အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် မြဝတီအမျိုးသမီးအသင်းက အယ်လ်နာဆာ အမျိုးသမီးအသင်းကို ရှုံးနိမ့်
ရန်ကုန် ဩဂုတ် ၂၆
ဆော်ဒီနိုင်ငံ ရီယက်ဒ်မြို့၌ ကျင်းပလျက်ရှိနေသည့် အမျိုးသမီးအာရှချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ယနေ့နံနက် ၁ နာရီတွင် မြ၀တီအမျိုးသမီးအသင်းနှင့် အယ်လ်နာဆာအမျိုးသမီး အသင်းတို့ကစားခဲ့ရာ မြဝတီအမျိုးသမီးအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။
မြဝတီအမျိုးသမီးအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် အာရှအမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံးအကြိမ်ပါဝင်ခွင့်ရရှိခဲ့ကာ ဆော်ဒီကလပ် အယ်လ်နာဆာအမျိုးသမီးအသင်း၊ ယူအေအီးကလပ် Abu Dhabi Country Club အသင်းနှင့် လာအိုကလပ် Young Elephants အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက အိမ်ရှင် အယ်လ်နာဆာအမျိုးသမီးအသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ကာ ပွဲချိန် ၂၁ မိနစ်နှင့် ပွဲချိန် ၂၈ မိနစ်တို့တွင် လူဗန်ဂါက အယ်လ်နာဆာ အမျိုးသမီးအသင်းအတွက် ဦးဆောင်ဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းတွင် အယ်လ်နာဆာအမျိုးသမီးအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် အယ်လ်နာဆာအမျိုးသမီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ခြေစွမ်းပိုင်းအသာဖြင့် ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် အယ်လ်နာဆာ အမျိုးသမီးအသင်းမှ မူယာကာ့ဒ်က တတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် အယ်လ်နာဆာ အမျိုးသမီးအသင်းက မြဝတီအမျိုးသမီး အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
မြဝတီအမျိုးသမီးအသင်းသည် အုပ်စုဒုတိယပွဲစဉ်အဖြစ် ဩဂုတ်လ ၂၈ ရက်တွင် ယူအေအီးကလပ် Abu Dhabi Country Club အသင်းနှင့်ဆက်လက် ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်