အမေရိကန်နဲ့အိန္ဒိယတို့ကြားမှာ မှန်တမ်းဆက်ဆံရေးဖြစ်သွားပြီလား

အမေရိကန်နဲ့အိန္ဒိယတို့ကြားမှာ မှန်တမ်းဆက်ဆံရေးဖြစ်သွားပြီလား

တစ်ခါတလေကျတော့ စဉ်းစားကြည့်မိတယ်ခင်ဗျ။ အမေရိကန်ဆိုတာ အင်အားကြီးနိုင်ငံတော့ မှန်ပါရဲ့။   အဲဒီလိုမျိုးအင်အားကြီးနိုင်ငံဖြစ်တာနဲ့ပဲ ကျန်တဲ့နိုင်ငံတွေက သူကြိုးဆွဲရာကရတော့မယ်လို့များ ထင်နေ လားမသိဘူးခင်ဗျ။

ဒီနိုင်ငံနဲ့ ဟိုနိုင်ငံကြား ဆက်ဆံရေးပြေလည်ရင် သူမကြိုက်ချင်ဘူး။ သူ့စကားနားမထောင်တော့ရင် သူမကြိုက်ချင်ဘူး။ သူတို့လိုချင်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရအဖွဲ့ကိုလည်း သူတို့စကားနာခံမယ့် သူမျိုး ကိုပဲ ရွေးကောက်စေချင်တာမျိုးခင်ဗျ။

တကယ်တော့ ဒါဟာ အင်အားကြီးတာကို အကြောင်းပြပြီး ဆက်ကြေးကောက်နေတဲ့ လမ်းထဲက လူမိုက်နဲ့ ထူးမခြားနားတဲ့ လုပ်ရပ်လို့တော့ ကျွန်တော်ကမြင်တယ်ခင်ဗျ။

တချို့နိုင်ငံတွေကတော့ သူ့ရဲ့သြဇာအာဏာအောက်မှာ နေချင်ကြမှာပေါ့။ သူက မက်လုံးတွေနဲ့ မြှူဆွယ် တာကိုး။ ဒါပေမဲ့ တချို့နိုင်ငံတွေကျတော့ အရင်တုန်းက သူနဲ့အရောတဝင်နေခဲ့ပေမယ့် အခုအချိန်မှာ မှန်တမ်းပဲ ဆက်ဆံတော့တဲ့အခြေအနေတွေကိုလည်း တွေ့နေရတယ်ခင်ဗျ။   ဥပမာအားဖြင့် ပြောရမယ် ဆိုရင် အိန္ဒိယနိုင်ငံပေါ့ခင်ဗျ။

အိန္ဒိယနိုင်ငံဟာ အရင်တုန်းက အမေရိကန်နဲ့ တော်တော်လေးနီးကပ်တဲ့ ဆက်ဆံရေးရှိတယ် ခင်ဗျ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ အရင်လိုမဟုတ်တော့ဘူးခင်ဗျ။

ဆက်ဆံရေးအခြေအနေက သာမန်သံခင်းတမန်ခင်းဆက်ဆံရေး လောက်ပဲရှိတော့တဲ့ အနေအထားမျိုး ခင်ဗျ။ ဒါဟာ အမေရိကန်ဘက်ကနေ သာမန်ထက်လွန်ကဲတဲ့ ကြားဝင်စွက်ဖက်မှုတွေကြောင့်လို့ပဲ ထင်တယ်ခင်ဗျ။

သိပ်မကြာသေးခင်က အိန္ဒိယက ချာဘာဒါဆိပ်ကမ်းနဲ့ပတ်သက်ပြီး အီရန်နိုင်ငံနဲ့ သဘောတူညီချက် ရလိုက်တယ် ခင်ဗျ။ အီရန်နဲ့ အမေရိကန်ဆိုတာကလည်း မတည့်တဲ့အခါကျတော့ သိတဲ့အတိုင်းပဲ အမေရိကန်က အိန္ဒိယကိုပိတ်ဆို့မှုတွေ လုပ်မယ်ဘာမယ်နဲ့ ခြိမ်းခြောက်တော့တာပါပဲ။

