အဂတိပယ်ခွာ ပြည်သာယာ
နိုင်ငံသူ၊ နိုင်ငံသားများအနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို တည်ဆောက်ပဲ့ပြင်ကြရာ၌ လေးနက်တည်ကြည်စွာ မဆောင်ရွက်ဘဲ အဂတိလိုက်စားပါက အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြင့် ရင်ဆိုင်ရဖွယ်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးရေးသား ဖွင့်ဆိုနေကြသည်ကို တွေ့ကြရမည်ဖြစ်သည်။ အဂတိလိုက်စားခြင်းသည် အဂတိလိုက်စားခဲ့သည့် ပုဂ္ဂိုလ်သာမက ယင်း၏အဖွဲ့အစည်းများ ကိုယ်တိုင်ပင်လျှင် ဘေးအန္တရာယ် အဘယ်မျှကြီးမားနေကြောင်း သိရှိရမည်ဖြစ်သည်။
အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသလို ခေတ်ကာလတစ်ခုနှင့် တစ်ခုလည်း မတူညီနိုင်ပေ။ အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန် ဥပဒေ၊ တရားစွဲအဖွဲ့အစည်း၊ စီရင်မည့်တရားရုံးတို့ကို ပြဋ္ဌာန်းဖွဲ့စည်းခန့်အပ်၍ ဆောင်ရွက်လျက်ရှိသော်လည်း အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးယူနိုင်ခြင်း မရှိသေးသည့်အတွက် အဂတိလိုက်စားမှုသည် ဘေးအန္တရာယ်ကြီးတစ်ခုသဖွယ် တိုးမြင့်လျက်ရှိကြောင်း တွေ့ရမည်ဖြစ်ပေသည်။
အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်ကိုလေ့လာကြသည့်အခါတွင် များသောအားဖြင့် ဦးစားပေး စဉ်းစားနေကြသည်မှာ ဥပဒေကြောင်းအရ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော ငွေကြေးနှင့်တံစိုးလက်ဆောင် အပေးအယူကိစ္စမျှသာ ဖြစ်သည်။ ငွေကြေးနှင့်တံစိုး လက်ဆောင်အပေးအယူသည် စီးပွားရေး လုပ်ငန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွင် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီး အကျိုးအမြတ် တွက်ခြေကိုက်မှု၊ မကိုက်မှုအပေါ်တွင် စွန့်စားဆောင်ရွက်ခြင်း ဖြစ်သည်။ သို့သော် ထို့ထက်အဆများစွာ ပိုဆိုးသည်မှာ ကိန်းဂဏန်းဖြင့် ဖော်ပြ၍မရသော ဆုံးရှုံးမှုမှာ လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့်အာဏာရှိသူများ၏ ကျင့်ဝတ်သိက္ခာနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကို ဂုဏ်သိက္ခာများနှင့်အတူ ပေးဆပ်လိုက်ရခြင်း ဖြစ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
အဂတိလိုက်စားမှု ဖြစ်ပွားရခြင်း၏ အရင်းခံအကြောင်းတရားများသည် စိတ်စေတနာနည်းပါးခြင်းနှင့် အကျိုးစီးပွား ပဋိပက္ခများ၏ အကျိုးဆက်များပင် ဖြစ်သည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိက အဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်စီးစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများကိုလည်း ကျဆင်းစေနိုင်သည်။ အဂတိလိုက်စားမှုသည် ကောင်းမွန်သည့်အုပ်ချုပ်ရေးစနစ်ကို လျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသား အခွင့်အရေးတို့ကို ခြိမ်းခြောက်လာစေသည်။ ထို့ပြင် လူ့အဖွဲ့အစည်းအတွင်း စောင့်ထိန်းရမည့်ကျင့်ဝတ်၊ စံတန်ဖိုးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတို့အတွက် အဟန့်အတားလည်း ဖြစ်ပေါ်လာသည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ(၃)ဖြာဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး ကဏ္ဍများကို