ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး

ဆီထွက်သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး

နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အားသုံးမျိုးရှိသည်။ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါက နိုင်ငံရေးအင်အားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေးအင်အား ကောင်းမွန်မည်ဖြစ်သည်။ ယင်းအားနှစ်ခုကောင်းမွန်ရန်အတွက် အခြေခံမှာ စီးပွားရေးအင်အားဖြစ်၍  စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်အတွက်အဓိကကျသည်။ စီးပွားရေးတွင် ကုန်ထုတ်လုပ်မှုသည် အဓိကဖြစ်ပေရာ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်ကုန်ထုတ်လုပ်မှုကို မြှင့်တင်ရမည် ဖြစ်သည်။

စားရေရိက္ခာဖူလုံပေါများရေးနှင့် ပတ်သက်၍ အဓိကစားကုန်ဖြစ်သည့်ဆန်သည် မြန်မာနိုင်ငံအတွက် ဖူလုံမှုရှိပြီး ဖြစ်သည့်အပြင် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့လျက်ရှိသည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိရန်လိုအပ်လျက်ရှိနေသေးသည်။ ပန်းတိုင်ရည်မှန်းချက်များအတိုင်း ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းဆန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံသာမက ပြည်ပသို့လည်း ပိုမိုတင်ပို့နိုင်မည်ဖြစ်သည်။ ရှိပြီးသားစိုက်ပျိုးရေးထွက်ကုန်များကို ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံ့စီးပွားရေးအတွက် များစွာအထောက်အကူပြုနိုင်မည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဩဂုတ်လ ၂၅ ရက်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများအား ဆွေးနွေးပြောကြားစဉ် "ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ ပိုမိုတိုးတက် လာမည် ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ပိုလျှံဆီထွက်သီးနှံ နှမ်း၊ နေကြာနှင့်မြေပဲတို့ကို စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ဆီထွက်သီးနှံများတွင် နေကြာသည်လည်း ဆီထုတ်လုပ်မှုကိုများစွာအထောက်အကူပြုနိုင်မည်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  မကွေးတိုင်းဒေသကြီးတို့တွင် သီးထပ်စိုက်ပျိုးသွားရန်လိုကြောင်း" ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါ တိုင်းဒေသကြီးများတွင် မြစ်ရေတင်စီမံကိန်းများဖြင့် အောင်ရေရရှိအောင်စိုက်ပျိုးနိုင်သည်။ အဆိုပါ ဆီထွက်သီးနှံများ  အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်များ အတိုင်းထွက်ရှိစေရေး ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းစားသုံးဆီဖူလုံမှုကို များစွာ အထောက်အကူပြု မည်ဖြစ်သည်။ ဆီထွက်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းများကို လေ့လာကြည့်ပါက မြေပဲသည်တစ်ဧကလျှင် တင်း  ၇ဝ၊ နှမ်းသည် တင်း၂ဝ နှင့်နေကြာသည် တင်း ၅ဝ တို့ထွက်ရှိရန်ဖြစ်သည်။ မြေပဲတွင် မိုးမြေပဲနှင့် ဆောင်းမြေပဲစိုက်ပျိုးကြသကဲ့သို့ နှမ်းစိုက်ပျိုးမှုတွင်မိုးနှမ်း၊ ဆောင်းနှမ်း၊  နွေနှမ်းစိုက်ပျိုးကြသည်။ ထို့အတူ နေကြာတွင်မိုးနေကြာနှင့် ဆောင်းနေကြာစိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံအုပ်စုဝင် ဆီမုန်ညင်းနှင့်ပန်းနှမ်း တို့ကိုလည်း စိုက်ပျိုးလျက်ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် စားသုံးဆီနှင့်ပတ်သက်၍  ပြည်ပမှစားသုံးဆီများကို  နှစ်စဉ်တင်သွင်း နေရသဖြင့် နိုင်ငံခြားငွေများကို သုံးစွဲရလျက်ရှိသည်။ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့တွင် ဆီထွက်သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ သို့သော်ဆီထွက်သီးနှံများကို ဆီအဖြစ် ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနှင့် တိုက်ရိုက်စားကုန်များအဖြစ် စားသုံးခြင်းများကြောင့် ဒေသတွင်းစားသုံးဆီ လိုအပ်ချက်များ ဖြစ်ပေါ်လျက်ရှိနေခြင်း ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျ ဆောင်ရွက်မည်ဆိုပါက အထွက်နှုန်းများ အောင်မြင်တိုးတက်လာမည်ဖြစ်သည်။

နှစ်စဉ်ပြည်ပမှ စားသုံးဆီများ ဝယ်ယူတင်သွင်းနေရခြင်းကြောင့်  နိုင်ငံ့စီးပွားရေးတိုးတက်မှုကို ထိခိုက်စေသည်။ ထို့ကြောင့် နိုင်ငံအတွင်း ဆီထွက်သီးနှံများကို ပိုမိုအောင်မြင်စွာ ထုတ်လုပ်ရန်လိုသည်။ အထူးသဖြင့်  နိုင်ငံတော်က သတ်မှတ်ထားသော ပန်းတိုင်အထွက်နှုန်းတိုးတက်ရေးကို ပြည့်မီအောင်စိုက်ပျိုးခြင်းဖြင့်  ပြည်တွင်းစားသုံးဆီဖူလုံမှုကို ဖြစ်စေမည့်အပြင် ပြည်ပသို့လည်း ပြန်လည်တင်ပို့နိုင်မည်ဖြစ်သည်။  နိုင်ငံတော်အစိုးရက စိုက်ပျိုးထုတ်လုပ်သူများအား  လိုအပ်ချက်မရှိအောင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့လုပ်ငန်းများ ပိုမိုအောင်မြင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းကြရမည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့်  တိုင်းပြည်သာယာဝပြောရေးနှင့်  စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက်ရှိသည်။

ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများနှင့်ဆက်စပ်သူများအားလုံးအနေဖြင့် မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို  အစဉ်မြော်တွေးလျက် နိုင်ငံအတွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေးအတွက်  ဆီထွက်သီးနှံများကို  ပန်းတိုင်အထွက်နှုန်းရရှိအောင်  ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။       ။

Dates: 
Wednesday, August 28, 2024 - 05:20