ရေကြောင်းနှင့် လေကြောင်းလူငယ်သင်တန်းများမှ အုပ်ချုပ်သူ၊ သင်တန်းသား၊ သင်တန်းသူများ၏ စကားသံများ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခြေခံနှင့်တန်းမြင့် ရေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁/၂၀၂၄) နှင့် အခြေခံနှင့် တန်းမြင့်လေကြောင်းလူငယ်သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများ၊ အုပ်ချုပ်သူ/နည်းပြများအား တွေ့ဆုံသြဝါဒစကားပြောကြားသည့် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် သက်ဆိုင်ရာသင်တန်းတို့မှ သင်တန်းသား၊ သင်တန်းသူ များနှင့် အုပ်ချုပ်သူများ၏ စကားသံများကို ပြန်လည်မျှဝေလိုက်ရပါသည်-
ဦးမင်းထက်အောင်၊ အုပ်ချုပ်သူ၊ လေကြောင်းလူငယ်သင်တန်း
(မြစ်ကြီးနားသင်တန်းစခန်း)
ကျွန်တော်ကတော့ မြစ်ကြီးနားသင်တန်းစခန်းမှာ အုပ်ချုပ်သူ ဆရာတစ်ယောက်အနေနဲ့ တာဝန်ယူရတဲ့ ဦးမင်းထက်အောင်ဖြစ်ပါတယ်။ မြစ်ကြီးနားသင်တန်းစခန်းမှာ ယောကျ်ားလေး၂၅ ဦး၊ မိန်းကလေး ၂၅ ဦး စုစုပေါင်းဦးရေ ၅၀ နဲ့ Camp သွင်းပါတယ်။ မြစ်ကြီးနားစခန်းကို ဧပြီလ ၂၁ ရက်နေ့ကစပြီး Camp သွင်းပါတယ်။ မြစ်ကြီးနားကနေ စခန်းသွင်းပြီးတော့ မိတ္ထီလာမှာ စခန်းပေါင်းစုံပြိုင်ပွဲတွေကို ယှဉ်ပြိုင် ပြီးတော့မှ နေပြည်တော်ကို လာတာဖြစ်ပါတယ်။ ပြိုင်ပွဲတွေက လေကြောင်းနဲ့ ပတ်သက်တဲ့ အခြေခံ စစ်ရေးပြ ပြိုင်ပွဲ၊ RC ရဟတ်ယာဉ်မောင်းပြိုင်ပွဲစတဲ့ ပြိုင်ပွဲတွေကို ပြိုင်ကြပါတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ ဒီလိုမျိုးသင်တန်းတွေ မရှိခဲ့ပါဘူး။ ကျွန်တော်တို့တုန်းက ဒီလိုသင်တန်းမျိုးရှိရင် တက်ဖြစ်ခဲ့မှာ ဖြစ်ပါတယ်။ အခုမှ အုပ်ချုပ်သူ ဆရာတစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ကျောင်းသား တွေနဲ့ အတူလေ့လာခွင့်ရတဲ့အတွက် ကျွန်တော့်အတွက် အကျိုးများစွာရှိပါတယ်။ အပြင်မှာ ဒီလို သင်တန်းမျိုးလည်း မရှိပါဘူး။ အခြေအနေအချိန်အခါနဲ့ ကျောင်းသားဘဝကြုံလို့ တက်ခွင့်ရမယ့် သင်တန်းမျိုး ဖြစ်ပါတယ်။ အခုခေတ်က IT နည်းပညာခေတ်ဆိုတော့ ကျောင်းသား၊ လူငယ်တွေက Social media မှာပဲ အချိန်ကုန်ကြတာ များတယ်။ ဒါကြောင့် မတက်ဖြစ်သေးတဲ့ ကျောင်းသား၊ ကျောင်းသူများ၊ မသိသေးတဲ့လူငယ်များကိုလည်း ဒီလိုမျိုးအတွေ့အကြုံ အများကြီးရပြီး အကျိုးရှိတဲ့ သင်တန်းကို နွေရာသီအားလပ်ရက်မှာ တက်ရောက်ကြဖို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းချင်ပါတယ်။
မောင်လွင်သူထွန်း
(တန်းမြင့်ရေကြောင်းလူငယ်သင်တန်း)