အပြန်အလှန်ထိန်းကျောင်းရင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော် တည်ဆောက်နိုင်ရေးအတွက် အဓိကထား ဆောင်ရွက်ရမည့် လုပ်ငန်းရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို ပြဋ္ဌာန်းကာ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေး အရေးယူခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့်ဥပဒေသည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်တွင် ထုတ်ပြန်လိုက်သည့် နောက်တွင်မူ အခြေအနေအတော်အတန် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ အဂတိလိုက်စားခြင်းကို အသုံးချပြီး စွန့်စားစီးပွားရှာလိုသူများအတွက် ဘေးအန္တရာယ်ကင်း လွတ်နယ်မြေ ကျဉ်းမြောင်းသွားစေခဲ့သည်။ တံစိုးလက်ဆောင်ပေးခြင်းတွင် ယခင်က ပေးသူဘက်ကို မသိကျိုးကျွံပြုခဲ့သလို ဖြစ်နေရာမှ ယခုအခါ တံစိုးလက်ဆောင်ပေးသူရော၊ ယူသူပါ အရေးယူနိုင်သည့် အခြေအနေ ဖြစ်လာခဲ့သည်။ တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတစ်ရပ်ကို ဖောက်ဖျက် ခြင်းကြောင့် ခိုင်လုံသော စာရင်းဇယားကိန်းဂဏန်း အထောက်အထားများအရ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကြေးနှင့် ပစ္စည်းများ ဆုံးရှုံးစေခဲ့ပြီဆိုလျှင် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆို ခံရတော့မည်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုကို နိုင်နိုင်နင်းနင်းထိန်းချုပ်နိုင်ရန်အတွက်ဆိုလျှင် တာဝန်ရှိသူ အဆင့်ဆင့်က အသိစိတ်ဓာတ်ပြည့်ဝစွာ အဂတိလိုက်စားမှု ကင်းစင်သည့် လူ့ပတ်ဝန်းကျင်တစ်ရပ် ထူထောင်ရန် ဝိုင်းဝန်းဆောင်ရွက်ပြီး ပြည်သူပူးပေါင်းပါဝင်မှုရအောင် ဆောင်ရွက်ရမည်ဖြစ်သည်။
တည်ဆဲအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရဆိုလျှင် အဂတိလိုက်စားသူများအတွက် ဥပဒေအရ အရေးယူခံရနိုင်သော ဘေးအန္တရာယ်က တစ်စထက်တစ်စ ပိုမိုကြီးမားလာနေပြီဟု ဆိုနိုင်မည်ဖြစ်သည်။ ဥပဒေအရ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပါအဝင် ပိုင်ဆိုင်မှုများ ဖော်ထုတ်သိမ်းဆည်း ခံရနိုင်သော ဘေးအန္တရာယ်ကလည်း ယှဉ်တွဲပါလာနေသည်။
ဂုဏ်သိက္ခာဆုံးရှုံးစေမည့်အန္တရာယ်ကတော့ ပြောစရာမလိုတော့ပါ။ မူလက ရာထူးဌာနန္တရရှိသောပုဂ္ဂိုလ်များ၊ ကြွယ်ဝချမ်းသာသူများသည် မိမိတို့ကိုအပ်နှင်းထားသည့်အာဏာနှင့် လုပ်ပိုင်ခွင့်များပါဆုံးရှုံးစေသည့် ဘေးအန္တရာယ်ကလည်း အသေအချာရှိနေပြီဖြစ်သည်။ ထို့ပြင် ဆက်စပ်အကြောင်းခြင်းရာများကြောင့် စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ငွေရေးကြေးရေး၊ မိသားစုအရေးနှင့်ပတ်သက်၍ လည်းကောင်း၊ မမျှော်မှန်းထားသော အခြေအနေများ ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်ကလည်း ရှိနေပြီဖြစ်သည်။ ဂုဏ်သတင်းအရလည်းကောင်း၊ ယုံကြည်မှုအရလည်းကောင်း၊ နိုင်ငံတကာကျင့်ဝတ်များအရ လည်းကောင်း၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး ဗုန်းဗုန်းလဲပြီး အရေးပေါ်အခြေအနေနှင့်ရင်ဆိုင်ရသည့် ဘေးအန္တရာယ်၊ လူတောမတိုးဝံ့အောင်ဖြစ်စေသော ကိုယ်ကျင့်တရားဆုံးရှုံးစေသည့်အန္တရာယ်၊ ဘဝတစ်လျှောက်လုံးတွင် ကြိုးပမ်းအားထုတ်ထားခဲ့သော မျှော်လင့်ချက်အားလုံးကို