နှစ်(၁ဝဝ)ပြည့် အမျိုးသားအောင်ပွဲနေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာ

ယနေ့မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့၊ ခရစ်သက္ကရာဇ် ၂ဝ၂ဝ  ပြည့်နှစ်၊ ဒီဇင်ဘာလ ၉ ရက်တွင် ကျရောက်သည့်  နှစ်(၁ဝဝ)ပြည့် အမျိုးသားအောင်ပွဲနေ့သည် မြန်မာ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်  အမျိုးသားရေး စိတ်ဓာတ်မြင့်မားစွာဖြင့် အမျိုးသားရေးလှုပ်ရှားမှုကြီး ကို  စတင်လှုပ်ရှားဆောင်ရွက်ခဲ့သည့်နေ့ဖြစ်သကဲ့သို့ မြန်မာ့ပညာရေးသမိုင်းဝင် နေ့ထူးနေ့မြတ်လည်းဖြစ်ခဲ့ သည့်အခါ သမယလည်း ဖြစ်ပါသည်။ ယနေ့ နှစ်(၁ဝဝ)ပြည့်   အမျိုးသားအောင်ပွဲနေ့အခါသမယတွင် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပါစေကြောင်း  ဆုတောင်း မေတ္တာ ပို့သ အပ်ပါသည်။

အမျိုးသားနေ့သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်သော် ၁၉၂ဝ ပြည့်နှစ်တိုင်အောင် မြန်မာနိုင်ငံပညာရေး အတွက် တက္ကသိုလ်ပညာဟူ၍ မရှိသေးဘဲ  ရန်ကုန် ကောလိပ်နှင့် ယုဒသန်ကောလိပ်ဟူ၍သာ ရှိပြီး  ကိုးလ်ကတ္တား တက္ကသိုလ် က ကျင်းပသော စာမေးပွဲကို  ဖြေဆိုကြရသည်။    ၁၉၂ဝ ပြည့်နှစ်၊   ဒီဇင်ဘာလ ၁ ရက်တွင် အင်္ဂလိပ် အစိုးရက  ရန်ကုန်တက္ကသိုလ် အက်ဥပဒေကြမ်းကိုပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကြမ်းတွင် ဖော်ပြထားခဲ့သည်မှာ

(၁) မြန်မာနိုင်ငံ၌ တက္ကသိုလ် တစ်ခုတည်းသာရှိရမည်ဖြစ်ပြီး လက်အောက်ခံ ကောလိပ်များသည်လည်း ရန်ကုန်မြို့ ၌ သာ ရှိရမည်။

(၂) တက်ရောက်ခွင့်ရသော ကျောင်းသားတိုင်းသည်ကျောင်းအိပ်/ကျောင်းစားနေရမည်။

(၃) တက္ကသိုလ်ဝင် စာမေးပွဲမရှိ၊ အစိုးရက High School Final  ခေါ်သော အလယ်တန်းစာမေးပွဲအောင်မြင်ရမည်။

(၄) အင်္ဂလိပ်နှင့်  အခြားဘာသာရပ်တစ်ခုခုကို ထူးချွန်စွာအောင်မြင်မှ  တက္ကသိုလ်ဝင်ခွင့်ပြုမည်။

(၅) ဂုဏ်ထူးနှင့်ဝိဇ္ဇာဘွဲ့တန်း သည် တစ်ခါဖြေဆိုရန် မအောင်မြင်ပါက နောက်နောင် ဖြေဆိုခွင့်မပြု၊   တက္ကသိုလ် မှ ထုတ်ပစ်မည်။ 

(၆) တက္ကသိုလ်ဝင်ခွင့် ရရှိပါကလည်း  တက္ကသိုလ်ပညာရပ် များကို တစ်ခါတည်းစ၍ မသင်ရသေးဘဲ  တက္ကသိုလ် ပြင်ဆင်ခွင့် အတန်းတွင် တစ်နှစ်နေရမည်။

(၇) ပြင်ဆင်ခွင့်အတန်းတွင်  တစ်နှစ်နေရသော်လည်း  တက္ကသိုလ်ပညာရပ်များ မလိုက်နာနိုင်သေးဟု သတ်မှတ် ခံရ လျှင် တက္ကသိုလ်ပညာကို   ဆက်လက် သင်ယူခွင့်မပြုဟု ပြဋ္ဌာန်းပါရှိရာ အရင်းရှင်၊ ဓနရှင်တို့၏ အကျိုး၊  ချမ်းသာ ကြွယ်ဝသူတို့နှင့် အင်္ဂလိပ် အရာရှိကြီးများ၏ သား/ သမီးများအတွက်ရေးဆွဲထားသည့်   ဥပဒေကြမ်း ဖြစ်ခဲ့ ပေသည်။

