မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ယခု ၁၉၆၅-၆၆ ခုနှစ် ပညာသင်နှစ်တွင် စာဆိုတော်နေ့အထိမ်းအမှတ်အဖြစ် နဝမတန်းနှင့် ဒသမတန်းကျောင်းသား၊ ကျောင်းသူများကို စာစီစာကုံးပြိုင်ပွဲကျင်းပရာ "လူသန်မပြော လူပြောမသန်" ခေါင်းစဉ်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ရာ  ကျွန်တော် ပထမဆုရခဲ့ပေသည်။ ဒသမတန်း ကျောင်းသားတစ်ယောက်နှင့်   ဒသမတန်းကျောင်းသူတစ်ယောက် ဒုတိယနှင့်  တတိယဆုရခဲ့ကြပေသည်။ ဆုပေးပွဲကို  တန်းမြင့်ကျောင်း ဟောခန်းမ၌ အခမ်းအနားဖြင့် ချီးမြှင့်ခဲ့ကြသည်။ စာညံ့သော တောကကျောင်းသားကျွန်တော် စင်မြင့်ပေါ်တက်ပြီး ဆုယူရာတွင် ရှက်ရှက်နှင့် ရင်တွေခုန်ပြီး ချွေးပြန်နေပေသည်။ ကျွန်တော့်ဘဝတွင် ဆုဟူသည် တစ်ခါတလေမျှပင် မရဖူးသဖြင့် ကျွန်တော့်ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ဝမ်းသာနေပေတော့သည်။

"သူ စာစီစာကုံး ပထမဆုရတာ အံ့သြစရာပဲနော်"

"ဘာဖြစ်လို့လဲ"

"ဟာ နင်ကလည်း ဆရာမပြောတာမကြားဘူးလား၊ သူက လပတ်စာမေးပွဲတွေမှာ သင်္ချာရမှတ် အောင်မှတ်တစ်ခါမှမပြည့်ဘူးလေ"

"သူက သင်္ချာရမှတ်သာနည်းတာ၊ မြန်မာစာအမှတ်ဆို ဂုဏ်ထူးမှတ် နီးနေတာလေ"

"ဝင်မှာပေါ့အေ့၊ သူက ကဗျာတွေဘာတွေတောင်ရေးလို့ စာစောင်တွေ၊ မဂ္ဂဇင်းတွေမှာတောင် ပါနေပြီလေ"

ဤသည်တို့မှာကား    ကျွန်တော်   စာစီစာကုံးပထမဆုရသဖြင့် အတန်းဖော်ကျောင်းသူများကြားတွင် ပြောစမှတ်ကျန်ခဲ့ခြင်းပင် ဖြစ်ပါ

တော့သည်။

၁၉၆၅-၆၆ ခုနှစ် ပညာသင်နှစ်၏ နဝမတန်း (တန်းမြင့်ကျောင်းထွက် လက်မှတ်ရစာမေးပွဲ) ဖြေကြရလေပြီ။

ပထမနေ့တွင် မြန်မာစာဖြေရသည်။ စာပေရေးသားနေသူ ကျွန်တော့်အတွက် မြန်မာစာဘာသာရပ်မှာ ကိုယ်ပိုင်ဘာသာရပ်လို ဖြစ်နေပေရာ ကောင်းကောင်းဖြေနိုင်ပေသည်။ တစ်ပုဒ်မှမလွတ်၊ အပုဒ်စေ့ဖြေနိုင်သည်။ ရင်ထဲမှာ   ပေါ့ပါးပျော်ရွှင်နေမိသည်။   စာမေးပွဲဒုတိယနေ့မှာတော့ အင်္ဂလိပ်စာဖြေရသည်။ အင်္ဂလိပ်စာ(၁)နှင့် (၂) ကို မေးခွန်းစာရွက်တစ်ခုတည်းတွင် အမှတ် ၁ဝဝ ဖိုး မေးထားသည်။ ကျွန်တော့်မှာ အရမ်းဖြေနိုင်သည်ဟု မဆိုနိုင်သော်လည်း အသင့်အတင့်ဖြေနိုင်သဖြင့် အောင်မှတ်ကတော့   အေးအေးဆေးဆေးရလိမ့်မည်ဟု    ခံယူလိုက်ပေသည်။ တတိယနေ့မှာ သင်္ချာ(၁)ဘာသာရပ်ကို စစ်သည်။ ကျွန်တော် အလွန်ကြောက်သော ဘာသာရပ်ပင်ဖြစ်သည်။ ထင်သည့်အတိုင်းပါပေ။ အပိုင်းဂဏန်းတစ်ပုဒ်မှအပ ကျန်သောပုစ္ဆာများကို ဟုတ္တိပတ္တိ မဖြေနိုင်ပေ။ သူငယ်ချင်းတွေကပြောတော့ တစ်ပုဒ်လုံး အဖြေမှန်အောင် မဖြေနိုင်

