ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံစိုက်ပျိုးရေးအောင်မြင်အောင်ဆောင်ရွက်စို့

ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံစိုက်ပျိုးရေးအောင်မြင်အောင်ဆောင်ရွက်စို့

လူသားတိုင်းဟာ မိမိတို့အသက်ရှင်သန်နေထိုင်ဖို့ နေ့စဉ်စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန် နေကြရပါတယ်။ အလုပ်အကိုင်အသီးသီး ရှိကြရာမှာ နိုင်ငံ့ဝန်ထမ်းဖြစ်သူက နိုင်ငံ့ဝန်ထမ်းအလုပ်၊ ကုန်သွယ်ရောင်းဝယ်သူက  ကုန်သွယ်မှုအလုပ်၊ စိုက်ပျိုးမွေးမြူသူတွေက စိုက်ပျိုးရေး၊ မွေးမြူရေး အလုပ်စသည်ဖြင့်    လုပ်ဆောင်နေကြရပါတယ်။  အားလုံးက ကိုယ်စီလုပ်ငန်းတွေကို အောင်မြင်အောင် လုပ်ဆောင်ကြမှသာ  တစ်ဦးချင်းစီရဲ့စီးပွားရေး ပြေလည်ကောင်းမွန်မှာဖြစ်ပါတယ်။  တစ်ဦးချင်းဝင်ငွေကောင်း၊ အလုပ်အကိုင်ကောင်းမှလည်း နိုင်ငံ့စီးပွားရေးကောင်းမွန်မှာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံအနေနဲ့ စျေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်တဲ့အတွက် အလုပ်လုပ်နိုင်လျှင် လုပ်နိုင်သမျှ အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်။

နိုင်ငံသားတိုင်းအနေနဲ့ နိုင်ငံချစ်စိတ်ရှိနေကြရမှာ ဖြစ်ပါတယ်။  နိုင်ငံချစ်စိတ်ဆိုတဲ့အထဲမှာ မိမိနိုင်ငံကို အခြားတိုးတက်တဲ့ နိုင်ငံများနည်းတူ    တိုးတက်အောင် ဆောင်ရွက်လိုတဲ့  စိတ်ဓာတ်လည်း ပါဝင်ပါတယ်။  လူသားချင်းအတူတူ သူ့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ရင် ငါ့နိုင်ငံကိုလည်း ငါတို့ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို     နိုင်ငံအတွင်းမှီတင်းနေထိုင်သူတိုင်းက မွေးမြူကြရမှာဖြစ်ပါတယ်။    တခြားနိုင်ငံကနေ မိမိနိုင်ငံအတွက် လိုအပ်တဲ့    အစားအစာတွေ၊ အဝတ်အထည်တွေတင်သွင်းနေရမယ့်အစား မိမိတို့ မြန်မာနိုင်ငံမှာရော  စိုက်ပျိုးထုတ်လုပ်ရင်မဖြစ်နိုင်ဘူးလား ဆိုတဲ့စိတ်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ ပြည်ပကနေ တင်သွင်းနေရတဲ့ အရာမှန်သမျှ   တဖြည်းဖြည်းလျော့နည်းလာမှာ ဖြစ်ပါတယ်။  အဲဒီလိုဖြစ်အောင် ကြိုးစားကြစေချင်ပါတယ်။  အထူးသဖြင့်    ပြည်ပကနေစားသုံးဆီ တင်သွင်းနေရတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံအတွင်းမှာ ဆီထွက်သီးနှံတွေ ပိုမိုဖြစ်ထွန်းအောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်မယ်၊     ဆီကြိတ်စက်တွေနဲ့ ဆီကြိတ်ခွဲမယ်ဆိုရင် ပြည်ပကမှာယူတင်သွင်းမှု ပပျောက်သွားမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ   စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။  နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင်၊ ရာသီဥတု အနေအထားတွေအရ စိုက်ပျိုးရေးလုပ်ငန်းဟာ  လုပ်ရင်လုပ်သလောက်အောင်မြင်နေတဲ့ အနေအထား ဖြစ်ပါတယ်။  ရေအရင်းအမြစ်လည်း ပေါကြွယ်နေတာဖြစ်လို့  ခက်ခဲမှုဆိုတာသိပ်မရှိနိုင်ပါဘူး။  ခေတ်မီနည်းပညာ ဆိုတာတွေကိုလည်း သုတေသနလုပ်ငန်းတွေ တီထွင်ဆောင်ရွက်ပြီး နည်းပညာ အဆင့်အတန်းမီအောင်   နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေပါတယ်။  စိုက်ပျိုးရေး လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုရင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုတဲ့ အရာလေးမျိုးလိုအပ်ပါတယ်။  ဒါတွေကို နိုင်ငံတော်ပိုင်းကကူညီနေတာဖြစ်လို့    စိုက်ပျိုးရေး လုပ်ကိုင်သူတွေအနေနဲ့   မိမိတို့လုပ်ငန်းကို   ပိုမိုအောင်မြင်မှုရှိအောင်  လုပ်ဆောင်ကြဖို့သာဖြစ်ပါတယ်။