အမေရိကန်ရဲ့ ခြိမ်းခြောက်မှုက ဘာကိုဖော်ပြနေလဲဆိုရင် ဒီလိုအင်အားကြီး နှစ်နိုင်ငံကြားမှာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကစပြီး တစ်ယောက်နဲ့တစ်ယောက် သဟဇာတမဖြစ်မှုတွေ မြင့်တက်လာတာကို ဖော်ပြနေတယ်လို့တော့ မြင်တယ်ခင်ဗျ။

ဒါတောင်မှ အမေရိကန်က တရုတ်ကိုဆန့်ကျင်ဖို့အတွက်ဆိုရင် အိန္ဒိယနိုင်ငံက အရေးကြီးတဲ့ မဟာ ဗျူဟာမြောက်နိုင်ငံလို့ သတ်မှတ်ထားတာခင်ဗျ။ ဒီလိုနိုင်ငံအပေါ်မှာတောင် သူ့စိတ်အတိုင်းမဖြစ်ရင် ပိတ်ဆို့မယ်၊ အရေးယူမယ် တကဲကဲလုပ်တတ်တဲ့ အမေရိကန်ရဲ့အကျင့်ကတော့ တော်တော်ဆိုးဆိုး ပါဗျာ။

အမေရိကန်အနေနဲ့ အိန္ဒိယအပေါ် ဘယ်လောက်အထိအလေးထားကြောင်း ဘယ်လိုမျိုးဖော်ပြခဲ့လဲ ဆိုရင် ၂၀၁၇ ခုနှစ်တုန်းက ကျွန်တော်တို့ဒေသတွင်းတစ်ခုလုံးကို အင်ဒို-ပစိဖိတ်ဒေသလို့ ခေါ်ခဲ့တဲ့ အထိပေါ့ဗျာ။

အဲဒီအချိန်တုန်းကတော့ တပျော်ပျော် တမော်မော်နဲ့ပေါ့။ အိန္ဒိယမှာ စီးပွားရေး အခွင့်အလမ်းတွေ ပွင့်လာတယ်။ ကုန်ထုတ်လုပ်မှုတွေ တိုးတက်လာတယ်။ သြစတြေးလျ၊ ဂျပန်တို့နဲ့အတူ လေးနိုင်ငံ အဖွဲ့ဖြစ်တဲ့ QUAD အဖွဲ့ဝင်နိုင်ငံတောင်မှ ဖြစ်လာသေးတယ်ခင်ဗျ။

တစ်ချိန်တည်းမှာပဲ အိန္ဒိယကလည်း “ဟာ ဟုတ်ပြီ။ ငါတော့ စီးပွားရေး အင်အားကြီးနိုင်ငံ ဖြစ်လာ တော့မယ်” ဆိုတဲ့ အတွေးနဲ့ အမေရိကန်နဲ့ လေပေးဖြောင့်နေတာပေါ့ခင်ဗျာ။

စကားပုံတောင်ရှိသေးတယ်မလား “ကိုယ့်ရန်သူရဲ့ရန်သူဟာ ကိုယ့်မိတ်ဆွေပဲ” ဆိုတာလေ။ အမေရိကန် က တရုတ်ကို ထိန်းချုပ်ချင်တယ်။ တရုတ်နဲ့အိန္ဒိယတို့ကလည်း နယ်စပ်ကိစ္စ ပြဿနာဖြစ်ပြီး သိပ်မတည့်ချင်ဘူး။ အဲဒီတော့ အမေရိကန်ရဲ့ရန်သူဖြစ်တဲ့ တရုတ်ရဲ့ ရန်သူအိန္ဒိယဟာ အမေရိကန်ရဲ့ မိတ်ဆွေဖြစ်လာတာ မဆန်းဘူးပေါ့ခင်ဗျာ။

