ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကျင်းပမည်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကျင်းပမည်

ယမန်နေ့မှအဆက်

ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများနှင့် ပါဝင်ယှဉ်ပြိုင်သည့် အင်အားပထမအကြိမ် အမျိုးသား အားကစားပွဲတော်အား ၁၉၉၂ ခုနှစ် မေလ ၃ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲတွင် ဝန်ကြီးဌာနများအဆင့်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)၊ တိုင်း/တပ်မဌာနချုပ် များ၊ တက္ကသိုလ် (အထက်/အောက်မြန်မာပြည်)အဆင့်၊ တိုင်းနှင့်ပြည်နယ် အခြေခံကျောင်းသားအဆင့်ဟူသော အဆင့် ၃ ဆင့်ခွဲကာ အားကစားနည်း ၂၂ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၇၂ သင်း၊ ပြိုင်ပွဲဝင် ကစားသမား ၁၀၁၂၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော်အား ၁၉၉၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်မှ ဖေဖော်ဝါရီလ ၆ ရက်အထိ ရန်ကုန်မြို့တွင် ဝန်ကြီးဌာနများအဆင့်၊ တိုင်းနှင့်ပြည်နယ်အဆင့်ဟူ၍ ၂ ဆင့်ခွဲကာ အားကစား နည်း ၂၄ မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်းပေါင်း ၄၀ သင်း၊ ပြိုင်ပွဲဝင် ကစားသမား ၈၇၀၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ သည်။

တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်မှ ၂၄ ရက်အထိ  ရန်ကုန်မြို့တွင် ဝန်ကြီးဌာနများအဆင့်၊ တိုင်းနှင့်ပြည်နယ် တက္ကသိုလ်များ(အထက်/အောက်)ဟူ၍ အဆင့် ၂ ဆင့်ခွဲကာ အားကစားနည်း ၂၉မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်အသင်း ၅၅သင်း၊  ပြိုင်ပွဲဝင် အားကစားသမား ၁၁၃၇၅ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃  ရက်မှ  ၂၈ ရက်အထိ   နေပြည်တော်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလွတ်တန်း အဆင့်တစ်မျိုးတည်းကိုသာ အားကစား နည်း ၂၇ မျိုးနှင့် မသန်စွမ်း အားကစားနည်း ၄ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး   ပြိုင်ပွဲဝင်အသင်း၁၅ သင်း၊ ပြိုင်ပွဲဝင် အားကစားသမား ၄၃၆၁ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။                                                                                                               

ပဉ္စမအကြိမ်   အမျိုးသားအားကစားပွဲတော်၏ ရည်ရွယ်ချက်များ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အား နိုင်ငံတော်၏ အားကစားအဆင့်အတန်း ပိုမိုတိုးတက် မြင့်မားလာစေရန်၊   (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့်  အခြားနိုင်ငံတကာ ပြိုင်ပွဲ များတွင် ပါဝင်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရန်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် အဆင့်မီအားကစားသမား များနှင့် အလားအလာရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်၊   ပြည်နယ်နှင့် တိုင်းဒေသကြီးများ၊ ဝန်ကြီးဌာနများအကြား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိပြီး  အားကစား လှုပ်ရှားမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်လာနိုင်စေရန်၊ ပြည်သူတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါ ဝင်စားလာပြီး အားကစားလှုပ်ရှားမှုများတွင် ပါဝင်လာစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထည့်သွင်းကျင်းပမည့် အားကစားနည်းများ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် ဝန်ကြီးဌာနအဆင့်၌ အားကစားနည်း ခြောက်မျိုး ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး ပြေး၊ ခုန်၊ ပစ်(အမျိုးသား၊ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်သည်။

ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ မျိုး ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပြီး ပါဝင်မည့် အားကစားနည်းများမှာ ပြေး၊ ခုန်၊ ပစ်(အမျိုးသား၊ အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊   ကြက်တောင်(အမျိုးသား၊ အမျိုးသမီး)၊  ဘိလိယက်/စနူကာ  (အမျိုးသား)၊ လက်ဝှေ့ (အမျိုးသား)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု(အမျိုးသား၊ အမျိုးသမီး)၊ ခရစ်ကတ်(အမျိုးသား)၊ ဘောလုံး (အမျိုးသား၊ အမျိုးသမီး)၊ ဖူဆယ်(အမျိုးသား၊ အမျိုးသမီး)၊ ဂေါက်သီး(အမျိုးသား)၊ ဂျူဒို(အမျိုးသား၊ အမျိုးသမီး)၊ ကရာတေး (အမျိုးသား၊  အမျိုးသမီး)၊ ပိုက်ကျော်ခြင်း(အမျိုးသား၊ အမျိုးသမီး)၊ ရေကူး (အမျိုးသား၊ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား၊ အမျိုးသမီး)၊ တိုက်ကွမ်ဒို (အမျိုးသား၊ အမျိုးသမီး)၊ တင်းနစ် (အမျိုးသား)၊ ရိုးရာခြင်းလုံး(အမျိုးသား၊ အမျိုးသမီး)၊ မြန်မာ့သိုင်း (အမျိုးသား၊ အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား၊ အမျိုးသမီး)၊ ဗိုဗီနမ်(အမျိုးသား၊ အမျိုးသမီး)၊ အလေးမ (အမျိုးသား၊ အမျိုးသမီး)၊ ဝူရှူး(အမျိုးသား၊ အမျိုးသမီး) ပွဲစဉ်များ ပါဝင်မည်ဖြစ်သည်။