ဆီထွက်သီးနှံတွေဖြစ်တဲ့မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်တွေကို သတ်မှတ်ထားတဲ့   စိုက်ဧကများအတိုင်း  ပြည့်မီအောင်စိုက်ပျိုးပြီး   ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိမယ်ဆိုရင် ပြည်တွင်း စားသုံးဆီဖူလုံနိုင်မှာဖြစ်ကာ ပြည်ပကနေစားသုံးဆီ   ဝယ်ယူတင်သွင်းမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။  ဒါပေမဲ့  လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ စိုက်ဧကတွေ အများကြီးရှိနေတာကို   ပြည့်မီအောင်မစိုက်ပျိုးနိုင်ကြဘူး။  စိုက်ဧကတွေအများကြီးရှိနေရက်နဲ့ ပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်း မရှိတဲ့အတွက် စားသုံးဆီကိုပြည်ပကနေ မှာယူတင်သွင်းနေရပါတယ်။  ဆီထွက်သီးနှံများကို ဆီအဖြစ်ထုတ်ယူသုံးစွဲခြင်းထက် ပို့ကုန်များအဖြစ် တင်ပို့ခြင်းနဲ့ တိုက်ရိုက်စားကုန်များအဖြစ် စားသုံးခြင်းတို့ကြောင့်လည်း      ဒေသတွင်း ဆီလိုအပ်ချက်တွေ  ဖြစ်ပေါ်နေတာ   ဖြစ်ပါတယ်။  စိုက်ပျိုးတဲ့ တောင်သူတွေအနေနဲ့ စိုက်ဧကပြည့်မီအောင်စိုက်ပျိုးသင့်ပါတယ်။    စိုက်ဧကအသစ်တိုးချဲ့ခြင်းထက်   လက်ရှိရှိထားတဲ့စိုက်ဧကတွေမှာပဲ ပြည့်မီအောင်၊ ပန်းတိုင်အထွက်နှုန်း ရရှိအောင် စိုက်ပျိုးရမှာဖြစ်ပါတယ်။  အချို့ဒေသတွေမှာဆိုရင်လည်း  သီးထပ်စိုက်ပျိုးနိုင်တဲ့ အခြေအနေတွေရှိနေတာကြောင့် စိုက်ဧကမပြည့်မီရင်တောင် သီးထပ်စိုက်ပျိုးကြဖို့ လိုအပ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂ဝ၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်ကကျင်းပတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၅/၂ဝ၂၄)တွင် အမှာစကားပြောကြားစဉ်  ‘‘ ပြည်တွင်းဆီဖူလုံမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း ၊နေကြာ၊ ဆီအုန်း၊ ပဲပုပ်တို့ကို အများစုစိုက်ပျိုးကြကြောင်း၊ အဆိုပါဆီထွက်သီးနှံများကို အများဆုံးစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပန်းတိုင်ရည်မှန်းချက်များအတိုင်း  ထွက်ရှိစေရေး ဆောင်ရွက်မည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်းဟူ၍ ထည့်သွင်း ပြောကြားခဲ့ပါ တယ်။

နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်ချမှတ်ဆောင်ရွက်ထားရာမှာ ‘‘ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်းဖူလုံမှုမှသည်   ပြည်ပသို့တင်ပို့နိုင်သည်အထိ  ကြိုးပမ်းဆောင်ရွက်ရေး’’ဦးတည်ချက်ပါဝင်ပါတယ်။

ပြည်တွင်းစားသုံးဆီဖူလုံမှုနှင့်ပတ်သက်လို့  မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ်တို့ကိုအများစု  စိုက်ပျိုးကြပါတယ်။   အဆိုပါဆီထွက် သီးနှံများအများဆုံး စိုက်ပျိုးကြတဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ်များမှာ  ပန်းတိုင်ရည်မှန်းချက်များ အတိုင်းထွက်ရှိစေရေး ဆောင်ရွက်ကြမှသာ ပြည်တွင်းစားသုံးဆီ ဖူလုံမှုကို များစွာအထောက်အကူပြုမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ အဓိကလိုအပ်နေတာက အမှန်တကယ် အလုပ်လုပ်ဖို့ ဖြစ်ပါတယ်။  နိုင်ငံတော် အစိုးရအနေနဲ့ အလုပ်လုပ်နိုင်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနေတဲ့အပြင် လိုအပ်တဲ့ သွင်းအားစုတွေကိုလည်း    ကူညီပံ့ပိုးနေတာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့  နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးကိစ္စရပ်များမှာ ဆောင်ရွက်၍ ရသည်များကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။  ထို့အတူ သက်ဆိုင်ရာ တာဝန်ရှိသူများ အားလုံးကလည်း    ကျရာကဏ္ဍမှ ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။  အုပ်ချုပ်မှုပိုင်းဆိုင်ရာ တာဝန်ရှိသူများက စီမံခန့်ခွဲခြင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ဆောင်သူများက ကုန်ကြမ်းများ ထုတ်လုပ်ခြင်း၊ ကုန်ထုတ်လုပ်သူများက ထုတ်ကုန်ထုတ်လုပ်ခြင်းများ ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်း စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့ အတွက်ဆိုရင် ဆီထွက်သီးနှံများကို ပိုမိုအောင်မြင်အောင်  စိုက်ပျိုးကြရမှာပါ။ 

