မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ပြိုင်ပွဲတွင် သစ္စာအားမာန်အသင်း၊ ဒဂုံစတားအသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ
ရန်ကုန် ဩဂုတ် ၂၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့် မြန်မာနေရှင်နယ် လိဂ်ယူ-၂၀ပြိုင်ပွဲ ပွဲစဉ်(၁၃)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ကျင်းပခဲ့ရာ သစ္စာအားမာန်အသင်း၊ ဒဂုံစတားအသင်းနှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။
မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၃)ပွဲစဉ်များအဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ စလင်းအားကစားကွင်း၌ ဒဂုံစတားအသင်းနှင့် ရတနာပုံအက်ဖ်စီအသင်းတို့ ကစားခဲ့ရာ ဒဂုံစတားအသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဒဂုံစတားအသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၄၂ မိနစ်တွင် ဖြိုးခန့်ငြိမ်း၊ ပွဲချိန် ၉၃ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် မင်းခန့်ကျော်တို့က သွင်းယူပေးခဲ့ကာ ရတနာပုံအက်ဖ်စီအသင်း အတွက်သွင်းဂိုးကို ပွဲချိန် ၄၄ မိနစ်တွင် ဘရန်ဒန်လိုင်က သွင်းယူပေးနိုင်ခဲ့သည်။
အလားတူ ညနေ ၃ နာရီခွဲတွင် ဗဟန်းအားကစားကွင်း၌ ISPE အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ISPE အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ISPE အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၅၁ မိနစ်တွင်ရှိုင်းကိုကိုဇော်နှင့် ပွဲချိန် ၅၈ မိနစ်တွင် နေဒန်တို့ကသွင်းယူပေးခဲ့ကာ ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၃၁ မိနစ်တွင် ထက်မြတ်လွင်က သွင်းယူပေးနိုင်ခဲ့သည်။
ဆက်လက်၍ ညနေ ၃ နာရီခွဲတွင် ပဒုမ္မာအားကစားကွင်း၌ ဟံသာဝတီယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ကစားခဲ့ရာ သစ္စာအားမာန်အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး သစ္စာအားမာန် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၁ မိနစ်တွင် ထက်ဇေယျာမင်းနှင့် ပွဲချိန် မိနစ် ၉၀ တွင် ဇင်ဖြိုးပိုင်တို့က သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။
စည်သူအောင်