ဒါပေမဲ့ ဒါတွေဟာ သိပ်တော့လည်း ကြာကြာမခံလိုက်ပါဘူး။ အမေရိကန်အနေနဲ့ အိန္ဒိယအပေါ်မြင် နေတဲ့ အကောင်းမြင်မှုတွေအားလုံးက    နေရောင်အောက်ကနှင်းစက်လိုပဲ    တစ်ခဏလေးအတွင်းမှာ ပျောက်ကွယ်သွားတယ်ပေါ့ဗျာ။ သူတို့ကြားမှာ အရင်လိုပဲဆက်လက်ကျန်ရှိတာကတော့ စီးပွားရေးအရ ဆက်ဆံရေးပဲခင်ဗျ။

အိန္ဒိယကတော့ အမေရိကန်ရဲ့ ရည်မှန်းချက်တွေကနေ ခပ်တန်းတန်းနဲ့ ရှောင်ဖယ်သွားတဲ့ အနေအထား ခင်ဗျ။ တစ်ချိန်တည်းမှာပဲ အမေရိကန်ကလည်း တရုတ်ကို ထိန်းချုပ်ဖို့အတွက် နောက်တစ်ယောက်ကို ရွေးလိုက်တယ်ပေါ့ခင်ဗျာ။ အဲဒီတစ်ယောက်ကတော့ ဖိလစ်ပိုင်ပါ။

အိန္ဒိယထက်စာရင် ဖိလစ်ပိုင်နိုင်ငံက အမေရိကန်နိုင်ငံနဲ့ပူးပေါင်းပြီး တရုတ်ဆန့်ကျင်ရေးကို ပိုမိုလုပ် ဆောင်နိုင်လိမ့်မယ်လို့ အမေရိကန်က ယုံကြည်လာတယ်ခင်ဗျ။ ဒါကြောင့်လည်း အခုဆိုရင် အမေရိကန် က ဖိလစ်ပိုင်နဲ့ ပူးတွဲစစ်ရေး လေ့ကျင့်မှုတွေ ပိုမိုပြုလုပ်လာတာပေါ့ ခင်ဗျ။

ဒါကြောင့် အိန္ဒိယနဲ့အမေရိကန်တို့ဟာ နီးကပ်တဲ့ဆက်ဆံရေးရှိနေရာကန ခပ်တန်းတန်း ဆက်ဆံရေး အထိဖြစ်သွားရလောက်အောင်ကို သူတို့နှစ်နိုင်ငံကြားကဆက်ဆံရေးက ပြောင်းလဲသွားတာပေါ့ခင်ဗျ။ ဘာကြောင့် အခုလိုမျိုးဖြစ်လာရတာလဲဆိုရင်   အဲဒီမေးခွန်းအတွက်လည်း အဖြေရှိတယ်ခင်ဗျ။

ပထမတစ်ခုက အိန္ဒိယနိုင်ငံဟာ လွတ်လပ်ပြီး တင်းကျပ်တဲ့ကိုယ့်အကျိုးကြည့် နိုင်ငံခြားရေးမူဝါဒရှိတယ် ခင်ဗျ။ ဒီအတွက်ကြောင့်လည်း အိန္ဒိယက အမေရိကန်ရဲ့အကူအညီရယူပြီ ကိုယ့်နိုင်ငံကို တိုးတက်အောင် လုပ်ဆောင်ခဲ့တာခင်ဗျ။

ဒါကိုတော့ မဟာမိတ်ဆိုပြီး ခေါ်လို့မရဘူးပေါ့ခင်ဗျ။ တစ်ဦးနဲ့တစ်ဦး ကိုယ့်အကျိုးစီးပွားအတွက်သာ အဓိကထားပြီး ချဉ်းကပ်ကြတဲ့သူတွေဆိုတော့လည်းလေ။

အမေရိကန်ဆိုတာက သူ့ရဲ့နိုင်ငံခြားရေးရည်မှန်းချက်တွေ   မဖြစ်မနေအကောင်အထည်ပေါ်လာအောင် နိုင်ငံတော်တော်များများကို ထိန်းချုပ်နိုင်စွမ်းရှိတယ်ခင်ဗျ။ ဥပမာ အနောက်နိုင်ငံ တော်တော် များများ ပေါ့။ ဒီနေရာမှာ အိန္ဒိယနိုင်ငံကတော့ အမေရိကန်လို သလိုထိန်းချုပ်လို့ရတဲ့ နိုင်ငံဖြစ်မနေဘူးခင်ဗျ။

