ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

၎င်းတို့အနက် အစ္စရေး၊ စင်ကာပူနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကဲ့သို့ နိုင်ငံများတွင်  နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲ စီးဆင်းနေသောရေချိုရှားပါးသည့်အတွက် ပင်လယ်ရေကို ရေချိုချက်သုံးစွဲရခြင်း၊ တခြား အိမ်နီးချင်းနိုင်ငံမှ ရေချိုဝယ်ယူသုံးစွဲရခြင်း၊ စွန့်ပစ်ရေကို ပြန်လည်ပြုပြင်၍ ရေချိုအဖြစ် သုံးစွဲခြင်း၊ မြေအောက်ရေတူးဖော်သုံးစွဲခြင်း၊ ရေစုကန်များ တည်ဆောက်သုံးစွဲခြင်း စသည့် နည်းလမ်း ပေါင်းစုံကိုသုံး၍ ဖြေရှင်းနေကြရသည်။ အဆိုပါနိုင်ငံများအကြောင်းကို နောက်အခန်းများတွင် ပြည့်စုံစွာ ဖော်ပြပါမည်။

အခန်း(၂)

ပြန်လည်ပြည့်ဖြိုးမြဲရေရှားပါးသည့် အစ္စရေး၊ စင်ကာပူ

အစ္စရေးနိုင်ငံ

အစ္စရေးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသရှိ မြေထဲပင်လယ်ကမ်းရိုးတန်း ရှည်လျားစွာ ပိုင်ဆိုင်ထား သည့်နိုင်ငံဖြစ်သည်။

လူဦးရေမှာ ၂၀၁၉ ခုနှစ်စာရင်းအရ ၉ ဒသမ ၀၅၃ သန်းခန့်ရှိသည်။

မြောက်ဘက်တွင် လက်ဘနွန်နိုင်ငံ၊ ဆီးရီးယားနိုင်ငံ၊ အရှေ့ဘက်တွင် ဂျော်ဒန်နိုင်ငံ၊ တောင်ဘက်တွင် အီဂျစ်နိုင်ငံ၊ အနောက်ဘက်တွင် မြေထဲ ပင်လယ်တည်ရှိသည်။

အစ္စရေးနိုင်ငံ၏တောင်ပိုင်းဒေသတွင် Negev သဲကန္တာရကြီးတစ်ခု ရှိနေသည်။ ဤသဲကန္တာရကြီး၏ အကျိုးဆက်ကြောင့်ဟုထင်သည်၊ မြေထဲ ပင်လယ်ကမ်းရိုးတန်းတွင် တည်ရှိနေသည့် မြို့တော်  Tel Avis တွင်ပင် တစ်နှစ်ပတ်လုံး ပျမ်းမျှမိုးရေချိန်မှာ မီလီမီတာ ၅၈၀ (၂၃ လက်မ) ခန့် သာ ရွာသွန်းသည်။ မြန်မာနိုင်ငံ၏ ပုဂံ၊ ညောင်ဦးဒေသ နှစ်စဉ်မိုးရေချိန် ခန့်သာရှိသည်။

အစ္စရေးနိုင်ငံတောင်ပိုင်းတွင်ရှိသည့် အဆိုပါသဲကန္တာရတွင် တစ်နှစ်လျှင် ၃၅၅ ရက် နေပူသည်ဟု ဆိုသည်။ နေ့အပူချိန်သည် ၄၈ ဒသမ ၉ ဒီဂရီ စင်တီဂရိတ်(၁၂၀ ဒီဂရီဖာရင်ဟိုက်) အထိမြင့်မားပြီး    ညပိုင်းတွင်မူ အတော်အေးသည်ဟု ဆိုသည်။

အစ္စရေးနိုင်ငံသည် အာရပ်နိုင်ငံများကြားထဲတွင် နိုင်ငံတည်မြဲရေးနှင့် သူ့ပြည်သူများ အသက်ရှင် ရပ်တည်ရေးအတွက် ရုန်းကန်အားထုတ် နေရသည့်နိုင်ငံဖြစ်သည်။

ရာသီဥတုကလည်း စားရေရိက္ခာလုံလောက်စေရေး အခြေအနေမပေးသလို လူတိုင်း ရေချိုအလုံ အလောက်ရရှိရေးအတွက်လည်း အခြေအနေ မပေးသည့်နိုင်ငံဖြစ်သည်။

