ကျန်းမာရေးကောင်းမွန်ဖို့ ရုံးပတီသီး(Okra) စားကြစို့

 

ကျန်းမာရေးကောင်းမွန်ဖို့ ရုံးပတီသီး(Okra) စားကြစို့

လူမှန်သမျှ   အစာအာဟာရပြည့်ဝမှ    စွမ်းအင်ပြည့်ဝမယ်။    ခန္ဓာကိုယ်လှုပ်ရှားမှုတွေ   တက်ကြွ မြန်ဆန်မယ်။   အတွေးအခေါ်တွေ   ကောင်းမယ်။

မှန်ကန်တဲ့လုပ်ဆောင်မှုတွေလုပ်နိုင်ဖို့ စွမ်းအင်ပြည့်ဝဖို့ လိုအပ်ပါတယ်။ စွမ်းအင်ပြည့်ဝဖို့ဆိုရာမှာလည်း သင့်တင့်မျှတတဲ့အစာအာဟာရတွေကို   ရွေးချယ် စားသောက်ဖို့လည်းလိုအပ်ပါတယ်။   အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက လူတိုင်းနေ့စဉ်မဖြစ်မနေ စားသုံးသင့်တဲ့အစားအစာထဲမှာပါဝင်ပါတယ်။ အရည် ရွှမ်းပြီး  ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ်ပေါ ကြွယ်ဝတဲ့   အသီးအနှံနဲ့ဟင်းသီးဟင်းရွက်တွေက   ခန္ဓာကိုယ်ကြံ့ခိုင်မှုအတွက် အရေးပါလှပါတယ်။

Lady’s Finger (အမျိုးသမီးရဲ့လက်ချောင်း)

ရာသီဥတုနဲ့  မြေမရွေးဘဲ   ရေပုံမှန်လောင်းပေးနိုင်ရင် စိုက်လိုက်တိုင်းသီးပြီး ဈေးမှာအလွယ်တကူ  ဝယ်ယူနိုင်တဲ့   ဟင်းသီးဟင်းရွက်အများကြီးထဲက တစ်မျိုးအကြောင်းကို  မျှဝေချင်ပါတယ်။    ဒီအသီး ကတော့ လူတိုင်းရင်းနှီးနေတဲ့ Okra ခေါ်တဲ့ ရုံးပတီ သီးဖြစ်ပြီး ပန်းပွင့်တဲ့အပင်မျိုးဖြစ်ပါတယ်။ ရုံးပတီသီး မှာ ရေ  ၉၀  ရာခိုင်နှုန်း၊  ပရိုတင်း  ၂ ရာခိုင်နှုန်းနဲ့  ကစီဓာတ် (ကာဗိုဟိုက်ဒရိတ်)   ၇  ရာခိုင်နှုန်းပါဝင်ပြီး     အဆီဓာတ်ပါဝင်မှု အလွန်နည်းပါးပါတယ်။

ရုံးပတီသီးရဲ့မူလပေါက်ရောက်ရာဇာတိ

ရုံးပတီသီးရဲ့သိပ္ပံအမည်က    Abelmoschus esculentus   ဖြစ်ပါတယ်။  မူရင်းပေါက်ရောက်ရာ ဒေသက အနောက်အာဖရိကဒေသ၊ အီသီယိုပီးယားနဲ့ တောင်အာရှဒေသတွေဖြစ်ပါတယ်။ ပူနွေးစိုစွတ်တဲ့   ရာသီဥတုရှိတဲ့     ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။   မြန်မာနိုင်ငံအနေနဲ့ဆိုရင် စိုက်ပျိုးရေးလုပ်ငန်းကို   အဓိကထား လုပ်ကိုင်တဲ့ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ထဲက   ကျေးရွာတွေမှာ   မုန်းချောင်းရေကို အမှီပြုပြီး    ရုံးပတီသီးအပါအဝင်     တခြားဟင်းသီးဟင်းရွက် မျိုးစုံကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလေ့ရှိပါတယ်။