မိုးစပါးစိုက်ပျိုး ပြီးစီးတဲ့အချိန်မှာ လယ်မြေဧက လေးသန်းခန့်မှ နေကြာစိုက်ပျိုး၍ရသည့် မြေနေရာများတွင် နေကြာကို စိုက်ပျိုးမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုကို    အထောက်အကူပြုမှာ ဖြစ်ပါတယ်။  ဆီထွက် သီးနှံများဖြစ်တဲ့  နေကြာ၊  မြေပဲ၊  နှမ်း၊ ပန်းနှမ်း၊ ဆီမုန်ညင်းတို့အပြင် ပဲပုပ်မှလည်း ဆီထုတ်လုပ်၍ရတဲ့အတွက် ပဲပုပ်စိုက်ပျိုးထုတ်လုပ်မှုများလည်း တိုးတက်အောင်  ဆောင်ရွက်မယ်ဆိုပါက ပြည်တွင်းစားသုံးဆီသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့ရောင်းချနိုင်ပါတယ်။ 

ဆီထွက်သီးနှံအထွက်နှုန်း   တိုးတက်လာမှသာ ပြည်တွင်းစားသုံးဆီဖူလုံပြီး  ပြည်ပမှတင်သွင်းနေရမှုများကို  လျှော့ချနိုင်မယ်ဆိုတာ  ဒါဟာလက်တွေ့ကျတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  နှစ်စဉ်စားသုံးဆီလိုအပ်ချက်ကိုလေ့လာမိသလောက်ပြောရရင် လူတစ်ဦးဟာ တစ်နှစ်ကို စားသုံးဆီစားသုံးမှု ၉ ပိဿာရှိပါတယ်။  မြန်မာနိုင်ငံရဲ့လူဦးရေ ၅၆ ဒသမ ၂၄ သန်းရှိတဲ့အတွက် စားသုံးဆီ လိုအပ်ချက်ဟာ ၅ဝ၆,၁၆ဝ,ဝဝဝ ပိဿာရှိပါတယ်။  တန်အားဖြင့်ဆိုလျှင် တစ်တန်မှာ ၆၁၂ ဒသမ ၃၉ ပိဿာဖြစ်တဲ့အတွက် ၈၂၆,၅၃၂ တန်ဖြစ်ပါတယ်။                   

ဆီထွက်သီးနှံတွေဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီမုန်ညင်း၊ ပန်းနှမ်းတွေ ၂ဝ၂၃-၂ဝ၂၄ ပြည်တွင်း ထုတ်လုပ်နိုင်မှုအခြေအနေကို လေ့လာမိသလောက်အနှစ်ချုပ်ပြောရလျှင် စိုက်ပျိုးဧကပေါင်း ၈,၃၈၆,၃၇၅ ရှိရာမှာ အမှန်တကယ်စိုက်ပျိုးပြီးစီးတာ ၈,၂၈၄,၆၃၁ ဧကဖြစ်ပါတယ်။