အင်းယားစခန်းမှာ ရေကြောင်းတန်းမြင့် သင်တန်းတက်ရောက်ခဲ့တဲ့ မောင်လွင်သူထွန်းဖြစ်ပါတယ်။ ရေကြောင်း တန်းမြင့်သင်တန်းကတော့ အရင်အခြေခံသင်တန်းထက် မြင့်ပါတယ်။ စစ်ရေးပြဆိုရင် အခြေခံတုန်းက လက်နက်မဲ့ယှဉ်ပြိုင်ခဲ့ရပြီး အခုတန်းမြင့်ကျတော့ လက်နက်ထမ်းပြီး ယှဉ်ပြိုင်ခဲ့ရ ပါတယ်။ ကြိုးချည်ကြိုးထုံးဘာသာရပ်ဆိုရင် အရင်ကဘိုးလိုင်းဆိုတစ်ခုတည်း အခုက Double ဆိုဘိုးလိုင်းနှစ်ခု ဖြစ်သွားပါတယ်။ တန်းမြင့်ကအခြေခံထက်ပညာပိုပြီး မြင့်သွားပါတယ်။ ဒီသင်တန်း တွေက လက်တွေ့လေ့ကျင့်ရပြီး သူငယ်ချင်းတွေနဲ့တွေ့ဆုံရတယ်။ အဖွဲ့အစည်းနဲ့ လုပ်ဆောင်တတ်တဲ့ စိတ်တွေ၊ အချိန်တွေကို အကျိုးရှိရှိသုံးတတ်တဲ့ အလေ့အကျင့်ကိုပိုပြီး ရရှိပါတယ်။ နောက်ပြီး ပင်လယ်ပြင်ကိုလည်း ထိတွေ့ရတယ်။ မရောက်ဖူးသေးတဲ့ နေရာတွေကိုလည်း လေ့လာရတယ်။ အဲဒီလို အကျိုးကျေးဇူးတွေရှိလို့ ညီလေး၊ ညီမလေးတွေကိုလည်း နွေရာသီကျောင်းပိတ်ရက်မှာ ဒီသင်တန်းကို တက်ရောက်ကြပါလို့ ပြောချင်ပါတယ်။
မောင်ဘုန်းခန့်ကျော်
(အခြေခံလေကြောင်းလူငယ်သင်တန်း)
ကျွန်တော်က အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁/၂၀၂၄) မန္တလေးစခန်းမှာ တက်ရောက် ခဲ့တဲ့ မောင်ဘုန်းခန့်ကျော် ဖြစ်ပါတယ်။ အခြေခံပညာ ကျောင်းမှာ Grade-10 ကိုဖြေဆိုထားပြီး Grade-11 ကို တက်ရောက်မှာ ဖြစ်ပါတယ်။ အနာဂတ်ရည်မှန်းချက်က စစ်တက္ကသိုလ် တက်ချင်ပါတယ်။ အနာဂတ် တပ်မတော်လေမှာ ဖိုက်တာပိုင်းလော့တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ချင်ပါတယ်။ နွေရာသီကျောင်းပိတ်ရက်မှာ ဖုန်းကြည့်လိုက်၊ ဂိမ်းဆော့လိုက်အစား ဒီသင်တန်းတက်ရောက်ရတာက ကိုယ်မမြင်ဘူးတာတွေ၊ ကိုယ်မရောက်ဖူးတဲ့ နေရာဒေသတွေကို လေ့လာခွင့်ရပါတယ်။ အရင်သင်တန်း မတက်ခင်မှာ ပိုင်းလော့ဘဝတွေက လွယ်လွယ်လေးလို့ထင်ခဲ့ပါတယ်။ ကိုယ်တိုင်ကိုယ်ကျသင်တန်းမှာ လေ့လာပြီးသင်ယူရတာ မလွယ်တာကို သိခဲ့ရပါတယ်။ သူတို့ရဲ့ အခက်အခဲအများကြီးကိုလည်း သိခဲ့ရ တယ်။ ဒါကြောင့် ဒီလေ ကြောင်းသင်တန်းကို တက်ရောက်တာ ကိုယ်ကိုယ့်ကိုယ်ဂုဏ်ယူမိပါတယ်။ ကိုယ့်နိုင်ငံရဲ့ ဝေဟင်ပိုင်နက်၊ ရေပြင်ပိုင်နက်၊ မြေပြင်ပိုင်နက်တွေကို ဆက်လက် ထိန်းသိမ်းသွားရမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ အခြေခံလေကြောင်း၊ ရေကြောင်းသင်တန်းတွေကို အတွေ့အကြုံရချင်ရင် လာရောက် တက်ရောက်ကြပါလို့ ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။
မနန်းစုစန္ဒီအောင်
(အခြေခံရေကြောင်းလူငယ်သင်တန်း)