သော်လည်း တစ်ဆင့်ပြီးတစ်ဆင့် အမှတ်ပေးခြင်းဖြစ်၍ အောင်မှတ်ရနိုင်သည်ဟု အားပေးကြသည်။ (သင်္ချာ(၁) ဘာသာရပ်မှာ ဦးပန်းရည် သင်္ချာစာအုပ်ကို ပြဋ္ဌာန်းထားခြင်းပင် ဖြစ်ပေသည်) စတုတ္ထနေ့တွင် သမိုင်းဘာသာရပ်ကို ဖြေရသည်။ ကျွန်တော့်မှာ သင်္ချာဉာဏ်နည်းသော်လည်း ကျက်စာများကို ကောင်းကောင်းကျက်ထားသည့်အပြင် ဗဟုသုတ စာပေများကို လေ့လာထားသဖြင့် သမိုင်းဘာသာရပ်ကို ကောင်းကောင်း ဖြေနိုင်သည်။  စာမေးပွဲပဉ္စမနေ့တွင်တော့ ပထဝီဝင်ဘာသာရပ်ကို ဖြေရသည်။ ပထဝီဝင်ဘာသာကိုလည်း ဖြေနိုင်ပါသည်။ ခြောက်ရက်မြောက်နေ့မှာတော့ နောက်ဆုံးဘာသာရပ် သင်္ချာ(၂)မေးခွန်းကို ဖြေကြရသည်။ သင်္ချာ(၂)ဘာသာရပ်မှာ အက္ခရာသင်္ချာနှင့် ဂျီဩမေတြီဘာသာရပ်တို့ကို အမှတ် ၅ဝ ဖိုးစီ ခွဲဝေမေးထားသောမေးခွန်းဖြစ်သည်။ သင်္ချာ(၂)မေးခွန်းသည်လည်း သင်္ချာညံ့သောကျွန်တော့်ကို ချာချာလည်စေခဲ့လေပြီ။ ကျွန်တော် သတိထားမိသည်မှာ အက္ခရာသင်္ချာတွင် နှစ်ပုဒ် ကောင်းကောင်းဖြေနိုင်ပြီး ဂျီသြမေတြီဘာသာရပ်တွင် သီအိုရီ (၂၉)ဖြစ်သော ပိုက်သာဂိုရပ်သီအိုရီတစ်ပုဒ်ကိုတော့ အလွတ်ကျက်သလို လေ့လာထား၍ ဖြေနိုင်ခဲ့သည်။ ဘာသာရပ်ခြောက်ခုဖြေအပြီးမှာတော့ ကျွန်တော့်အဖို့ စာမေးပွဲဖြေနိုင်သည်ဟု ပြောဖို့ခက်လှပေသည်။

၁၉၆၆ ခုနှစ် မတ်လတွင် စစ်ဆေးခဲ့သော နဝမတန်းစာမေးပွဲဖြေအပြီး အိမ်ပြန်ချိန်မှာကား ကျွန်တော့်အတွက် မရွှင်မပျအခြေအနေမျိုးနှင့် နွမ်းလျအိမ်ပြန်ဖြစ်ခဲ့ရချေလေပြီ။ မောသည်ပန်းသည်ဟူ၍ အလျှင်းမရှိသော အချိန်သည် စက္ကန့်နှင့်အမျှ ပြေးလွှားနေလေ့ရှိပေရာ ကျွန်တော်တို့ စာဖြေကျောင်းသားများအတွက် အောင်စာရင်းထွက်သည့်ကာလသို့ ရောက်ရှိခဲ့ပါလေပြီ။  သေချာရေရာမှုမရှိသော   ကျွန်တော့်လို အသုံးမကျသည့် သူအတွက် အနုတ်လက္ခဏာပြ သင်္ကေတနှင့် ရှုံးသည်ဆိုခြင်းမှာ  အဆန်းမဟုတ်ပါလေ။  ကျွန်တော်  ချုံးပွဲချ  မငိုခဲ့သော်လည်း မိုက်နောင်တသည် ကျွန်တော့်ရင်၌ အစိုင်အခဲကြီးမားစွာ ဖြစ်တည်နေပေ၏။ စာမေးပွဲအဖြေသိသောနေ့က ကျွန်တော့်အဖေနှင့်အမေ့ကို သတိထားပြီး ကြောက်ကြောက်ရွံ့ရွံ့ ကြည့်မိသည်။ လှေပေါ်မှာ လှေထိုးရင်း အချိန်ကုန်ပြီး နေလောင်ဒဏ်ကြောင့်  နီညိုရောင်သန်းနေသော အဖေ့မျက်နှာ  ပိုပြီးအိုစာသွားသလို  တွေ့လိုက်ရသည်။   အမေသည် နို့စို့ကလေးကို ရင်ခွင်ပိုက်နို့တိုက်ရင်း ကလေးပါးပြင်မို့မို့လေးပေါ်သို့ မျက်ရည်တစ်စက် ကြွေဆင်းသွားသည်။ အမေ့ကိုဆက်ကြည့်နိုင်သည့် အင်အားမရှိတော့သလို ကျွန်တော်ခံစားသွားရသည်။

