အမေရိကန်ကို ခြိမ်းခြောက်ဦးမယ့် တရုတ်ရဲ့ နောက်ထပ်လက်နက်တစ်မျိုး

အမေရိကန်ကို ခြိမ်းခြောက်ဦးမယ့် တရုတ်ရဲ့ နောက်ထပ်လက်နက်တစ်မျိုး

တရုတ်နိုင်ငံက ရုရှားတို့ရဲ့ “ပိုဆိုက်ဒန်” လိုမျိုး အကြီးစားရေအောက်သွားတိုက်ခိုက်ရေး လက်နက်ပုံစံ တစ်မျိုးကို မကြာသေးခင်က ထုတ်ဖော်ပြသလိုက်ပါတယ်။

ထုံးစံအတိုင်းပဲ သူ့မှာခေတ်မီရေအောက်သွားလက်နက်တွေရဲ့စွမ်းဆောင်ရည်တွေဖြစ်တဲ့ နျူကလီးယား စွမ်းအင်အသုံးပြုမှုနဲ့ နျူကလီးယားထိပ်ဖူးတပ်နိုင်မှုစွမ်းရည်တွေပါဝင်ပါတယ်။

သူ့မှာနောက်ထပ် အများနည်းတူပါဝင်တဲ့ စွမ်းဆောင်ရည်တစ်မျိုးကတော့ အလွန်ဝေးကွာတဲ့ အကွာ အဝေးကိုသွားနိုင်သလို ရုတ်တရက်တိုက်ခိုက်မှုတွေကိုလည်း လုပ်ဆောင်နိုင်စွမ်းရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်မှာမှမရှိသေးတဲ့ စွမ်းဆောင်ရည်တစ်ခုကလည်း အဲဒီရေအောက်တိုက်ခိုက်ရေး လက်နက် မှာပါဝင်နေပါတယ်။ အဲဒါကတော့ ဇီဝပေါင်းစပ်စက်ရုပ်နည်းပညာပါ။

ဇီဝပေါင်းစပ် စက်ရုပ်နည်းပညာကို အသုံးပြုလိုက်မယ်ဆိုရင် အရေးပါတဲ့ကိုယ်ပျောက် စွမ်းရည်ကို ရရှိစေမှာ ဖြစ်ပြီး မဟာဗျူဟာမြောက်ရေအောက် နျူကလီးယားတိုက်ခိုက်မှုတွေကိုလည်း လိုအပ်သလို လုပ်ဆောင်နိုင်မှာဖြစ်သလို အမေရိကန်နိုင်ငံကိုလည်း ခြိမ်းခြောက်နိုင်ဦးမှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက အဲဒီပိုဆိုက်ဒန် ရေအောက်တိုက်ခိုက်ရေး လက်နက်ကို တရုတ်နိုင်ငံမှာ ပြသခဲ့တာ မဟုတ်ပါဘူး။

မလေးရှားနိုင်ငံမှာ ပြသခဲ့တာပါ။ သူ့ရဲ့ပုံစံကို ကြည့်ခြင်းအားဖြင့် အရွယ်အစားက တော်တော်လေး ကြီးမားမယ်ဆိုတာ ငြင်းစရာမလိုဘူးလို့ သတင်းမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

တရုတ်ပိုဆိုက်ဒန်ဟာ ရှန်ဟိုင်းကနေ ဆန်ဖရန်စစ္စကိုအထိကို အလွယ်တကူသွားနိုင်စွမ်းရှိပါတယ်။ သမုဒ္ဒရာကိုဖြတ်ပြီးတော့ပေါ့။ အဲဒီကြားကအကွာအဝေးဟာ ရေမိုင် ၅၀၀၀ ကျော်ရှိပါတယ်။

တကယ်လို့များ ရေအောက်တိုက်ခိုက်ရေး လက်နက်စွမ်းအင်ပေးမယ့် နျူကလီးယား ဓာတ်ပေါင်းဖိုကို   အရွယ်အစားကြီးပြီး သမုဒ္ဒရာရဲ့ ရေစီးကြောင်းကလည်း တည်ငြိမ်မယ်ဆိုရင် တရုတ်ပိုဆိုက်ဒန်ဟာ အမေရိကန်ပြည်မကြီးထဲ အထိကို သာသာယာယာ ဝင်ရောက်နိုင်စွမ်း ရှိပါသေးတယ်။

ဒီနေရာမှာ ရုရှားနိုင်ငံရဲ့ ပိုဆိုက်ဒန် အကြောင်းကိုလည်း ပြောချင်ပါသေးတယ်။ ရုရှားနိုင်ငံက ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ နျူကလီးယားလက်နက်တွေကို ပုံမှန်မဟုတ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေရရှိ အောင် လုပ်ဆောင်ခဲ့တာပါ။ အဲဒီထဲမှာ ပိုဆိုက်ဒန်တော်ပီဒိုလည်း တစ်ခုအပါအဝင်ပေါ့။