ရုံးပတီသီးမှာ ပါဝင်တဲ့ဓာတ်သဘာဝများ

ရုံးပတီသီးရဲ့ကောင်းကျိုးတွေကို    ပြောရရင် အတော်များပါတယ်။  ရုံးပတီသီးမှာ  ဆဲလ်လူလို့စ် အမျှင်ဓာတ် ၆၇ ဒသမ ၅ ရာခိုင်နှုန်း၊ ဟီမီဆဲလ်လူလို့စ် ၁၅ ဒသမ ၄ ရာခိုင်နှုန်း၊ လစ်နင်  ၇ ဒသမ ၁ ရာခိုင်နှုန်း၊  Pectic matter ၃ ဒသမ ၄ ရာခိုင်နှုန်း၊ အဆီဓာတ်နှင့် ဖယောင်းဓာတ် ၃ ဒသမ ၉ ရာခိုင်နှုန်း၊ ပျမ်းမျှအားဖြင့် ရေထုတ်နုတ်မှု  ၂ ဒသမ ၇ ရာခိုင်နှုန်းပါဝင်ပါတယ်။ ရုံးပတီသီးက ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝပြီး ဖောလစ် အက်စစ်၊ ဗီတာမင်ဘီနဲ့စီ၊ ကယ်လ်ဆီယမ်နဲ့အမျှင် ဓာတ်တွေပါဝင်ပါတယ်။  အဲဒီအာဟာရဓာတ်တွေက  ကျန်းမာရေးအတွက် အများကြီးအကျိုးရှိစေပါတယ်။ ရုံးပတီသီးက  ဆီးချိုရောဂါနဲ့   ကျောက်ကပ်ရောဂါ တွေကို   ကာကွယ်ပေးနိုင်တဲ့အပြင်  အစာချေဖျက်ရေးနဲ့ဆိုင်တဲ့ ဝမ်းဗိုက်ရောဂါတွေကိုလည်း  သက်သာ ပျောက်ကင်းစေပြီး ပန်းနာရင်ကျပ်ရောဂါတွေကိုလည်း သက်သာစေနိုင်ပါတယ်။   ဒါ့ပြင်  ကိုယ်အလေးချိန် လျှော့ချချင်သူတွေအတွက်လည်း ကိုလက်စထရောကို  ထိန်းပေးနိုင်လို့  အမှန်တကယ် စားသုံးသင့်ပါတယ်။

ရုံးပတီသီး၏ ကျန်းမာရေးဆိုင်ရာကောင်းကျိုးများ

ရုံးပတီသီးကိုကြော်စားတာ၊ အတို့အမြှုပ်လုပ်စားတာ၊ ကင်စားတာ၊  အချဉ်ရည်ဟင်းထဲထည့်ချက်တာ မျိုးတွေစသဖြင့်   မိမိကြိုက်နှစ်သက်သလို ပြုပြင်စား သုံးလို့ရပါတယ်။     ရုံးပတီသီးမှာကျန်းမာရေးကို အထောက်အကူပြုတဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။    ခန္ဓာကိုယ်အတွက်    နေ့စဉ်လိုအပ်တဲ့ အမျှင်ဓာတ်တွေ  ကြွယ်ဝစွာပါဝင်ပြီး  ဝမ်းချုပ်တာ ကိုသက်သာစေနိုင်လို့   သဘာဝဝမ်းနုတ်ဆေးလို့

တောင်  ခေါ်လို့ရပါတယ်။  ရုံးပတီသီးမှာ ပါတဲ့ချွဲပျစ်ပျစ် အစေးတွေက အူမကြီးအတွင်းချေဖျက်ပြီး အစာ တွေကိုပို့ဆောင်ရာမှာ  ချောဆီအနေနဲ့ လုပ်ဆောင်ပေးတာကြောင့်     ဝမ်းသွားရတာကိုလွယ်ကူစေပါ တယ်။ ရုံးပတီသီးမှာပါတဲ့ အမျှင်ဓာတ်က အူအတွင်းမှာရှိတဲ့ အကျိုးပြုဗက်တီးရီးယားတွေအတွက် အစာ အာဟာရဖြစ်စေပြီး  အစာခြေလမ်းကြောင်းရဲ့  ရေဓာတ်ကိုထိန်းညှိပေးပါတယ်။  ရုံးပတီသီးမှာ အမြင် အာရုံနဲ့  အရေပြားကျန်းမာရေးကို   အထောက်အပံ့ပေးတဲ့  ဗီတာမင်အေနဲ့  တခြားဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေလည်း  ကြွယ်ဝစွာပါဝင်ပါတယ်။  ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို အထောက်အကူပြုတဲ့  ဗီတာမင်စီဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝမှုက   ရောင်ရမ်းမှုကိုလျော့ကျစေနိုင်သလို      ပန်းနာရင်ကျပ်ဝေဒနာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချ ပေးပါတယ်။      ပန်းနာရင်ကျပ် ရောဂါရှိသူတွေကို သက်သာစေနိုင်ပါတယ်။   ကိုယ်ဝန်ဆောင်ကာလအတွင်း လိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးပြီး   ကလေးငယ်တွေ   မွေးရာပါချို့ယွင်းချက်မပါအောင် ကာကွယ်ပေးနိုင်တဲ့   ဖောလစ်အက်စစ်လည်းပါဝင်ပါတယ်။ ဖောလစ်အက်စစ်က အဆုတ်တွေကို သန့်စင်ဖို့လည်း အထောက်အကူပြုပါတယ်။