အိန္ဒိယနိုင်ငံက ဒီမိုကရေစီဆန်ပြီး လွတ်လပ်မှုရှိတယ်ဆိုတဲ့ အကြောင်းပြချက်ကြီးနဲ့ ဝင်ပြီးချဉ်းကပ် တာကတော့ အမေရိကန်အတွက် အဓိပ္ပာယ်နည်းနည်းမဲ့တာပေါ့လေ။ အိန္ဒိယခေါင်းဆောင်ပိုင်းတွေက လည်း ဒီအထာကို ကောင်းကောင်းကြီး နောကျေအောင် သိထားတယ်ခင်ဗျ။

ဒါကြောင့်လည်း အမေရိကန်ရဲ့ဧကဝင်ရိုးဖော်ဆောင်မှုနောက်ကို အိန္ဒိယကမလိုက်ခဲ့တာပေါ့။ အဲဒီအစား ဗဟုဝင်ရိုး ကမ္ဘာကြီးမှာ ကိုယ့်ကိုယ်ကိုယ်အင်အားရှိအောင် တည်ဆောက်မယ်ဆိုတဲ့ အတွေးနဲ့ အိန္ဒိယက အမေရိကန်နောက်ကို မလိုက်ခဲ့တာပေါ့ခင်ဗျာ။

ပြီးခဲ့တဲ့နှစ်နှစ်အတွင်း နိုင်ငံတကာပတ်ဝန်းကျင် အခြေအနေအရပ်ရပ်မှာ ရှောင်လွှဲလို့မရတဲ့ အခြေ အနေတွေနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာတော့ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ဆက်ဆံရေးက ပိုပြီးတော့တောင်  ခပ်တန်းတန်း ဖြစ်လာတာခင်ဗျ။

အိန္ဒိယက တရုတ်နဲ့ အင်အားချင်းချိန်ခွင်လျှာ ညှိဖို့တွေးထားတယ်ခင်ဗျ။ ဘာဖြစ်လို့လဲဆိုရင် ထောက်ပံ့ ရေး ကွင်းဆက်နဲ့ ကုန်ထုတ်လုပ်မှုဆိုင်ရာဦးတည်ချက်ပြောင်းလဲလိုက်ခြင်းက သူ့အတွက် အကျိုးရှိစေ မယ်လို့ တွေးထားတာခင်ဗျ။

ဒါပေမဲ့ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒကကျတော့ သူတစ်ယောက်တည်းကောင်းစားရေးအတွက် ဗဟုဝင်ရိုးကမ္ဘာ ကြီးဖြစ်တည်မှုအခြေအနေကို ဖျက်ဆီးမယ့်အရေး ဖြစ်နေတယ်ခင်ဗျ။ ဒီလိုသာဖြစ်ရင် အိန္ဒိယကလည်း ဒုံရင်းက ဒုံရင်းပဲပြန်ဖြစ်သွားမှာပေါ့။

ဒါကြောင့်လည်း ရပ်တည်ချက်၊ ရည်မှန်းချက်မတူတဲ့ အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့ ဆက်ဆံရေးက သာမန်ဆက်ဆံရေးမျှသာ ဖြစ်သွားတာ မဆန်းပါဘူးခင်ဗျ။

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်တော့လည်း အမေရိကန်က ကျန်အင်အားကြီးနိုင်ငံတွေအနေနဲ့ ရုရှားအပေါ် ပိတ်ဆို့မှုတွေချမှတ်ဖို့၊ သူတို့ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို လိုက်နာဖို့တိုက်တွန်းသလို၊   အမိန့်ပေးသလို ပြောခဲ့သေးတယ်ခင်ဗျ။