ပိုဆိုက်ဒန်တော်ပီဒိုဟာ သာမန်တော်ပီဒိုမျိုးမဟုတ်ပါဘူး။ သူ့ရဲ့သွားလာမှုအတွက် လိုအပ်တဲ့စွမ်းအင်ကို နျူကလီးယားစွမ်းအင် အသုံးပြုထားတာပါ။ ဒါ့အပြင် နျူကလီးယားထိပ်ဖူးလည်း တပ်ထားပါသေး တယ်။

အဲဒီတော်ပီဒိုကိုတော့ သာမန်ရေငုပ် သင်္ဘောတွေကနေ ပစ်ခတ်မှာမဟုတ်ဘဲ ဆူနာမီ အမျိုးအစား ရေငုပ်သင်္ဘောတွေ ကနေပစ်ခတ်သွားမှာပါ။ ကမ္ဘာကြီးရဲ့ ဘယ်နေရာကနေပဲပစ်ပစ် တော်ပီဒိုက အမေရိကန် ကမ်းရိုးတန်းတွေဆီကို ရောက်ရှိနိုင်စွမ်းရှိပါတယ်။

ရေအောက်မှာဖြစ်ပေါ်တဲ့ နျူကလီးယား ပေါက်ကွဲမှုတွေကလည်း သမားရိုးကျ နျူကလီးယား ပေါက်ကွဲ မှုကနေဖြစ်ပေါ်လာတဲ့ သမားရိုးကျသက်ရောက်မှုတွေကို ဖြစ်ပေါ်စေရုံသာမက ရေထုကို လည်းညစ် ညမ်းစေမှာပါ။

ဒါ့အပြင် အရပ်ဘက်နေရာတွေအပေါ် ရေလွှမ်းမှုလည်းဖြစ်လာစေနိုင်ပါတယ်။ သာမန် ရေလွှမ်းမှုမျိုး တော့မဟုတ်ပါဘူး။ နျူကလီးယားရေလွှမ်းမှုဖြစ်မှာပါ။

ရုရှားကဖန်တီးထားတဲ့ နောက်ထပ်နျူကလီးယား လက်နက်တစ်မျိုးက Burevestnik နျူကလီးယား စွမ်းအင်သုံး အနိမ့်ပျံဒုံးကျည် ဖြစ်ပါတယ်။

သူသည်လည်း နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်ပြီး နျူကလီးယား စွမ်းအင်အသုံးပြု ပျံသန်းတာဖြစ်တဲ့ အတွက် ရောက် ရှိနိုင်တဲ့အကွာအဝေးက အကန့်အသတ်မဲ့နီးပါးပါပဲ။

ရုရှားရဲ့ အခုလက်နက်စနစ် နှစ်မျိုးစလုံးက အမေရိကန်ရဲ့ ဒုံးကျည်ကာကွယ်ရေး စနစ်အပေါ် ပစ်မှတ်ထားတဲ့ တီထွင်မှုတွေပဲ ဖြစ်ပါတယ်။

အခု တရုတ်ရဲ့တီထွင်မှု စိတ်ကူးဆီ ပြန်သွားရအောင်။ ရုရှားတို့ရဲ့ ပိုဆိုက်ဒန်တော်ပီဒိုက တည့်တည့်ပဲ သွားလိမ့်မယ်လို့ တရုတ်တို့က ယုံကြည်ထားပါတယ်။

တကယ်လို့များ တော်ပီဒိုကိုရေအောက် တိုက်ခိုက်ရေးယာဉ်တစ်မျိုးအဖြစ် ဖန်တီးပြီး လိုအပ်တဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုကို ထည့်လိုက်မယ်ဆိုရင် အဲဒီရေအောက်ယာဉ်က အကန့်အသတ်မဲ့တဲ့ အကွာအဝေးကို သွားနိုင်စွမ်းရှိလိမ့်မယ်လို့ တရုတ်တို့က ယူဆပါတယ်။

အကယ်၍ အဲဒီရေအောက်တိုက်ခိုက်ရေးယာဉ်ဟာ ရေမိုင် ၅၀ နှုန်းနဲ့သွားနိုင်တယ်ဆိုရင် ဟာဝိုင်ယီ သို့မဟုတ် အမေရိကန်ပြည်မကြီးဆီကို အချိန်တိုအတွင်း ရောက်သွားနိုင်မှာပါ။

နောက်ထပ်အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကတော့ အမေရိကန်တို့ရဲ့ လက်ရှိဒုံးကျည် ကာကွယ်ရေးစနစ်တွေဟာ ရေအောက်ပစ်မှတ်တွေကို ရှာဖွေထောက်လှမ်း ကြိုတင် သတိပေးနိုင်စွမ်း မရှိပါဘူး။

