ်လောင်းရည်ညွှန်းစေချင်သည်။ ထိုင်ဝမ်ရှိ တရုတ်ဖြူအစိုးရသည် တရုတ် ပြည်မကြီးအား ပြန်လည်ရရှိရေးအတွက် အစဉ်တစိုက်ကြိုးစားခဲ့သည်။ နှစ်ပေါင်း ၅၀ ကြာမြင့်သည့်တိုင် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ၂၁ ရာစုအစောပိုင်း ရောက်ရှိလာသောအခါ ထိုင်ဝမ် ခေါင်းဆောင်သစ်များ၏ နိုင်ငံရေးအမြင်မှာ ပြောင်းလဲလာခဲ့ကြသည်။

ယင်းမှာ တရုတ်ပြည်မကြီးအား ပြန်လည်ရရှိလိုခြင်းထက် ထိုင်ဝမ်ကို သီးခြားလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် တည်ထောင်လိုလာကြသည်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် အမေရိကန်လွှတ်တော်အမတ်များ ဦးဆောင်၍ ထိုင်ဝမ်လုံခြုံရေး ဖော်ဆောင်မှုဥပဒေကို အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကြောင့် အမေရိကန်နှင့် ထိုင်ဝမ်တို့အကြား စစ်ရေးဆိုင်ရာ ကိစ္စရပ် များအပါအဝင် ဘက်ပေါင်းစုံ ပေါင်းစည်းခွင့်ရခဲ့သည်ဟု ဆိုရမည်။ အမေရိကန်အနေဖြင့် ထိုသို့လုပ် ဆောင်ခြင်း သည် ၁၉၇၈ ခုနှစ် တရုတ်နိုင်ငံနှင့် တရားဝင်သံတမန် ဆက်ဆံရေးထူထောင်မှု ပူးတွဲ သဘောတူညီချက်ကို ဗြောင်ကျကျ ချိုးဖောက်လိုက်ခြင်းပင် ဖြစ်၏။ ၂၀၁၆ ခုနှစ်မှစ၍  ထိုင်ဝမ်သည် တရုတ်နိုင်ငံမှ ခွဲထွက်ရေးကြိုးပမ်းချက်အား အမေရိကန်အစိုးရ၏ အားပေးထောက်ခံမှုဖြင့် တစိုက်မတ် မတ်ကြိုးပမ်းလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်တွင် ထိုင်ဝမ်သမ္မတ သစ်အဖြစ် အသက် ၆၄ နှစ်ရှိသည့် လိုင်ချင်းတယ်(Lai Ching-te)  ကျမ်းသစ္စာ ကျိန်ဆိုလိုက်ပြီ ဖြစ်သည်။ သူသည် ထိုင်ဝမ်အာဏာရ  ဒီမိုကရက်တစ် တိုးတက်ပြောင်းလဲရေးပါတီ (DPP) ၏ ရွေးကောက်ခံ သမ္မတလည်းဖြစ်သည်။ သမ္မတသစ်လိုင်ချင်းတယ်၏ နိုင်ငံအခြေပြုမိန့်ခွန်းတွင် “တရုတ်နိုင်ငံကို ထိုင်ဝမ်ရဲ့ နိုင်ငံရေး၊ စစ်ရေးကိစ္စတွေကို ခြိမ်းခြောက်ဟန့်တားနေတာတွေ ရပ်တန့်ဖို့တောင်းဆိုလိုတယ်၊ ထိုင်ဝမ်အစိုးရဟာ ထိုင်ဝမ်ရေလက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးထိန်းသိမ်းနိုင်ဖို့ အလုပ်တွေကို အပြင်းအထန်လုပ်ဆောင်နေတယ်။ ကမ္ဘာကြီးကိုလည်း စိုးရိမ်ကြောက်ရွံ့မှုမရှိတဲ့ပုံစံမျိုးဖြစ်အောင်  လုပ်ဆောင်နေတယ်။ ထိုင်ဝမ်ဟာ ဒီမိုကရေစီအရေးနဲ့ လွတ်လပ်ခွင့်တွေအတွက် ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး၊ ငြိမ်းချမ်းရေးဟာ ကျွန်တော်တို့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုနဲ့ သာယာဝပြော ရေးဟာ ကျွန်တော်တို့ရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုအတွက် ပန်းတိုင်ဖြစ်တယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။ ၎င်း၏ မိန့်ခွန်းကို စစ်ကြောမည်ဆိုပါက ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူများ သာလျှင် ဆုံးဖြတ်ခွင့်ရှိသည်ဆိုသောသဘောဖြစ်သည်။ လိုင်ချင်းတယ်၏ပြောစကားနှင့် ထိုင်ဝမ်၏ ရပ်တည်ချက်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) ကို ဆန့်ကျင်လျက်ရှိ သည်ကို တွေ့မြင်ရမည်။