၂၀၂၃-၂၀၂၄ ခုနှစ်တွင် မိုးမြေပဲနဲ့ ဆောင်းမြေပဲကို ရိတ်ဧက ၃,၁၆၄,၈၈၈ ဧက  ရှိခဲ့ပြီး  တင်းပေါင်း ၁၇၇,၈၆၉,၂၆၅ တင်းထွက်ရှိပါတယ်။   မိုးနှမ်း၊ နွေနှမ်း၊ ဆောင်းနှမ်းကို  ရိတ်ဧက ၃,၆၆၁,၉၄၆ ဧကရှိခဲ့ပြီး စုစုပေါင်း ၃၂,၇၇၇,၆၉ဝ တင်းထွက်ရှိပါတယ်။ မိုးနေကြာနဲ့ ဆောင်းနေကြာကို ရိတ်ဧက ၁,၀၆၆,၂၁၃ ဧကရှိခဲ့ပြီး ထွက်ရှိမှုအနေနဲ့ တင်းပေါင်း ၂၃,၆၇၁,၇၃၁ တင်းထွက်ရှိပါတယ်။ ဆီမုန်ညင်းက ရိတ်ဧက ၉၂,၇၄၇ ဧကရှိခဲ့ပြီး ၁,၂ဝ၉,၆၈၄ တင်းနဲ့ ပန်းနှမ်းဧကက  ရိတ်ဧက  ၂၉၈,၈၃၇ ဧက ရှိခဲ့ပြီး ၃,၁၉၄,၇၇၅ တင်းထွက်ရှိပါတယ်။  ဒီထွက်ရှိမှုတွေ ကို ပြန်စိစစ်ကြည့်မယ်ဆိုရင် ၂၀၂၃-၂၀၂၄   ခုနှစ်အတွင်း  ဆီထွက်သီးနှံတွေကတစ်ဆင့် စားသုံးဆီနဲ့ ပတ်သက်လို့   ပြည်တွင်းထုတ်လုပ်နိုင်မှုဟာ စုစုပေါင်း   ၅၀၇,၇၃၉,၂၀၄ ပိဿာရှိခဲ့ပြီး  တန်အားဖြင့်ဆိုရင်တော့  ၈၂၉,၁၁၁  တန်ရှိကြောင်း သိရှိရပါတယ်။  ဆီထွက်သီးနှံများကို အခြားထုတ်လုပ်မှု အနေနဲ့လည်း အသုံးပြုကြတဲ့အတွက် စားသုံးဆီထုတ်လုပ်မှု လျော့နည်းနေတာကိုလည်း တွေ့ရပါတယ်။ စိုက်ဧကတွေ အားလုံးမှာ စိုက်ပျိုးနိုင်ပြီး ပန်းတိုင်အထွက်နှုန်း အတိုင်းသာထွက်ရှိမယ်ဆိုရင် ပြည်တွင်းစားသုံးဆီ ထုတ်လုပ်နိုင်မှုဟာ     ဒီထက်ပိုမိုလာမှာဖြစ်ကာ ပြည်ပကိုပါတင်ပို့နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီတွေကို ပြည်ပမှနှစ်စဉ်တင်သွင်းမှုပမာဏကို လေ့လာကြည့်မယ်ဆိုရင် တစ်နှစ်ထက်တစ်နှစ်    လျော့နည်းလာတာကို တွေ့မြင်ရပါတယ်။  ဒီလိုလျော့နည်းလာတာဟာ နိုင်ငံတွင်းမှာ ဆီထွက်သီးနှံတွေ ပိုမိုထုတ်လုပ်နိုင်ခြင်းကို ပြနေတာ ဖြစ်ပါတယ်။  ၂၀၁၉-၂ဝ၂ဝ  ဘဏ္ဍာနှစ်မှာ တင်သွင်းမှု ၉၃၅,၆၂၆ တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၄၁,၂၄၇,ဝ၂၆ တင်သွင်းခဲ့ရာကနေ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်မှာတော့ တင်သွင်းမှု ၆၁၈,၅ဝ၈ တန်ဖြစ်ပြီး  တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ဝ၃,၇၁ဝ,ဝဝဝ ဖြစ်ကြောင်းသိရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်တွင်းမှာ ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုးထုတ်လုပ်မှုရဲ့ အကျိုးဆက်ဖြစ်ပါတယ်။    လာမယ့်နှစ်တွေမှာ  ဒီထက်    ပိုမိုလျော့နည်းတင်သွင်းမှုကနေ  နောက်ဆုံးပြည်ပက နေတင်သွင်းမှုမရှိတော့တဲ့အထိ    လုပ်ဆောင် ကြရမှာဖြစ်ပါတယ်။   ကျွန်တော်တို့မြန်မာတွေမှာ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဆိုတဲ့ စကားရှိခဲ့ပေမယ့် ဆီကိုရေချိုးနိုင်လောက်တဲ့အထိ ပေါများအောင် လုပ်ဆောင်ဖို့ နည်းပါးခဲ့ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ဦးဆောင်ချိန်မှစပြီး ပြည်ပသွင်းကုန်တ ွေလျှော့ချနိုင်ရေးကို အလေးထား လုပ်ဆောင်ပါတယ်။ ပြည်ပကိုအားကိုးနေရတာဟာ ရေရှည်အတွက်မှာ မကောင်းတဲ့အနေအထားပါ။ ဒီကြားထဲမှာ နိုင်ငံရေးအကြောင်းပြပြီး ပိတ်ဆို့မှုအမျိုးမျိုးတွေ လုပ်ဆောင်နေတဲ့အတွက် ပြည့်အင်အားသည် ပြည်တွင်းမှာ ရှိသည်ဆိုတဲ့အတိုင်း နိုင်ငံတွင်းမှာ အစဉ်တစိုက် လုပ်ဆောင်လို့ရတဲ့ စိုက်ပျိုးမွေးမြူရေးကို တိုးတက် အောင်လုပ်ဆောင်ဖို့အတွက် အစီအမံတွေ ချမှတ်လုပ်ဆောင်နေရတာဖြစ်ပါတယ်။ ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်ပသို့ပို့ကုန်များများ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။