အထူးသဖြင့် ရေအောက်အနက် မီတာ ၅၀၀ ကနေ ၈၀၀ ကြားရှိတဲ့ ရေအောက်ပစ်မှတ်တွေကို မရှာနိုင်ပါဘူး။

နောက်တစ်ချက်ကကျတော့ အမေရိကန်တို့ရဲ့ ရေအောက်ရေဒါဖြစ်တဲ့ ဆိုနာစနစ်ဟာလည်း ပစ်မှတ် တွေကိုတွေ့ရှိနိုင်ပေမယ့် အဲဒီပစ်မှတ်ဟာ ငါးမန်းတစ်ကောင်လား၊ ရေအောက် သွားယာဉ်လားဆို တာကို အမျိုးအမည် မခွဲခြားနိုင်ပါဘူး။

တကယ်လို့များ ရေအောက်သွားယာဉ်ကို သမားရိုးကျပုံစံနဲ့ မတည်ဆောက်တဲ့အပြင် ကိုယ်ထည်ပြင်ပ အတွက် လိုအပ်တဲ့ပစ္စည်းတွေကိုလည်း သမားရိုးကျမဟုတ်တဲ့ပစ္စည်းတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ဆိုနာစနစ်က ပစ်မှတ်ကို ခွဲခြားရခက်သွားပါပြီ။

ဥပမာအားဖြင့် ငါးမန်းအရေခွံလိုမျိုး ဇီဝပေါင်းစပ်ပစ္စည်းတွေကိုအသုံးပြုမယ်၊ နျူကလီးယားစွမ်းအင် အသုံးပြုမယ်၊ နျူကလီးယားထိပ်ဖူး အသုံးပြုမယ်ဆိုရင် သူ့ရဲ့ခြိမ်းခြောက်နိုင်စွမ်းက ဘယ်သူနဲ့မှတူမှာ မဟုတ်တော့ပါဘူး။

အထူးသဖြင့် မြေပြင်ဒုံးကျည် ပစ်ပေါက်တွေကနေ ပစ်လွှတ်လိုက်တဲ့ အမြင့်ပျံဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုထက် အဲဒီရေအောက်ယာဉ်ရဲ့ခြိမ်းခြောက်မှုက ပိုကြီးနိုင်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ ဇီဝပေါင်းစပ်စက်ရုပ်နည်းပညာက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ တော်တော်လေးကို အဆင့်မြင့်လာတာ တွေ့ရပါတယ်။ စက်ရုပ်ငါးတစ်ကောင်ရဲ့ ရေကူးခြင်း၊ အမြီးနဲ့ ခန္ဓာကိုယ်လှုပ်ရှား ခြင်းတို့ဟာ တကယ့်ငါးအစစ်အတိုင်းပါပဲ။

ဒီနည်းပညာကို ရေအောက်သွားယာဉ်မှာသာ ထည့်သွင်း အသုံးပြုလိုက်နိုင်မယ်ဆိုရင် အပေါ်က ပြောခဲ့ သလိုမျိုးပဲ အရာဝတ္ထုတွေနဲ့ သတ္တုတွေကို ခွဲခြားနိုင်စွမ်းမရှိတဲ့ ဆိုနာတွေကို ကောင်းကောင်းကြီး လှည့်စားနိုင်မှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တရုတ်တို့က သူတို့ရဲ့နည်းပညာစိတ်ကူးကို   ထုတ်ဖော်ပြသတဲ့အဆင့်ပဲရှိပါသေးတယ်။ ဒါပေမဲ့ သိပ်မကြာခင်အချိန်မှာ   အဲဒီစိတ်ကူးက လက်တွေ့အကောင်အထည်ပေါ်လာမှာပါ။

ဒီစိတ်ကူးကြောင့်ပဲ တရုတ်နိုင်ငံရဲ့ ရေအောက်တိုက်ခိုက်ရေးစွမ်းရည်များက သူမတူအောင် တိုးတက် လာပါလိမ့်မယ်။ ဒါ့အပြင်   ပုံမှန်မဟုတ်တဲ့ ပင်လယ်ရေကြောင်း တိုက်ခိုက်ရေး စွမ်းပကားများကလည်း   တော်ရုံအားဖြင့် လိုက်လို့မမီနိုင်အောင်အထိ  တိုးတက်လာမှာဖြစ်ပြီး ဒီလိုမျိုးတိုးတက်မှုဟာ အမေရိကန် နိုင်ငံအတွက်တော့ ဖြုံလောက်တဲ့ခြိမ်းခြောက်မှု တစ်ခုဖြစ်လာနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါ တယ်။   ။

Ref: CA

ထက်မြတ်