၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံး မန်စီးတီးအသင်းချန်ပီယံဆုရရှိပြီး လူတန် အသင်း ဘန်လေအသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ တန်းဆင်းခဲ့ရ
လန်ဒန်၊ ဘောလုံး
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးခဲ့ပြီး နောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုအတွက် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့ အားပြိုင်ခဲ့ရကာ မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်း၌ ၃ ဂိုး-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့၍ ချန်ပီယံဆုကို လေးရာသီဆက် စံချိန်တင်ဆွတ်ခူးရရှိပြီး လူတန် အသင်း၊ ဘန်လေအသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့ တန်းဆင်းခဲ့ရကြောင်း သိရသည်။
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုအတွက် နောက်ဆုံးပွဲစဉ်အထိ အာဆင်နယ် အသင်းနှင့် မန်စီးတီးအသင်းတို့ အားပြိုင်ခဲ့ရပြီး ပြိုင်ပွဲ ပြီးဆုံးရန် တစ်ပွဲအလိုတွင် မန်စီးတီးအသင်းက ရမှတ် ၈၈ မှတ်ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်ခဲ့သည်။ အာဆင်နယ်အသင်းကလည်း နှစ်မှတ် အကွာ ၈၆ မှတ်ဖြင့် အဆင့်(၂)နေရာမှ ဖိအားပေးခဲ့ကာ နောက်ဆုံးပွဲစဉ်တွင် အာဆင်နယ်အသင်းက အဲဗာတန်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း မန်စီးတီးအသင်းက ဝက်စ်ဟမ်းအသင်းကို အနိုင်ရရှိခဲ့သည့်အတွက် မန်စီးတီးအသင်းက ရမှတ် ၉၁ မှတ်ဖြင့် ချန်ပီယံဆုရရှိခဲ့ပြီး အာဆင်နယ် အသင်းက ရမှတ် ၈၉ မှတ်ဖြင့် အဆင့်(၂)နေရာဖြင့်ပင် ကျေနပ်ခဲ့ရသည်။
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် မန်စီးတီး အသင်းနှင့်အတူ အဆင့်(၂)နေရာမှ အာဆင်နယ် အသင်း၊ အဆင့်(၃)နေရာမှ လီဗာပူးအသင်းနှင့် အဆင့်(၄)နေရာမှ အက်စ်တွန်ဗီလာအသင်းတို့က လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့် ရရှိခဲ့သည်။
အလားတူ အဆင့်(၅)နေရာမှ စပါးအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲနှင့် အဆင့်(၆)နေရာမှ ချယ်လ်ဆီး အသင်းက ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့သော်လည်း မန်ယူအသင်း အက်ဖ်အေဖလား ဆွတ်ခူး နိုင်မည် ဆိုပါက မန်ယူအသင်းက ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိမည် ဖြစ်သည်။
ထို့ပြင် တန်းဆင်းသုံးနေရာအတွက် ပြီးခဲ့သည့် ဘောလုံးရာသီက အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ တန်း တက်လာကြသည့် လူတန်အသင်း၊ ဘန်လေအသင်း နှင့် ရှက်ဖီးလ်ယူနိုက်တက်အသင်းတို့က တစ်ရာသီ အကြာတွင်ပင် အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲသို့ ပြန်လည် တန်းဆင်းခဲ့ရပြီး အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲမှ လက် စတာအသင်းနှင့် အစ်ဝှစ်ချ်အသင်းတို့က လာမည့် ဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တိုက်ရိုက် တန်းတက်ခွင့်ရရှိခဲ့ပြီး လိဒ်အသင်းနှင့် ဆောက်သမ်တန်အသင်းတို့ထဲမှတစ်သင်းမှာ ရှုံးထွက် ပွဲစဉ်ကစားပြီး တန်းတက်ခွင့်ရရှိမည်ဖြစ်သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးချိန်တွင် ပေးဂိုးမရှိပွဲ အများဆုံး ဂိုးသမားဆုဖြစ်သည့် ရွှေလက်အိတ်ဆုကို အာဆင်နယ်အသင်းမှ ဂိုးသမား ဒေးဗစ်ရိုင်ယာက ဆွတ်ခူးနိုင်ခဲ့ပြီး သွင်းဂိုး အများဆုံးကစားသမားဆု ဖြစ်သည့် ရွှေဖိနပ်ဆုကို မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဟာလန်းက သွင်းဂိုး ၂၇ ဂိုးဖြင့် ဆွတ်ခူးနိုင်ခဲ့ သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ၊ ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီ၊ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီနှင့် ယခု ၂၀၂၃-၂၀၂၄ ဘောလုံးရာသီတို့တွင် ချန်ပီယံဆုကို လေးရာသီဆက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ပြိုင်ပွဲသမိုင်းတစ်လျှောက် ချန်ပီယံဆုကို လေးရာသီဆက် ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံးကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
Ref;Goal.com