သမီးကတော့ ရေကြောင်းလူငယ် အခြေခံသင်တန်းအမှတ်စဉ်(၁/၂၀၂၄) နေပြည်တော်စခန်း၊ တန်းခွဲ(၂)မှ မနန်းစုစန္ဒီအောင် ဖြစ်ပါတယ်။ လက်ရှိမှာ Grade-12 ဖြေဆိုထားပါတယ်။ သမီးတို့လို လူငယ် မောင်မယ်များ အနေနဲ့ ဒီသင်တန်းက အချိန်ကို အကျိုးရှိရှိ အသုံးချတတ်လာတယ်။ အမိန့်နာခံတတ်ပြီး စည်းကမ်းကောင်းမွန်လာတယ်။ အဖွဲ့အစည်းနဲ့ ပူးပေါင်း ဆောင်ရွက်တတ်တယ်။ ခန္ဓာကိုယ် ပိုမိုကျန်းမာ ကြံ့ခိုင်လာတယ်။ ရေကြောင်းဆိုင်ရာ ဗဟုသုတများစွာရရှိတယ်။ ရေကူးနဲ့ လှေလှော်ရွက် တိုက်ဘာသာ ရပ်တို့ကို သင်ယူလေ့ကျင့်ခွင့်ရရှိတဲ့အတွက် ရေနဲ့ရင်းနှီးကျွမ်းဝင်ကာ မိမိကိုယ်မိမိယုံကြည်စိတ်ချ၍ ကြံ့ခိုင်သန်စွမ်း သက်လုံကောင်းမွန်စေတယ်။ မိတ်ဆွေကောင်းများရရှိတယ်။ စတဲ့အကျိုးကျေးဇူး များကို ရရှိခဲ့ပါတယ်။ သမီးတို့ဟာ ပင်လယ်ပြင်အတွေ့အကြုံ နဲ့ပတ်သက်ရင် အစိမ်းသက်သက်သာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့သမီးတို့လို လူငယ်မောင်မယ်များနဲ့ နိုင်ငံတော်ရဲ့ အကျိုး စီးပွားများကို အဓိကအထောက်အကူဖြစ်စေတဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ကဏ္ဍတွေကို မိတ်ဖက် ကျွမ်းဝင်စေတဲ့ ရေကြောင်းလူငယ်သင်တန်းဟာ လူငယ်နဲ့ပင်လယ်ပြင်ကို ထိတွေ့မိတ်ဆက်ပေးခြင်း ဖြစ်တယ်လို့ တင်စားပြောကြားလိုပါတယ်။ သမီးတို့ကို သင်တန်းမှာ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေး တယ်။ လှေလှော်/ရွက်တိုက် ပြိုင်ပွဲများ ပြုလုပ်ပေးတယ်။ ဒါ့အပြင် ရန်ကုန်မြစ်အတွင်း စစ်ရေယာဉ်နဲ့ လေ့လာခွင့်ရတယ်။ နျူကလီးယား နည်းပညာ သတင်းအချက်အလက် စင်တာတို့ကိုလည်း သွားရောက် လေ့လာခွင့်ရတဲ့အတွက် သမီးတို့အနေဖြင့် တန်ဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ်။ ဒီလိုသမီးတို့ရဲ့ အားလပ်တဲ့ နွေရာသီရက်မှာ အချိန်ကိုအကျိုးရှိစွာ ကုန်ဆုံးစေပြီး ဒေသန္တရ ဗဟုသုတ များစွာ ရရှိစေရန် ရေကြောင်းလူငယ်သင်တန်းများ ဖွင့်လှစ်သင်ကြားခြင်း၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများနဲ့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံနိုင်စေခြင်းတို့အပြင် လူငယ်နှင့်ပင်လယ်ကို တွေ့ခွင့်ရအောင် စီမံဖန်တီးပေးပါသော နိုင်ငံတော်အကြီးအကဲ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမီးတို့ အနာဂတ်လူငယ်မောင်မယ်များ ကိုယ်စား အတိုင်းမသိ ကျေးဇူးအထူးတင် ပါတယ်။
မသဉ္ဇာနိုင်
(တန်းမြင့်လေကြောင်းလူငယ်သင်တန်း)