အမေရိကန်ရဲ့ စကားကိုတော့ သူ့ရဲ့လက်ဝေခံ အနောက်နိုင်ငံ တော်တော်များများလွဲရင် တခြား ဘယ်နိုင်ငံကမှ အရေးလုပ်မနေပါဘူးခင်ဗျ။ ပုံမှန်အတိုင်း ရုရှားနဲ့ဆက်ဆံမြဲ ဆက်ဆံခဲ့ကြ သူချည်းပါပဲ။ အိန္ဒိယနဲ့ တရုတ်တို့ကြား ဆက်ဆံရေးထက်စာရင် အိန္ဒိယနဲ့ ပါကစ္စတန်ကြားကဆက်ဆံရေးက ပိုပြီး အကဲဆတ်တာခင်ဗျ။ အခြေအနေနှစ်ခုစလုံးကတော့ နယ်စပ်အရေးမှန်ပေမယ့်   ပါကစ္စတန်နဲ့ကျတော့ ဘာသာရေးပါဆက်နွှယ်နေတဲ့ သဘောရှိတယ်ခင်ဗျ။

ပါကစ္စတန်မှာ အမေရိကန်ကိုမလိုလားတဲ့ဝန်ကြီးချုပ်ဟောင်း   အီမရမ်ခန်းကိုထောင်ချလိုက်ပြီးနောက် အမေရိကန်နဲ့ ပါကစ္စတန်တို့ကြားက ဆက်ဆံရေး ပြန်လည်တိုးတက်လာတယ်ခင်ဗျ။ ဒါဟာ တော်ရုံတိုက် ဆိုင်မှုတော့ ဟုတ်မယ်မထင်ပါဘူး။

နောက်ထပ်ပြဿနာတစ်ခုက အစ္စရေး-ဂါဇာအရေးအခင်းခင်ဗျ။ အစ္စရေးရဲ့လုပ်ရပ်တွေအပေါ် အိန္ဒိယက ထောက်ခံလိုက်ရင် ဒေသတွင်းမှာသူ့အပေါ် ယုံကြည်အားကိုးမှု ကျဆင်းသွားလိမ့်မယ်ဆိုတာကို အိန္ဒိယက သိနေတယ်ခင်ဗျ။

ဒီအခြေအနေမှာ အိန္ဒိယက ပေါ်ပေါ်တင်တင် ကူညီပေးခြင်းမရှိသလို အစ္စရေးဘက်ကကိုလည်း ထောက်ခံ အားပေးတာမျိုး မလုပ်ခဲ့ဘူးခင်ဗျ။ ပြီးတော့ အီရန်နဲ့အိန္ဒိယဆက်ဆံရေးကလည်း အိန္ဒိယနဲ့ အမေရိကန် ဆက်ဆံရေးထက် ပိုပြီးအဓိပ္ပာယ်ရှိတယ်ခင်ဗျ။

နောက်ဆုံးတစ်ခုကတော့ အပြောအဆိုမတတ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အိန္ဒိယကို “သူစိမ်း ကြောက်နိုင်ငံ” ဆိုပြီး ပြောလိုက်ခြင်းပဲဖြစ်တယ်ခင်ဗျ။

ဒါကြောင့် နိဂုံးချုပ်ရမယ်ဆိုရင် အိန္ဒိယကတော့ တချို့နေရာတွေမှာ အမေရိကန်ရဲ့ မိတ်ဖက်အနေနဲ့ ရှိနေနိုင်ဦးမှာဖြစ်ပေမယ့်လည်း အမေရိကန်လိုချင်တဲ့ ကြားခံနိုင်ငံတော့ ဘယ်သောအခါမှ ဖြစ်လာတော့ မှာမဟုတ်ဘူးခင်ဗျ။

အမေရိကန်အနေနဲ့ ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူ့အတွက် တကယ်ကောင်းမွန်တဲ့ မိတ်ဖက်ကောင်း တစ်ဦးကို လက်လွှတ်ဆုံးရှုံးရနိုင်ခြေရှိနေကြောင်း ရေးသားတင်ပြလိုက်ရပါတယ် ခင်ဗျာ။                     

Ref: RT

ထက်မြတ်