ပွဲတော်ကြီးအောင်မြင်စွာကျင်းပနိုင်ရေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်မည်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက်  အဆင်ပြေချောမွေ့စွာ  ပြီးမြောက်စေရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီအပြင် အားကစားသမား စိစစ်ရေးနှင့် အားကစားပြိုင်ပွဲများ ကျင်းပရေးကော်မတီ၊ မျိုးဆက်သစ် အားကစား သမားများ ရွေးချယ်ရေးကော်မတီ၊ ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပရေးကော်မတီ၊ အခမ်းအနား ပြင်ဆင်ရေးကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ကော်မတီ၊ တည်းခို နေထိုင်ရေးနှင့် ဧည့်ခံကျွေးမွေးရေး ကော်မတီ၊ သယ်ယူပို့ဆောင်ရေးကော်မတီ၊ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေးကော်မတီ၊ ကျန်းမာရေးကော်မတီ၊ လုံခြုံရေးကော်မတီ၊ ဘဏ္ဍာငွေ ရှာဖွေရေးနှင့် ဆုချီးမြှင့်ရေးကော်မတီ၊ ခုံသမာဓိကော်မတီနှင့် စာရင်းစစ်ဆေးရေး ကော်မတီတို့ကိုလည်း ထပ်မံ ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင်အသင်းများ အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်ကြရန်လို

အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်းသည် မြန်မာ့အားကစား အဆင့်အတန်း တိုးတက် လာစေရေးအတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်၍ ပါဝင်ယှဉ်ပြိုင်ကြမည့် ဝန်ကြီးဌာနများနှင့် ပြည်နယ်/တိုင်းဒေသကြီးများမှ တာဝန်ရှိသူများအနေဖြင့် ပြိုင်ပွဲတိုင်းတွင် အဆင့်မီမီ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအဆင့်ဆင့်သော ပြိုင်ပွဲများပြုလုပ်ပြီး စနစ်တကျလူရွေးချယ်ခြင်း၊ စနစ်တကျ ကြိုတင် ပြင်ဆင် စုဖွဲ့လေ့ကျင့်မှုများ ပြုလုပ်ထားကြရန် လိုအပ်သည်။ ဝန်ကြီးဌာနနှင့် ပြည်နယ်နှင့် တိုင်းဒေသ ကြီး ကိုယ်စားပြုအသင်းအဖွဲ့များအနေဖြင့် ပြိုင်ပွဲတိုင်း အဆင့်မီမီ ဝင်ရောက်ယှဉ်ပြိုင်ကြရန် လိုအပ် သကဲ့သို့ အားကစားနည်းအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ လိုက်နာယှဉ်ပြိုင်ကြရန်လည်း အထူးလိုအပ်လှပေသည်။

ပြိုင်ပွဲကြီးအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်ဖြင့် ကျင်းပခြင်းဖြစ်သလို ပြိုင်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း နိုင်ငံတော်ဘတ်ဂျက်ရန်ပုံငွေများစွာ သုံးစွဲဆောင်ရွက်ရခြင်း ဖြစ်သည့်အတွက် ပြိုင်ပွဲကျင်းပရခြင်း၏ ယှဉ်ပြိုင်သည့် ရည်ရွယ်ချက် ပေါက်မြောက် အောင်မြင်စေရန် နှင့် အမျိုးသားအားကစားပွဲတော်၏ ဂုဏ်ဒြပ်နှင့်အညီ ပြိုင်ပွဲတိုင်း ပြိုင်ဆိုင်မှုပြင်းထန်သည့် ပြိုင်ပွဲများ ဖြစ်စေရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သင့်လှပေသည်။

