တိုက်စစ်မှူးအောင်သူ၏ အနာဂတ် ထိုင်းလိဂ်ရာသီဝက် အပြောင်းအရွှေ့ ကာလရောက်မှသာ အတည်ပြုနိုင်မည်

ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းမှ ကမ်းလှမ်းထားသော မြန်မာ့လက်ရွေးစင် တိုက်စစ်မှူးအောင်သူ၏ အနာဂတ်ကို ထိုင်းလိဂ်ရာသီဝက် အပြောင်းအရွှေ့ကာလ ရောက်မှသာ အတည်ပြု ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း ရတနာပုံအသင်း အထွေထွေ မန်နေဂျာ ဦးအတာဦးက ပြောသည်။

ထိုင်းလိဂ်-၁ ကလပ် ဘူရီယမ်အသင်းသည် ရတနာပုံအသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူကို အမေ ရိကန်ဒေါ်လာငါးသောင်းဖြင့် အပြီးသတ် ခေါ်ယူရန် ရတနာပုံအသင်းထံ တရားဝင် ကမ်းလှမ်းထားသည်။

အောင်သူရဲ့အပြောင်းအရွှေ့က ညှိနှိုင်းနေတုန်းပဲ ရှိသေးတယ်။ ဘူရီယမ်အသင်းက သူတို့ထိုင်းလိဂ်ရဲ့ ရာသီဝက်အပြောင်း အရွှေ့ကာလရောက်မှပဲ  အပြီးသတ်နိုင်အောင်    ဆောင်ရွက်မယ်ထင်ပါတယ်။ လက်ရှိမှာလည်း နှစ်ဖက်အသင်းတာဝန်ရှိ သူတွေ ဆွေးနွေးနေတဲ့အတွက် အတည်ပြုချက် မရှိသေးပါဘူး ဟု  ဦးအတာဦးက ပြောသည်။

ထိုင်းလိဂ်၏ ရာသီဝက်အပြောင်းအရွှေ့ ကာလကို ဒီဇင်ဘာ ၈ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၀ ရက်အထိ သတ်မှတ်ထား ကြောင်း ထိုင်းနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန်ထားသည်။

အောင်သူသည် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်း၊ ၂၀၁၉ ခုနှစ်တွင် မြောင်တောင် ယူနိုက်တက်အသင်းတို့သို့ တစ်ရာသီအငှား စာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့သည်။ သို့သော် ၎င်းသည် ပြီးခဲ့သည့် ဘောလုံးရာသီက မြောင်တောင်ယူနိုက်တက်အသင်းတွင် ပွဲထွက်ခွင့်ရရန် ရုန်းကန်ခဲ့ရပြီး ပြိုင်ပွဲစုံ ၁၃ ပွဲ ပါဝင်ကစားခဲ့ကာ သုံးဂိုးသာသွင်းယူ နိုင်ခဲ့သည်။

ထို့ကြောင့်  အောင်သူသည်  ယခုနှစ် ဘောလုံးရာသီအစတွင်    ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတို့ ပြောင်းရွှေ့ရန် ကြိုးပမ်းခဲ့သော်လည်း ညှိနှိုင်းမှု အဆင်မပြေသဖြင့် မိခင်ကလပ်ရတနာပုံ အသင်း၌ ပြန်လည် ပါဝင်ကစားခဲ့သည်။

အသက် ၂၅ နှစ် အရွယ်အောင်သူသည် အမျိုးသားဘောလုံး အကယ်ဒမီ (မန္တလေး)မှ ပေါ်ထွက်ခဲ့သည့် ကစားသမားဖြစ်ပြီး ၂၀၁၁  ခုနှစ်မှစ၍  သက်တမ်းအလိုက် လက်ရွေးစင်အသင်းများတွင် ရွေးချယ်ခံရကာ ၂၀၂၂ ကမ္ဘာ့ဖလားနှင့် အာရှဖလား ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင်အသင်း၏ အဓိကကစားသမားအဖြစ် ပါဝင်လျက်ရှိသည်။                           

ကိုရဲ