အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံးခု ဆွတ်ခူးရရှိသည့် မြန်မာအားကစားအဖွဲ့ပြန်လည်ရောက်ရှိ
ရန်ကုန် မေ ၂၀
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့၌ မေလ ၁၆ ရက်မှ ၂၀ ရက်အထိ ကျင်းပသည့် (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(၂၀၂၄) (18th South East Asian Bodybuilding And Physique Sports Championship 2024)တွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်သုံးခု ဆွတ်ခူးရယူခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ကြသည်။
နိုင်ငံ့ဂုဏ်ဆောင် အောင်ပွဲရမြန်မာအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယ ပညာ ကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီး မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ၊ အားကစားအဖွဲ့ချုပ်များမှတာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘဆွေမျိုးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ အိုးစည် ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုခဲ့ကြသည်။
အဆိုပါ (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (၂၀၂၄) ပြိုင်ပွဲသို့ မြန်မာနိုင်ငံကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်)ဦးညီညီဦးဆောင်ကာ အဖွဲ့ချုပ်ဒုတိယ ဥက္ကဋ္ဌဦးကျော်သန်း(အုပ်ချုပ်သူ)၊ ဒေါ်ရီရီဝင်း(နည်းပြ)၊ ဦးဇော်ဝင်းအောင်(နည်းပြ)၊ ဦးအောင်နိုင်(ဒိုင်)၊ ကာယဗလအားကစားသမားများဖြစ်ကြသည့် ကာယဗလ ၆၀ ကီလိုတန်း၌ ထွန်းမင်းနိုင်၊ ၆၅ ကီလို တန်း၌ မုန်ဘန်အောင်၊ ၇၀ ကီလိုတန်း၌ နိုင်မင်းသိမ်း၊ ၇၅ ကီလိုတန်း၌အောင်မင်းဦး၊ ၇၅ အထက် ကီလိုတန်း၌ မျိုးနိုင်ထွန်း၊ Men's Athletic Physique up to 175 cm + 6 kg တန်း၌ ကိုကိုကျော်ဖြိုး၊ Men's Sports Physique up to 170 cm-2 kg တန်း၌ သန်းထိုက်ဦး၊ Women's Athletic Physique တန်း၌သဲဝါ၊ Women's Model Physique up to 160 cm တန်း၌ ခင်နီလာစိုး နှင့် Women's Model Physique over 165 cm တန်း၌ ဇူးဇူးသန့်တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် မြန်မာကစားသမား များဖြစ်ကြသည့် သဲဝါက ရွှေတံဆိပ်တစ်ခု၊ ကိုကိုကျော်ဖြိုးက ရွှေတံဆိပ် တစ်ခု၊ သန်းထိုက်ဦးက ရွှေတံဆိပ် တစ်ခု၊ မုန်ဘန်အောင်က ငွေတံဆိပ် တစ်ခု၊ ခင်နီလာစိုးက ငွေတံဆိပ် တစ်ခု၊ ဇူးဇူးသန့်ကငွေတံဆိပ်တစ်ခု စုစုပေါင်းရွှေတံဆိပ်သုံးခုနှင့် ငွေတံဆိပ်သုံး ခုတို့ကို နိုင်ငံ့ဂုဏ်ဆောင်ရယူပေးခဲ့ကြသည်။ ထို့အတူ ၆၀ ကီလိုတန်းပြိုင်ပွဲတွင် ထွန်းမင်းနိုင်၊ ၇၀ ကီလိုတန်း ပြိုင်ပွဲတွင် နိုင်မင်းသိမ်းနှင့် ၇၅ ကီလိုတန်းပြိုင်ပွဲတွင် အောင်မင်းဦးတို့က စတုတ္ထဆုနှင့် ၇၅ အထက် ကီလိုတန်း ပြိုင်ပွဲတွင် မျိုးနိုင်ထွန်းက ဆဋ္ဌမဆုများ ရရှိခဲ့ကြသည်။
အဆိုပါ (၁၈)ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ (၂၀၂၄) သို့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ စင်ကာပူနှင့် အိမ်ရှင် လာအိုနိုင်ငံမှ ကစားသမား ၁၁၈ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း မြန်မာနိုင်ငံ ကာယဗလနှင့် ကာယ ကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်မှ သိရသည်။
ဝန်းရံခ