ရုံးပတီသီးက အရိုးကျန်းမာရေးအတွက် အရေးပါသလို ကိုယ်တွင်းရှိ အဆစ်အမြှေးပါးတွေကို လည်း ကောင်းမွန်စေပါတယ်။ ရုံးပတီသီးမှာပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။    ပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်တွေက    အစာခြေစနစ်ကို ကောင်းမွန်စေပြီး အစာစားချင်စိတ်ကို လျော့ကျ စေနိုင်ပါတယ်။ ဗိုက်ပြည့်တယ်လို့    မြန်မြန်ဆန်ဆန်ခံစားရနိုင်ပြီး အချိန်တန်ကြာအောင်     အစာခံနိုင်တာကြောင့် ကယ်လိုရီ စားသုံးမှုပမာဏကို       တိုင်းတာရာမှာ အထောက်အကူပြုစေနိုင်တဲ့အပြင် ကိုယ်အလေးချိန် လျော့ကျအောင်   လုပ်ဆောင်နေသူတွေအတွက်လည်း သင့်လျော်လှပါတယ်။ အမျှင်ဓာတ်ပေါများစွာ ပါဝင်ခြင်းက အူမကြီးကင်ဆာဖြစ်ပွားဖို့   အခွင့်အလမ်း နည်းပါးစေနိုင်ပါတယ်။ သွေးထဲကသကြားဓာတ်ကိုထိန်းပေးနိုင်ပြီး Myricetin ဓာတ်ပါဝင်လို့ သွေးထဲက    သကြားစုပ်ယူမှုပမာဏနည်းစေတာကြောင့် ဆီးချိုသမားတွေအတွက်     အထူးသင့်လျော်တဲ့စားစရာ တစ်မျိုးဖြစ်ပါတယ်။

ရုံးပတီသီးမှာပါတဲ့   အမျှင်ဓာတ်က သွေးထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေဖို့ ကူညီ ပေးနိုင်တာကြောင့် နှလုံးကျန်းမာရေးကို အထောက် အကူပြုစေပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီ သီးက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ခြင်း အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။ မဂ္ဂနီဆီယမ် ဓာတ်လည်း  ပေါများတဲ့အတွက်  ပုံမှန်သွေးဖိအား ပမာဏဖြစ်အောင် ထိန်းပေးနိုင်ပြီး   သွေးခဲခြင်းကို     လျော့ကျ စေခြင်းကြောင့်   နှလုံးကိုလည်း  ကာကွယ် ပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ Flavonoid နဲ့  Isoquercetin  အပါအဝင် Polyphenol  အပြင် ဗီတာမင်အေနှင့် စီ (7)  တို့ဖြစ်ပါတယ်။  Polyphenol  များတဲ့အစားအစာကို စားသုံးခြင်းက  သွေးခဲခြင်းနဲ့  ဓာတ်တိုးဆန့်ကျင် ပျက်စီးမှု ဖြစ်နိုင်ခြေကို လျှော့ချပေးခြင်းဖြင့် နှလုံးကျန်းမာရေးကို   တိုးတက်စေနိုင်ကြောင်း    သုတေသနပြုချက် များအရ သိရပါတယ်။

ရုံးပတီသီးမှာ   လက်တင်ဆိုတဲ့   ပရိုတင်းဓာတ်တစ်မျိုးပါဝင်ပါတယ်။  အဲဒီဓာတ်က  ရင်သားကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို   တိုက်ဖျက်ရာမှာ ကူညီနိုင်ပါတယ်။  ကင်ဆာဆဲလ်ကြီးထွားခြင်းကို ၆၃ ရာခှိုင်နှုန်းအထိ  လုံးဝအမြစ်ဖြတ် နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဖောလစ်ဓာတ်ကြွယ်ဝတဲ့အတွက် ကင်ဆာရောဂါကို ကာကွယ်ဖို့  မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ဖြစ်ပါတယ်။  ဖောလစ်ဓာတ်ချို့တဲ့သူတွေမှာ    ရင်သား ကင်ဆာ၊    ပန်ကရိယကင်ဆာ၊  သားအိမ်လည်တံကင်ဆာနဲ့    အဆုတ်ကင်ဆာဖြစ်ပွားမှု များတယ်လို့  ဖော်ပြကြပါတယ်။ ဖောလစ်ဓာတ်က ကိုယ်ဝန်ဆောင် ချိန်အတွင်း  အရမ်းလိုအပ်ပြီး  အရေးကြီးတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။ လမစေ့ဘဲ ကလေးမွေးဖွားခြင်းကို လျော့ကျစေနိုင်ပါတယ်။ ဗီတာမင်စီလည်းပါဝင် တဲ့အတွက် သံဓာတ်စုပ်ယူမှု အားကောင်းစေပါတယ်။ အဲဒါကြောင့် သံဓာတ်မပြည့်ဝလို့ ကိုယ်ဝန်ဆောင်ချိန် အတွင်းဖြစ်နိုင်တဲ့  သွေးအားနည်းခြင်း၊ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုကို    နောက်ကျတဲ့ပြဿနာတွေ မဖြစ်စေနိုင်တော့ပါဘူး။      သန္ဓေသားကြီးထွားမှုအတွက် လိုအပ်တဲ့သွေးနီဥတွေကိုလည်း တိုးပွားစေပါတယ်။