ဒါမှလည်း   နိုင်ငံခြားငွေသုံးစွဲရမှုမှာ ထွက်ငွေထက် ဝင်ငွေများပြားကာ  နိုင်ငံ့စီးပွားရေးလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။

စားသုံးဆီနဲ့ပတ်သက်လို့  ကျွန်တော်တို့နိုင်ငံသားတွေ   ဆီစားသုံးမှုလည်း     များပြားပါတယ်။ ဆီစားသုံးမှု များပြားတာဟာ ရောဂါအမျိုးမျိုးကို ဖိတ်ခေါ်နေသလိုပါပဲ။     ဆီကိုလိုသည်ထက်ပိုမို စားသုံးပါက နှလုံးသွေးကြောကျဉ်းခြင်း၊ အသည်းအဆီဖုံးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း စတဲ့ကုသရန်ခက်ခဲလှတဲ့ ဝေဒနာများခံစားရပါမယ်။ ဆီမပါလျှင် ဟင်းမဖြစ်လို့ ပြောဆိုနေကြမယ့်အစား ဆီကိုပါသင့်သည်ထက် လွန်ကဲစွာမသုံးဘဲ လျှော့နိုင်သမျှလျှော့ပြီး သုံးစွဲသင့်ပါတယ်။  လူတစ်ဦးချင်းစီက   ဆီကိုလျှော့ချ သုံးစွဲကြမယ်ဆိုပါက မိမိရဲ့တစ်ကိုယ်ရေကျန်းမာရေးအတွက်   အလွန်ကောင်းမွန်လှသလို နိုင်ငံတော် အတွက်လည်း ပြည်ပမှ ဆီဝယ်ယူတင်သွင်း နေရမှုများ လျော့နည်းလာမှာ မလွဲပါဘူး။

နိုင်ငံတော်အစိုးရအနေနဲ့  ပြည်ပမှစားသုံးဆီ တင်သွင်းမှုကိုလျှော့ချနေသလို တစ်ဖက်တွင်လည်း ပြည်တွင်း၌ ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဦးစားပေးလျက်ရှိပါတယ်။ ပြည်တွင်းစားသုံးဆီ လိုအပ်ချက် ပြည့်မီစေရေးအတွက် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှ စတင်ကာ မြေပဲ၊ နှမ်း၊ နေကြာစတဲ့ ဆီထွက်သီးနှံများကို ဇုန်အလိုက် အကောင်အထည်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ဆီထွက်သီးနှံများ စိုက်ပျိုးရမယ့်ပမာဏအတိုင်းစိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် ရှေ့ပြေးလုပ်ငန်းစဉ်အဖြစ်၂ဝ၂၃-၂ဝ၂၄ ခုနှစ် စိုက်ပျိုးရာသီမှာ မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီထွက်သီးနှံသုံးမျိုးကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ      သွင်းအားစုပံ့ပိုးပေးတဲ့ စနစ်ဖြင့်    စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိပါတယ်။   ချေးငွေပံ့ပိုးမှုအနေနဲ့    မြေပဲတစ်ဧက ငွေကျပ်သုံးသိန်း၊ နှမ်းတစ်ဧက ငွေကျပ် ၁ ဒသမ ၅  သိန်းနဲ့ နေကြာတစ်ဧက ငွေကျပ်နှစ်သိန်းနဲ့ ညီမျှတဲ့   သွင်းအားစုများ ထောက်ပံ့ပေးထားပါတယ်။

ယခုဘဏ္ဍာနှစ်အတွင်း ဆီထွက်သီးနှံကိုအထူးဇုန်များဖြင့်   စိုက်ဧကသုံးသန်း စိုက်ပျိုးလျက်ရှိပြီးမြေပဲ၊ နှမ်း၊ နေကြာများကို နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်တို့မှာ အထူးဇုန်များ သတ်မှတ်ထားရှိကြောင်း သိရပါတယ်။ ဆီထွက်သီးနှံအထူးစီးပွားရေးဇုန်များ ဖော်ဆောင်ရာမှာ တောင်သူများကို မျိုးစေ့နဲ့ သွင်းအားစုရရှိအောင် ဆောင်ရွက်ပေးမယ့်အပြင်  မြေဆီလွှာပညာရှင်များ၊ မျိုးစေ့ပညာရှင်များနဲ့  ပိုးမွှားရောဂါကာကွယ်ရေးပညာရှင်များ၊ အထူးအရာရှိများ ပါဝင်တဲ့ပညာရှင် အဖွဲ့များကဒေသအလိုက် အသိပညာပေးစည်းရုံးဟောပြောခြင်းများ ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ဒါ့အပြင်  အထူးဇုန်အတွင်းပါဝင်မယ့်  တောင်သူများကို    မိရိုးဖလာစိုက်ပျိုးနည်းစနစ်ထက် သွင်းအားစုလိုအပ်ချိန်မှာ    သွင်းအားစုအချိန်မှန်ထည့်သွင်းနိုင်ရေး၊   ရောဂါပိုးမွှားများကျရောက် တဲ့အခါအချိန်မီကာကွယ်နိုင်ရေး၊    ရေလိုအပ်