အားကစားလောကအတွက် အကျိုးရှိမည့် ပွဲတော်ကြီးဖြစ်စေလို

နိုင်ငံတော်အနေဖြင့် အမျိုးသားအားကစားပွဲတော်ကြီး ပြန်လည်ကျင်းပပေးခြင်းသည် အားကစား လောကအတွက် ဝမ်းမြောက်စွာ ကြိုဆိုရမည်ဖြစ်သော်လည်း ပြိုင်ပွဲဝင် ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအနေဖြင့် မြို့နယ်အဆင့်၊ ခရိုင်အဆင့်စသည့် အဆင့်ဆင့်သော ပြိုင်ပွဲများ ပြုလုပ်ပြီး မျိုးဆက်သစ်များအား အခြေခံကျကျ ရွေးချယ်မှသာ အားကစားနည်းအလိုက် မျိုးဆက်သစ် များ အမြောက်အမြား ပေါ်ထွက်လာမည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ကြစေလိုသည်။ အားကစားသမားများ စိစစ်ရေးနှင့်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီအနေဖြင့်လည်း သက်တမ်း သတ်မှတ်ထားသည့် အားကစားနည်းများအတွက် သက်တမ်းမှန်ကန်မှုရှိစေရေး စစ်ဆေးဆောင်ရွက် မည့်အစီအမံများကိုလည်း ကြိုတင်စဉ်းစား စီမံဆောင်ရွက်သင့်သည်။ မျိုးဆက်သစ် အားကစား သမားများ ရွေးချယ်ရေးကော်မတီအနေဖြင့်လည်း အားကစားနည်းအလိုက် ထူးချွန်သူများ မကျန်ရှိစေ ရေးအတွက် ရွေးချယ်မည့် အစီအမံများ ပြင်ဆင်ဆောင်ရွက်ထားရန်လည်း လိုအပ်သည်။ အမျိုးသား အားကစားပွဲတော်ကြီး ကျင်းပပြီးပါက ၂၀၂၅ ခုနှစ် အတွင်း ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲအား အထောက်အကူပြုနိုင်မည့် အရည်အသွေးမီ အားကစားသမားများ နှင့် အားကစားလောကအတွက် ရေရှည်အသုံးပြုနိုင်မည့် အားကစားနည်းအလိုက် ထူးချွန်သည့် မျိုးဆက်သစ်များ အများအပြားပေါ်ထွက်လာမှသာ အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပရကျိုးနပ် မည်ကို သတိပြုစေလိုပါသည်။

ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်

လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် မည်သည့်ခေတ်ကာလနှင့်မျှ မတူအောင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ ဖြည့်ဆည်း ဆောင်ရွက် ပေးခြင်း၊နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအား ထိုက်ထိုက် တန်တန်အားပေးဂုဏ်ပြုချီးမြှင့်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများကိုလည်း နိုင်ငံတော်အတွက် ဆုတံဆိပ်ရယူပေးနိုင်ခဲ့မှုအပေါ်မူတည်၍  နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာကဲ့သို့ လစဉ်ထောက်ပံ့ကြေးများ ချီးမြှင့်ခြင်း၊ ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်

ပေးအပ်လျက်ရှိသည်ကို အားကစားလောကသားများ အားကျဂုဏ်ယူဖွယ်ရာ မျက်မြင်ကိုယ်တွေ့ပင် ဖြစ်သည်။ ယနေ့ခေတ်ကာလကဲ့သို့ နိုင်ငံတော်အပိုင်းမှ အစစအရာရာ ဖြည့်ဆည်းအားပေး ဆောင်ရွက် ပေးနေသည့်အချိန်တွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီး အသီးသီးရှိ အားကစားဆပ်ကော်မတီ အသီးသီးမှ တာဝန်ရှိသူများ၊ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနမှ အဆင့်ဆင့်သော တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင် အားကစား သမားဟောင်းများအသင်းမှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ အားကစားမီဒီယာများ အပါအဝင် ပြည်သူတစ်ရပ်လုံးမှ ၀ိုင်းဝန်းပူးပေါင်း အားပေးဆောင်ရွက် ကြမည် ဆိုပါက အချိန်အတိုင်းအတာတစ်ခုအတွင်း မြန်မာ့အားကစား ပြန်လည်ဦးမော့လာနိုင်မည်ဟု ယုံကြည် မျှော်လင့်မိပါသဖြင့် မြန်မာ့အားကစား တိုးတက်အောင်မြင်စေလိုသည့် ပြည်သူတစ်ရပ်လုံးနှင့်အတူ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်းအား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို လိုက်ရပါ ကြောင်း....။    ။

ကိုဌေး(ကနောင်)