"သားရယ် စာမေးပွဲရှုံးတာ   အဆန်းမဟုတ်ပါဘူး။    ကျောင်းသားတစ်ယောက် စာမေးပွဲဖြေတာမှာ အောင်ရင်အောင်မယ်၊ ရှုံးရင်ရှုံးမယ်ပေါ့၊ သား ဒီနှစ်ရှုံးတော့ နောက်နှစ်ဆက်ဖြေပေါ့။ အဖေ သားကိုကျောင်းထားပေးနိုင်အောင် ကြိုးစားနေတာပဲ၊ သား စာမေးပွဲဆက်ဖြေနော်"

မြင်းမိုရ်ရွှေတောင်   အဖေကြီးစကား  လေးနက်လိုက်ပါဘိခြင်း။ ကျွန်တော် အဖေကြီးကို တစ်ချက်မော့ကြည့်ပြီး ခေါင်းလေးတစ်ချက် ညိတ်ပြလိုက်သည်။

"သား ကျောင်းဆက်တက်နော်။  အမေတို့ ပင်ပန်းကြတယ်ဆိုပြီး အဖေ၊ အမေတို့ကိုညှာပြီး ကျောင်းထွက်မယ်တော့ မလုပ်ပါနဲ့သားရယ်၊ စာမေးပွဲဆက်ဖြေပြီး ကိုယ့်ရွာက ကလေးတွေကို စာသင်ပြပေးနိုင်တဲ့ ကျောင်းဆရာဖြစ်အောင် ကြိုးစားစမ်းပါကွယ်၊ သားကြီး ကျောင်းဆရာအဖြစ်နဲ့ ကျောင်းသွားစာပြနေတာ အမေမြင်ချင်လိုက်တာသားရယ်" အမေ့ဆုံးမစကား ရင်ထဲထိလိုက်တာ။ ကျွန်တော့်ရင်ထဲမှာ ဆို့နင့်ပြီးငိုချင်သလိုဖြစ်သွားသည်။   ကိုယ့်ကိုယ်ကိုယ်လည်း     အသုံးမကျသူ၊ အလကားကောင်အဖြစ် ခွင့်မလွှတ်နိုင်သလို ဖြစ်သွားခဲ့သည်။

"ငါ တော်တော် အသုံးမကျတဲ့ကောင်ပဲ" ကိုယ့်ကိုယ်ကိုယ် ဘဝင်မကျမှု စိတ်သန္တာန်သည် ခံစားချက်နှလုံးအိမ်၌ အထပ်ထပ်ရစ်ပတ်နေပေ၏။

၁၉၆၆-၆၇  ခုနှစ်  ပညာသင်နှစ်အတွက်  နဝမတန်း (တန်းမြင့်ကျောင်းထွက်လက်မှတ်ရစာမေးပွဲ) ဖြေဆိုရန်အတွက် ကျောက်ဖြူမြို့ကြီးသို့ ရောက်လာခဲ့ပြန်ပါပြီ။ ကျွန်တော့်အဘွား ဒေါ်ရွှေစုဆီမှာပဲ မှီခိုကပ်ရပ်ခဲ့သည်။ ကျွန်တော်သည် ကျောက်ဖြူမြို့ပြကြီးသို့ ရောက်လာခဲ့သည်မှာ ခုနစ်နှစ်လုံးလုံးကြီးရှိပါပြီ။ တစ်နည်းအားဖြင့် ကျေးလက်တောရွာက နွမ်းပါးသည့်အဖေနှင့်အမေတို့ သားကိုချစ်လွန်းလို့ မြို့ပို့ပေးခဲ့ခြင်း ခုနစ်နှစ်မြောက်နှစ်ပါပဲ။

                       ဆက်လက်ဖော်ပြပါမည်။