ချိန်မှာစိုက်ပျိုး ရေဖြည့်ဆည်းနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ခြင်းများဖြင့် အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။   

မြန်မာနိုင်ငံမှာဆီထွက်သီးနှံစိုက်ပျိုးဧက ၈ ဒသမ ၃ သန်းခန့်ရှိတဲ့ အနက် ဧက ၃ သန်းကို ပထမအဆင့်အနေနဲ့ ဆီထွက်သီးနှံအထူးဇုန်အဖြစ် စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါတယ်။ ပြည်တွင်းမှထွက်ရှိတဲ့ မြေပဲ၊ နှမ်းနဲ့ နေကြာအစရှိတဲ့   ဆီထွက်သီးနှံများကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက     စားသုံးသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ  စားသုံးနိုင်မှာဖြစ်ပါတယ်။ ထို့အတူ ပြုပြင်ရောနှောထားတဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့   ဆီများကို  သုံးစွဲနေရခြင်းမှများစွာ လျော့နည်းသွားမှာဖြစ်ပါတယ်။ စားသုံးဆီများရဲ့ စံချိန်စံညွှန်းနဲ့  အရည်အသွေးကို ထိန်းချုပ်မြှင့်တင်ခြင်းမှတစ်ဆင့် ပြည်ပသို့တင်ပို့နိုင်သည်အထိ  မျှော်မှန်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အဲဒီလိုမျိုးအဘက်ဘက်က တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်ဆိုပါက နှစ်စဉ်ပြည်တွင်းဆီ လိုအပ်ချက် အမေရိကန်ဒေါ်လာသန်း ၆ဝဝ ကျော်ဖိုးတင်သွင်းနေရခြင်းကလည်း   လျော့နည်းသွားမှာ ဖြစ်ပါတယ်။  ဒါကို သက်ဆိုင်သူတွေအားလုံးက အလေးအနက်ထားပြီး လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။

ဆီထွက်သီးနှံစိုက်ပျိုးရေးကဏ္ဍလိုအပ်ချက်များကို   ဆီထွက်သီးနှံများ   တိုးချဲ့စိုက်ပျိုးရေး ကော်မတီက  ဦးစီးလုပ်ဆောင်နေပြီး  အဆင့်မီဆီစက်များတပ်ဆင်ခြင်း၊    အသစ်တည်ဆောက်ခြင်းနဲ့ လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းများကို ဆီစက်ချေးငွေ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့များက ဆောင်ရွက်ပေးနေပါတယ်။ ၂ဝ၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး တစ်နိုင်ငံလုံးမှာ  အကြီးစားဆီစက် ၂၃ဝ ကျော်၊ အလတ်စားဆီစက် ၉၂ဝ ကျော်နဲ့  တစ်နိုင်တစ်ပိုင်ဆီစက်ငယ်ပေါင်း ၃၁ဝဝကျော်တို့က ဆီတွေကြိတ်ခွဲထုတ်လုပ်နေပြီ ဖြစ်ပါတယ်။    