သမီးအနေနဲ့ တန်းမြင့်သင်တန်းကို လေကြောင်းပညာသမိုင်းနဲ့ လေယာဉ်ရဲ့ အခြေခံသဘော တရား တွေကို စိတ်ဝင်စားတာရယ် လေကြောင်းပညာရဲ့ နက်နဲတဲ့သဘောတရားတွေကို ပိုပြီးသိချင်တာ ကြောင့်ရယ် နောက်ပြီး ကိုယ်တိုင်လည်းစိတ်ပါဝင်စားလို့ အခုလိုတန်းမြင့်သင်တန်းကို ထပ်ပြီးတက်ဖြစ် ခဲ့တာပါ။ ယခုနှစ် ဖွင့်လှစ်ခဲ့တဲ့ သင်တန်းမှာတော့ မြန်မာ့တပ်မတော်ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်ခဲ့မှု နဲ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတစ်လျှောက်အနစ်နာခံပြီး စွန့်လွှတ်စွန့်စားတဲ့ စိတ်ဓာတ်နဲ့ အသက် သွေးချွေး ပေးဆပ်ကြိုးပမ်းမှုတွေကို သိရှိနိုင်ဖို့ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဘာသာရပ်၊ ဇာတိသွေး ဇာတိမာန်ဘာသာရပ်၊ စစ်သားဂုဏ်ရည်ဘာသာရပ်၊ တပ်မတော်သမိုင်းနှင့် တပ်မတော် အစဉ်အလာ ဘာသာရပ်တွေကို လေ့လာသင်ကြားခွင့်ရရှိခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ တပ်မတော်တစ်ရပ် လိုအပ်ကြောင်း လည်း သိရှိနားလည်ခဲ့ရပါတယ်။ သမီးတို့ သင်တန်းသားတွေကို သင်တန်းကာလ စတုတ္ထပတ်မှာ မိတ္ထီလာမြို့မှာစုဖွဲ့ပြီးတော့ “အခြေခံစစ်ရေးပြပြိုင်ပွဲ၊ RC Simulator/ Flight Simulator မောင်းနှင်ခြင်း ပြိုင်ပွဲ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းပြိုင်ပွဲ” တွေ ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီလို ယှဉ်ပြိုင် ဆန်းစစ်ခွင့်ရခဲ့ခြင်းဟာ ကိုယ်စီလေ့လာသင်ကြားခွင့်ရရှိခဲ့တဲ့ အသိပညာ၊ အတတ်ပညာရပ်တွေကို လက်တွေ့အကဲဖြတ် သုံးသပ်ခွင့်ရခဲ့ကြတာဖြစ်လို့ မိမိကိုယ်မိမိယုံကြည်အားကိုးစိတ် တွေ ပိုမိုတိုးပွား လာစေခဲ့ပါတယ်။ ဒါ့အပြင် ယခုနှစ်မှာတော့ အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ ထူးချွန်သင်တန်းသား ၃၀ ဦးနဲ့ တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ် (၁/၂၀၂၄)မှ ထူးချွန် သင်တန်းသား ၆ ဦး စုစုပေါင်းသင်တန်းသား ၃၆ ဦးကို အမောင်းသင် လေယာဉ်/ ရဟတ် ယာဉ်တွေဖြစ်တဲ့ Grob-120 လေယာဉ်နဲ့ H-120 ရဟတ်ယာဉ်တွေကို ကိုယ်တိုင် လိုက်ပါ ပျံသန်းခွင့် တွေရရှိအောင် ဆောင်ရွက်ပေးပါတယ်ရှင့်။ ယခုလို ဆောင်ရွက်ပေးခြင်းဖြင့် ခေတ်မီ လေယာဉ်/ရဟတ် ယာဉ်တွေကို အနီးကပ်လေ့လာခွင့်နဲ့ ကိုယ်တိုင်လိုက်ပါ ပျံသန်းခွင့်တွေ ရရှိခဲ့သလို တကယ့် လေယာဉ်/ရဟတ်ယာဉ်တွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံ၊ ပျံသန်းမှု အခြေခံသဘောတရားကို တွေ့မြင် သိရှိခဲ့ရပါတယ်။ ဒါ့အပြင် မိတ္ထီလာမြို့မှာရှိတဲ့ တပ်မတော်(လေ)ရဲ့ လေ့ကျင့်ရေး သင်တန်း ကျောင်းတွေ နဲ့ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်တို့ကိုလည်း လေ့လာခွင့် ရရှိခဲ့ပါတယ်ရှင့်။ သမီးရဲ့ အနာဂတ် ရည်မှန်းချက်ကတော့ အမျိုး၊ ဘာသာသာသနာကို စောင့်ရှောက် နိုင်မယ့် အမျိုးသမီး Pilot တစ်ယောက်ဖြစ်ချင်ပါတယ်။
လင်းကြည်လင်း၊ လဲ့ရည်လှိုင်