မျက်မှောက်ကာလတွင် အမေရိကန်သည် ထိုင်ဝမ်အပေါ် စစ်ရေးထောက်ပံ့မှုပေးခြင်းဖြင့် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်နေခြင်းဖြစ်သည်။ အမေရိကန်သည် နိုင်ငံတကာစာမျက်နှာ၌ ထိုင်ဝမ်ကို ကျောထောက် နောက်ခံပေးနေသည့် အရေးပါဆုံးနိုင်ငံလည်း ဖြစ်သည်။ ထိုင်ဝမ်အနေဖြင့်  နိုင်ငံတကာ ၏ အကူအညီရရှိရေး နည်းလမ်းမျိုးစုံ ပိုမိုလုပ်လာနိုင်ဖွယ်ရှိပြီး စစ်ရေးအရလည်းတုံ့ပြန်နိုင်ရေး ပြင်ဆင် နိုင်ဖွယ်ရှိကြောင်း သုံးသပ်ရသည်။ ထိုကဲ့သို့ဆောင်ရွက်မှုများသည် ဒေသအတွင်း တည်ငြိမ်အေးချမ်း မှုကို ထိခိုက်စေသည့်အပြင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ခရီးသွားလာရေးလုပ်ငန်းများကိုလည်း သက် ရောက်မှုရှိပေသည်။ 

နိုင်ငံတစ်နိုင်ငံ၏ ကိုယ်ပိုင်ပြဋ္ဌာန်းချက်သည် ၎င်းနိုင်ငံ၏ ကိုယ်ရေးကိုယ်တာဖြစ်ပြီး ယင်းကိုယ်ရေး ကိုယ်တာသည် နိုင်ငံ၏ အနာဂတ်လည်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံမှသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများ၊ ထိုမှတစ်ဆင့် ဒေသတွင်းနိုင်ငံများ၊    နောက်ဆုံး တစ်ကမ္ဘာလုံးတည်ငြိမ်အေးချမ်းရေးအတွက် အတိတ်မှ ဖြစ်ပေါ်ခဲ့သော သင်ခန်းစာများ၊ ပစ္စုပ္ပန်တွင်ဖြစ်ပွားနေသော ပဋိပက္ခများ၊ အနာဂတ်တွင် ဖြစ်ပေါ်နိုင် သော အကျပ်အတည်းများကို တွေးဆချင့်ချိန်နိုင်ကြရမည် ဖြစ်ပါသည်။ ထို့ကြောင့် အဖျက်အမှောင့် အဖွဲ့အစည်းများ၏ နည်းမျိုးစုံသော သပ်လျှိုသွေးခွဲမှုများကို သတိပြုဆင်ခြင်ကာ ယနေ့မြန်မာနိုင်ငံ၏ အိမ်နီးချင်းကောင်း ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)အပေါ် အပြုသဘောဖြင့် ကိုယ်ချင်းစာသိမြင်ကာ အစဉ်ထောက်ခံပါကြောင်း ရေးသား လိုက်ရပါ သည်။      ။   

အမောင်