မည်သည့်အလုပ်မဆို ငွေကြေးအရင်းအနှီးက အဓိကဖြစ်တဲ့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့   နိုင်ငံ့စီးပွားမြင့်မားရေးအတွက် လုပ်ဆောင်ပေးထားပါတယ်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄ဝဝ ကို နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး      နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအသုံးပြုရန်     စီမံဆောင်ရွက် ခဲ့ပါတယ်။  နိုင်ငံတော်ရဲ့အဓိက   စီးပွားရေးမဏ္ဍိုင်ဖြစ်တဲ့ လယ်ယာစီးပွားမြှင့်တင်ရေးနဲ့       ပြည်နယ်နဲ့ တိုင်းဒေသကြီး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများရဲ့ စီးပွားရေးမြှင့်တင်ရေးတို့အတွက်     နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ   ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု၊      ပြည်နယ်များနဲ့ တိုင်းဒေသကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသငါးခုနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း တစ်ခုတို့သို့ အသီးသီးလွှဲပြောင်းပေးအပ်ခြင်းကို ၂ဝ၂၂ ခုနှစ် သြဂုတ်လ  ၁၂  ရက်တွင်  ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံရဲ့ အဓိကစီးပွားရေးမှာ  စိုက်ပျိုးမွေးမြူရေးကို အခြေခံတဲ့စီးပွားရေးဖြစ်တဲ့အတွက် လယ်ယာ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မြင့်မားရေးသည် မဖြစ်မနေ လုပ်ဆောင်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေး  ရန်ပုံငွေကျပ်ဘီလီယံ    ၄ဝဝ အနက်မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့  ၁၇ဝ  ဘီလီယံ၊  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလီယံ ရင်းနှီးမတည် ပေးထားပါတယ်။ အဆိုပါထုတ်ပေးထားတဲ့ ရန်ပုံငွေတွေဟာ နိုင်ငံတော်က ရင်းနှီးငွေပေးအပ်ထားခြင်း ဖြစ်ပါတယ်။ နောင်လာမယ့်ရာသီမှာ ပြန်လည်ရရှိလာမယ့် ၎င်းငွေကြေးကိုပင် ရင်းနှီးမြှုပ်နှံနိုင်ရန် ထပ်မံထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ငန်းများ ရင်းနှီးဆောင်ရွက်ရာမှာ ရောင်းကုန်ပစ္စည်းများ ဖြစ်လာဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် ပြည်ပကိုတင်ပို့ရောင်းချပြီး နိုင်ငံခြားငွေပြန်ရှာရမှာဖြစ်ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့  ဆီကြိတ်ခွဲထုတ်လုပ်ရန် ငွေကြေးအရင်းအနှီးလိုအပ်ပြီး ချေးငွေမရရှိသေးတဲ့ ဆီစက်လုပ်ငန်းရှင်များကို ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအဖြစ် တစ်ဦးကိုအများဆုံးငွေကျပ်သိန်း ၃ဝဝဝ အထိ ထပ်မံထုတ်ချေးလျက်ရှိပါတယ်။ ၂ဝ၂၃  ခုနှစ်  အောက်တိုဘာလအထိ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်ခုနစ်ခုတို့မှ ဆီစက်ပိုင်လုပ်ငန်းရှင် ၂၁ ဦးကို ဆီစက်ချေးငွေအဖြစ်ငွေကျပ်  ၁၇၇၃  သန်းထုတ်ချေးထားပြီးဖြစ်ပါတယ်။  ပြည်တွင်းဆီစက်များ ပြန်လည်ဦးမော့လာကာ ထုတ်လုပ်မှု တိုးတက် လာတာနဲ့အမျှ စားသုံးဆီသုံးစွဲမှုစရိတ် လျှော့ချလာနိုင်မှာ ဖြစ်ပါတယ်။

အဲဒီတော့လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူတွေအနေနဲ့ ဆီထွက်သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိအောင်   ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ မိမိအကျိုး၊ အများအကျိုး၊ နိုင်ငံ့အကျိုးအတွက် ငါတို့ဖြစ်အောင်လုပ်မယ် ဆိုတဲ့စိတ်နဲ့  တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ကြမှာပါ။ မြေပဲဆိုရင် ပန်းတိုင်အထွက်နှုန်းတင်း ၇ဝ၊ နှမ်းဆိုရင်တင်း ၂ဝ နဲ့ နေကြာဆိုရင် တင်း ၅ဝ သတ်မှတ်ချက်ဟာ တကယ်ပြည့်မီအောင်လုပ်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့ လုပ်ကြည့်စေချင်ပါတယ်။ မြေပဲ၊ နှမ်း၊ နေကြာတို့အနက် မြေပဲတစ်ဧကအထွက်နှုန်းဟာ

အလွန်ကောင်းတယ်လို့ ဝမ်းသာဖွယ်သတင်း သိရှိရပါတယ်။ ဆီထွက်သီးနှံအားလုံး ပန်းတိုင်အထွက်နှုန်းရအောင် လုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့ပြည်သူတွေအတွက် စားသုံးဆီကို    ပြည်ပကနေမှာယူ တင်သွင်းနေရတဲ့ အခက်အခဲက    လွန်မြောက်နိုင်မှာဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန်မှာ   နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုဟာ အနုတ် ၅ ဒသမ ၉ အထိကျဆင်းနေချိန် ဖြစ်ပါတယ်။

အရင်က စီးပွားရေးစီမံခန့်ခွဲမှုလွဲမှားခဲ့တာရယ်၊ ပြည်တွင်းထုတ်လုပ်မှုအားမပေးဘဲ ပြည်ပမှတင်သွင်းမှုတွေကို ဦးစားပေး ဆောင်ရွက်ခဲ့မှုတွေက   နိုင်ငံ့စီးပွားရေးအနုတ်လက္ခဏာပြနေခြင်း ဖြစ်ပါတယ်။   ဒါ့ကြောင့်   နိုင်ငံ့စီးပွားမြှင့်တင်ရေးကို    ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့  နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့    နိုင်ငံရေးပြဿနာများဖြစ်နေတဲ့ကြားကပင် နိုင်ငံ့စီးပွားရေးရဲ့ GDP တိုးတက်မှုမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ပြန်လည်ရောက်ရှိပါတယ်။ အလားတူ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံရေးပြဿနာဖြစ်ပွားမှုများ၊ စီးပွားရေးပိတ်ဆို့မှုများစတဲ့ အခက်အခဲများကြားမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိရောက်ရှိခဲ့ပါတယ်။ ၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေး GDP တိုးတက်မှုမှာ ၃ ဒသမ ၄ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့ပါတယ်။ ယခု ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ်တွင်လည်း ၃ ဒသမ ၈ ရာခိုင်နှုန်းထိ တိုးတက်အောင် အစွမ်းကုန်  ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ 

