ONE Friday Fights 77 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းနှင့် ထိုင်းဖိုက်တာ ထိုးသတ်မည်
ရန်ကုန် ဩဂုတ် ၂၇
ဩဂုတ်လ ၃၀ ရက်တွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် ONE Friday Fights 77 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ စူပါရေချမ်းတွဲဆိုင်း ပါဝင်လာမည်ဖြစ်ပြီး ထိုင်းမွေထိုင်းဖိုက်တာနှင့် ထိုးသတ်ရမည် ဖြစ်သည်။
ONE Friday Fights 77 ပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ပွဲပါဝင်မည်ဖြစ်ပြီး မြန်မာဖိုက်တာတစ်ဦးသာ ထိုးသတ်ခွင့်ရမည်ဖြစ်သည်။ စူပါရေချမ်းသည် ယင်းပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဆူတင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၏ပွဲစဉ်(၃)အဖြစ် ကျင်းပမည်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် မြန်မာဖိုက်တာ များအနေဖြင့် သောကြာညတွင် ကျင်းပသည့် ONE Friday Fights ပြိုင်ပွဲတွင် ထိုးသတ်ခွင့်ရလာပြီး ဩဂုတ်လ၂၃ ရက်က ကျင်းပသည့် ONE FridayFights 76 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ ငါးဦးအထိ ထိုးသတ်ခွင့်ရခဲ့သည်။ မြန်မာ့ရိုးရာလက်ဝှေ့အကျော်အမော်များသည် ONE Championship က စီစဉ်သည့် ONE Friday Fights ပြိုင်ပွဲများတွင် သွားရောက်ထိုးသတ်လျက်ရှိသည်။
ညီမြတ်သော်တာ၊
ဓာတ်ပုံ-ONE Championship