ရုံးပတီသီးမှာ ဗီတာမင်အေ  ကြွယ်ဝစွာပါဝင်နေ သလို ဗီတာကလိုဒီနွိုက်၊  ဗျူတင်းစတဲ့  ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ   ကြွယ်ဝစွာပါဝင်တာကြောင့်     ရုံးပတီသီးက     ဓာတ်တိုးဆန့်ကျင် ပစ္စည်းအရင်းအမြစ် တစ်ခုလည်း ဖြစ်ပါတယ်။ ရုံးပတီသီးအစေ့က Catechin  နဲ့  Quercetin  ကဲ့သို့သော   ဖီနိုလစ်ဒြပ်ပေါင်းတွေနဲ့ Flavonoid Derivative  အပါအဝင်  ဓာတ်တိုးဆန့်ကျင်ဒြပ်ပေါင်းများစွာ   ပါရှိပါတယ်။ ဒါ့ပြင်  ရုံးပတီသီးမှာပါတဲ့  ချွဲပျစ်ပျစ်အစေးတွေက အူထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားတွေကို အစာ ကျွေးတဲ့ ကော်လာဂျင်နဲ့ မြူကိုပိုလီစခရိုက်စ်လိုမျိုး ပိုလီစခရိုက်စ်တွေနဲ့ ဖွဲ့စည်းထားတာကြောင့်  ရုံးပတီသီးက အစာခြေစနစ်အတွက် အလွန်ကောင်းမွန်ပြီး     အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်တွေကို    တိုးတက် ကောင်းမွန်အောင်    ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

ရုံးပတီသီးမှာကြွယ်ဝစွာပါဝင်တဲ့  ဗီတာမင်အေနဲ့   ဘီတာကယ်ရိုတင်းဓာတ်က အမြင်အာရုံကို ကောင်း မွန်စေတဲ့ အာဟာရဓာတ်နှစ်မျိုး ဖြစ်ပါတယ်။ ဘီတာကယ်ရိုတင်းက   အရေပြားအတွင်းရှိ    ခရမ်းလွန် ရောင်ခြည်၊ လေထုညစ်ညမ်းမှုနဲ့  ဆေးလိပ်သောက် ခြင်းကဲ့သို့ ပတ်ဝန်းကျင်ဆိုင်ရာ အချက်တွေကြောင့် ဖြစ်ပေါ်လာတဲ့ မတည်မငြိမ် မော်လီကျူးတွေဖြစ်တဲ့ ဖရီးရယ်ဒီကယ်တွေကိုချေဖျက်ရာမှာ   အထောက် အကူဖြစ်စေတဲ့    အစွမ်းထက်     ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်တာကြောင့်   အရေပြားပျက်စီးခြင်းကို  ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့      လေ့လာတွေ့ရှိခဲ့ကြပါတယ်။  ဘီတာကယ်ရိုတင်းဓာတ်က အရေပြား ကို ကြည်လင်စေပါတယ်။   ဗီတာမင်အေကတော့ အရေးအကြောင်းတွေနဲ့      အိုမင်းရင့်ရော်ခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။  ဗီတာမင်အေက  ပုံမှန်အမြင်အာရုံ၊ ကိုယ်ခံအားစနစ်၊ မျိုးပွားမှုနဲ့ကြီးထွား ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးသလို နှလုံး၊ အဆုတ်နဲ့ တခြားအင်္ဂါတွေ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

ရုံးပတီသီးက    ကောင်းတဲ့အာဟာရတွေကိုပေးတာ၊ နှလုံးကျန်းမာရေးကို မြှင့်တင်ပေးတာ၊ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်တာ၊    အရိုးတွေကိုသန်မာစေတာ၊ သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတာ၊ ကျန်းမာတဲ့ သန္ဓေသားဖြစ်စေဖို့  ထောက်ပံ့ပေးတာ၊ အူလမ်းကြောင်း ကျန်းမာရေးကိုကောင်းမွန်စေတာ စတဲ့ကောင်းကျိုး အဖြာဖြာနဲ့ ပြည့်စုံပြီး   အာဟာရဓာတ်ပြည့်ဝတဲ့အတွက်       လူတိုင်းစားသုံးသင့်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။                               

ဒေါက်တာလပြည့်ခင်