မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၅)တွင် ရာမညယူနိုက်တက်အသင်းနှင့် ချင်းလန်းအက်ဖ်စီအသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၂၆
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပ လျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲ ပွဲစဉ်(၅)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ရာ ရာမညယူနိုက်တက်အသင်းနှင့် ချင်းလန်းအက်ဖ်စီအသင်းတို့နိုင်ပွဲကိုယ်စီရရှိခဲ့ပြီး ဧရာဝတီရိန်းဂျားအသင်းနှင့် Glory Goal အသင်းတို့ သရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၅)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ပဒုမ္မာအားကစားကွင်း၌ ချင်းလန်းအက်ဖ်စီအသင်းနှင့် Silver Stars အသင်းတို့ကစားခဲ့ရာ ချင်းလန်းအက်ဖ်စီအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ချင်းလန်းအက်ဖ်စီအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃၂ မိနစ်နှင့် ၄၇ မိနစ်တို့တွင် Bagaya Halidou ကလည်းကောင်း၊ ပွဲချိန် ၅၆ မိနစ်တွင် ကျော်စွာထက်ကလည်းကောင်း၊ ပွဲချိန် ၇၉ မိနစ်တွင် မင်းထက်နိုင်ကလည်းကောင်း အသီးသီး သွင်းယူပေးခဲ့သည်။
အလားတူ ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ရာမညယူနိုက်တက်အသင်းနှင့် ရွှေပြည်သာယူနိုက်တက် အသင်းတို့ ကစားခဲ့ရာ ရာမညယူနိုက်တက်အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ရာမညယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၉ မိနစ်တွင် သူရဆန်းကလည်းကောင်း၊ ပွဲချိန် ၆၃ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ချမ်းဦးကလည်းကောင်း၊ ပွဲချိန် ၆၅ မိနစ်တွင် ဘုန်းခန့်အောင်ကလည်းကောင်း သွင်းယူ ပေးနိုင်ခဲ့သည်။
ဆက်လက်ပြီး ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ တက္ကသိုလ်အားကစားကွင်း၌ဧရာဝတီရိန်းဂျားအသင်းနှင့် Glory Goal အသင်းတို့ကစားခဲ့ရာ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီး Glory Goal အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၄၅ မိနစ်တွင် မင်းခန့်သိန်းက သွင်းယူပေးနိုင်ခဲ့ကာ ဧရာဝတီ ရိန်းဂျားအသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၄၉ မိနစ်တွင် သန်းထွန်းဇော်က သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
စည်သူအောင်