သို့သော် အစ္စရေးတို့၏ပညာရေးမြင့်မားမှု၊ သုတေသနလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်မှု၊  လုံ့လဝီရိယစိုက်ထုတ်မှု၊ ခေါင်းဆောင်ကောင်းများရရှိထားမှု၊ ပြည်သူများ၏ ကြိုးပမ်းမှုတို့ကြောင့် စားရေ ရိက္ခာလည်း  ဖူလုံအောင်ဆောင်ရွက်နိုင်သလို သောက်ရေသုံးရေကိုလည်း လူတိုင်းအတွက်  ဖြည့်ဆည်း ပေးနိုင်သည်။  ထူးဆန်းသည်မှာ ရေချိုမလုံလောက်သည့်နိုင်ငံသို့  ကမ္ဘာ့နိုင်ငံအများစုကသွားရောက်၍ စိုက်ပျိုးရေးနည်းပညာနှင့် ရေစီမံခန့်ခွဲမှုပညာများ လေ့လာနေကြရသည်။ မိမိတို့နိုင်ငံ စိုက်ပျိုးရေးနှင့် ဆိုင်သောဌာနများမှ ပညာရှင်အချို့လည်း အစ္စရေးပြန်များဖြစ်ကြသည်။

အစ္စရေးတို့၏ ကြိုးပမ်းမှုမှာ အံ့မခန်းဟု ဆိုရပေမည်။ သဲကန္တာရကြီးကိုပါ နှစ်စဉ် ကျုံ့ဝင်သွားအောင်     ရေအစက်ချ နည်းစနစ်သုံး၍လည်းကောင်း၊ မြေပြုပြင်အစားထိုးနည်းကို သုံး၍လည်းကောင်း သစ်ပင် များ စိုက်ပျိုးနေကြသည်။ အဆိုပါမြေများပေါ်တွင် တစ်နှစ်လျှင် သီးနှံနှစ်မျိုး၊ သုံးမျိုး ရိတ်သိမ်းနိုင် သည်အထိ စိုက်ပျိုးရေးအောင်မြင်သည်ဟုလည်း သိရသည်။ သီးနှံအထွက်နှုန်းမှာလည်း တစ်ဧက (၀ ဒသမ ၄၀၄၉ ဟက် တာ) လျှင် တန် ၆၀ နှုန်းအထိထွက်ရှိအောင် ဆောင်ရွက်နိုင်သည်။

Negev သဲကန္တာရအတွင်းရှိ Beersheba ဆိုသောမြို့ကိုပင် နည်း ပညာမြို့အဖြစ် ကမ္ဘာက သတ်မှတ် ရသည်အထိ အောင်မြင်နေသောနိုင်ငံ ဖြစ်သည်။

ရေချိုရှားပါးသည့်နိုင်ငံ၊ ပြန်လည်ပြည့်ဖြိုးမြဲ ရေရှားပါးသည့်နိုင်ငံဖြစ်၍ သစ်ပင်စိုက်ပျိုးရာတွင် ရေကို ချွေတာနိုင်သမျှချွေတာရေး နည်းလမ်း ပေါင်းစုံ သုံးစွဲဆောင်ရွက်သည်။

ရေချိုရှားပါးလွန်းသော အစ္စရေးနိုင်ငံ၏ ရေချိုရယူပုံမှာလည်း စိတ် ဝင်စားစရာကောင်းသည်။ အစ္စရေး၏ ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုရယူမှု နည်းများမှာ အောက်ပါအတိုင်း လေးနည်းရှိသည်-

(က) ပင်လယ်ရေကို ရေချိုပြုလုပ်ယူခြင်း

(ခ) ကန်များမှရေကို အသုံးပြုခြင်း

(ဂ) မြေအောက်ရေကိုအသုံးပြုခြင်း

(ဃ) စွန့်ပစ်ရေကိုပြန်လည်သုံးစွဲခြင်း

ပထမနည်းဖြစ်သည့် ပင်လယ်ရေကို ပြုပြင်သုံးစွဲခြင်း (Desalination Method) ဖြင့် ၂၀၁၄ ခုနှစ် အစ္စရေးနိုင်ငံအတွက် ရေချိုလိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးသည်။ နှစ်စဉ် ကုဗမီတာ သန်းပေါင်း ၂၇၇ သန်း ဖြည့်ဆည်းပေးသည်။

ဒုတိယရေချိုရရှိရေးနည်းမှာ ကီနာရတ်ရေကန် (Lake Kinneret)မှ ရေကိုသုံးစွဲခြင်း ဖြစ်သည်။ ဤနည်းဖြင့် ၂၀၁၄ ခုနှစ်တွင် ကုဗမီတာ သန်းပေါင်း ၁၀၀ (ဂါလန်သန်းပေါင်း ၂၂၀၀၀) ခန့် ထုတ်ယူ ခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။