လက်လွတ်ဆုံးရှုံးစေသည့် ဘေးအန္တရာယ်၊ တစ်သက်တာကာလ လိုက်နာစောင့်ထိန်းထားမှုများ၊ ဝတ္တရားများ ပျက်ကွက်ဆုံးရှုံးစေသည့် ဘေးအန္တရာယ်နှင့် နောက်ဆုံးတွင် မိမိနှင့်မိသားစုဝင်များသည် မိမိကျင်လည်ကျက်စားခဲ့သည့်ပတ်ဝန်းကျင်မှ ထွက်ခွာသွားရသည့် ဘေးအန္တရာယ်အထိ ရောက်ရှိနိုင်သည့်အပြင် အဂတိလိုက်စားမှုသည် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း မြင့်မားရေး၊ ဆင်းရဲမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးတို့ကိုပါ ထိခိုက်စေမည်ဖြစ်သည်။
၂၀၂၄ ခုနှစ် မေလ ၁၃ ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၌ ပါရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ၂၀၂၃ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ အခန်းဆက်ဆောင်းပါး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးတရားစွဲတင် ဆောင်ရွက်ခဲ့သည့် အမှုများမှ ပြည်သူ့ဘဏ္ဍာ သိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ မြန်မာငွေကျပ် ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၄ သန်းကျော်တို့ဖြစ်သည်။ နိုင်ငံတော်ဘဏ္ဍာဆုံးရှုံးမှု မရှိစေရေး ကာကွယ်နိုင်ခဲ့မှုမှာ မြန်မာငွေကျပ် ၁၅၅ ဒသမ ၈၅၅ ဘီလီယံကျော်နှင့် ယူရို သုံးသန်းကျော်တို့အပြင် နိုင်ငံတော်က ရရန်ရှိသည့်ငွေကြေးများ၊ အခွန်အခများကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာဖတ်ရှုရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြဋ္ဌာန်းဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါ ငွေကြေးများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့သည့် သတင်းပေး တိုင်ကြားချက်များကြောင့် နိုင်ငံတော်ပိုင်ငွေကြေးများ၊ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်မှုပင်ဖြစ်သည်။ သို့ရာတွင် ပေးသူနှင့်ယူသူပါ သဘောတူကျေနပ်ပြီး အဂတိလိုက်စားမှု ကျူးလွန်နေသူများလည်း ရှိနေဦးမည်ဖြစ်သည်။
သတင်းပေးပို့သူ Third Party မရှိခြင်းကြောင့်လည်းကောင်း၊ သတင်းပေးပို့တိုင်ကြား လိုသော်လည်း သတင်းပေးပို့ တိုင်ကြားသူအား အကာအကွယ်ပေးသည့် Whistleblower Protection Law ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ဆဲအခြေအနေတွင်ရှိခြင်းနှင့် သက်သေအကာအကွယ်ပေးမည့် အစီအမံနှင့် လုပ်ထုံးလုပ်နည်းများ မရှိသေးခြင်း သည်လည်း အဂတိလိုက်စားမှု ကျူးလွန်သူများအတွက် ကြီးမားသော ငွေဝင်ပေါက်တစ်ခု ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
ထို့ကြောင့် အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်လာစေရေး၊ နိုင်ငံသားများ၏ဘဝများ သာယာဝ ပြောလာစေရေးနှင့် နိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေး တို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော် လျက်ရှိရာ အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ စုပေါင်းအင်အားဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းခြင်းဖြင့် “ အဂတိပယ်ခွာပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့”ဟူ၍ ရေးသား ဖော်ပြအပ်ပါသည်။ ။
မောင်တည်ကြည်