၂ဝ၂၁ ခုနှစ်၊ ၂ဝ၂၂ ခုနှစ်နှင့် ၂ဝ၂၃ ခုနှစ်တို့တွင်ဖြစ်ပေါ်ခဲ့တဲ့    နိုင်ငံရေးအရ   ဆူပူအကြမ်းဖက်မှုများ၊   တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့မှု၊   ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု၊ နိုင်ငံတကာမှ အပြုသဘောမဆောင်တဲ့  တုံ့ပြန်မှုများသာ မရှိခဲ့ပါက နိုင်ငံရဲ့စီးပွားရေးဟာ  ယခုထက် ပိုမိုတိုးတက်နေမှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြင့်မား နေစေရေးအတွက် စိုက်ပျိုးတဲ့သီးနှံများအားလုံး  ပန်းတိုင်ရည်မှန်းချက် အတိုင်းထွက်ရှိအောင် ဆောင်ရွက်မယ် ဆိုပါက ထုတ်ကုန်များ တိုးမြင့်လာပြီး ပြည်တွင်းဖူလုံမှုသာမက ပြည်ပသို့ပါတင်ပို့နိုင်မှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူများအတွက်လည်း ဝင်ငွေများ ပိုမိုတိုးတက်လာမှာဖြစ်ပြီး တစ်ဦးချင်းမှသည် နိုင်ငံတော်အဆင့်အထိ GDP တိုးတက်မှုနှုန်းများ  မြင့်တက်လာမှာဖြစ်ပါတယ်။

ကျွန်တော်တို့  စားသုံးသူပြည်သူတွေအနေနဲ့လည်း ဆီစားသုံးမှုကို လက်တွေ့ကျကျလျှော့ချကြဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်ကျန်းမာရေးနဲ့ညီညွတ်ဖို့ဆိုရင် တစ်ရက်မှာ ဆီ ၁ ဒသမ ၈ ကျပ်သားသာ စားသုံးရမှာဖြစ်ပါတယ်။ ဒီလိုစားသုံးခြင်းဟာမိမိကျန်းမာရေးကို မိမိဂရုစိုက်ရာရောက်ပါတယ်။ နိုင်ငံတော်အစိုးရအနေဖြင့် စားသုံးဆီဖူလုံတဲ့အပြင် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ဆောင်ရွက်သွားနိုင်ရေး ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပေရာ သက်ဆိုင်သူအားလုံးက မိမိကိုယ်ကိုချစ်တဲ့စိတ်၊ မိသားစုကိုချစ်တဲ့စိတ်၊ နိုင်ငံတော်ကို ချစ်တဲ့စိတ်၊     မိမိလုပ်ငန်းအပေါ်တိုးတက်ကြီးပွားလိုတဲ့စိတ်နဲ့ လုပ်ဆောင်ကြရန်ဖြစ်ပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ၂ဝ၂၄  ခုနှစ်  ဩဂုတ်လ ၂၆ ရက်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊  တိုင်းဒေသကြီးနဲ့ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများကို  မန္တလေးမြို့ မြို့တော်ခန်းမမှာတွေ့ဆုံပြီး  ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေ    ဆွေးနွေးစဉ် ‘‘ဆီထွက်သီးနှံများကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ    ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှထွက်ရှိသည့် ပိုလျှံဆီထွက်သီးနှံ နှမ်း၊ နေကြာနှင့် မြေပဲတို့ကို စားသုံးဆီအဖြစ် ကြိတ်ခွဲဆောင်ရွက်မည်ဆိုပါက ပြည်တွင်းစားသုံးဆီ လုံလောက်မှုရှိနိုင်မည်ဖြစ်ကြောင်း’’ကိုထည့်သွင်း ပြောကြားခဲ့ပါတယ်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတွင်းစားသုံးဆီဖူလုံစေဖို့နဲ့ ပြည်ပမှ စားသုံးဆီ တင်သွင်းနေရမှုကို လျှော့ချနိုင်စေဖို့အတွက် ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်နိုင်သော  ဆီထွက်သီးနှံများကို   ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးပြီး အထွက်နှုန်းတိုးတက်ဖို့ အမှန်တကယ်ဆောင်ရွက်ကြိုးပမ်း ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။  ။

ဘုန်းမောင်ဝင်း(ဖျာပုံ)