ဤဥပဒေကြမ်းအရ   တက္ကသိုလ်ပညာရေးကို မြန်မာတိုင်းရင်းသားများ သင်ယူနိုင်ခွင့်နည်းပါးသည်။ မြန်မာနိုင်ငံ သား ပညာတတ်များ မွေးထုတ်ပေးမည့် အစား လူနည်းစုတို့သာ တက္ကသိုလ်ဝင်ခွင့်ရစေရေး   အင်္ဂလိပ်အစိုးရက    ကျွန်ပညာရေး စနစ်ကိုသာ အလေးထားခဲ့သည်။ ဤဥပဒေကြမ်းကို ကျောင်းသား များနှင့်ပြည်သူတို့ ကန့်ကွက် သည့်ကြားမှပင် ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်တွင် တက္ကသိုလ်ဥပဒေကို  အတည်ပြုပြဋ္ဌာန်းခဲ့ပြီး တစ်ဆက်တည်းမှာပင် ယုဒသန် (ဂျပ်ဆင်) ကောလိပ်နှင့်    ရန်ကုန်တက္ကသိုလ်တို့အား ပေါင်းစည်း၍  ရန်ကုန် တက္ကသိုလ်ကို ထူထောင်လိုက်ကြောင်း ကြေညာခဲ့သည်။  ဤဥပဒေကို အင်္ဂလိပ်

အစိုးရက အတည်ပြုပြဋ္ဌာန်းပြီး  တက္ကသိုလ်ဖွင့်ပွဲကို ၁၉၂ဝ ပြည့်နှစ်၊  ဒီဇင်ဘာလ ၇ ရက်တွင် ဖွင့်လှစ်ရန် ကြေညာ ခြင်းအား အကြောင်းပြုလျက် ကျောင်းသားတို့က ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၅ ရက်(မြန်မာ သက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော်  ၁ဝ ရက်)တွင်  တက္ကသိုလ်ဥပဒေကို  လုံးဝကန့်ကွက်ကြောင်း ဖော်ပြ ကြွေးကြော်ခဲ့ရာမှ မြန်မာနိုင်ငံသမိုင်း အလှည့်အပြောင်းတစ်ခုဖြစ်သော တက္ကသိုလ် ကျောင်းသားသပိတ်ကြီး    ပေါ်ပေါက် လာခဲ့သည်။

ထိုသပိတ်တိုက်ပွဲကို မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်ရှိ ကျောင်းများက ဝိုင်းဝန်းထောက်ခံခဲ့ကြသည်။ အဆိုပါ တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက်နေ့ကို အမျိုးသား နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

မျိုးချစ်စိတ်ဓာတ်ကိုအရင်းခံ၍  မြန်မာတို့၏လူမှု စီးပွားဘဝနှင့် လိုက်လျောညီထွေမှုရှိသည့် ပညာရေး စနစ် တစ်ရပ် ပေါ်ထွန်းလာရေးအတွက် တစ်မျိုးသားလုံး ပူးပေါင်းပါဝင်လှုပ်ရှားခဲ့သည့် အမျိုးသားရေးလှုပ်ရှားမှု ကြီးမှတစ်ဆင့်  နိုင်ငံချစ်စိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်နှင့်  ပြည်ထောင်စုစိတ်ဓာတ်ပြည့်ဝစွာ ကိုလိုနီနယ်ချဲ့တို့ကို စည်းလုံး ညီညွတ်စွာ တွန်းလှန်နိုင်ခဲ့သဖြင့် နိုင်ငံတော် ၏လွတ်လပ်ရေးအောင်ပန်းကို အရှိန်အဟုန်ဖြင့် ဆက်လက် တက်လှမ်း ရယူနိုင်ခဲ့သည်။

မြန်မာတို့သည် မျိုးရိုးဗီဇအားဖြင့် အမျိုး၊ ဘာသာ၊  သာသနာနှင့် ပညာကို အစဉ်လေးစားတန်ဖိုးထားကြသူ များ ဖြစ်ကြသဖြင့် မြန်မာတို့၏ သမိုင်းစဉ်တစ်လျှောက်တွင် တိုင်းတစ်ပါးက ထိပါးကျူးကျော်လာမှုမှန်သမျှကို  ရွပ်ရွပ်ချွံချွံ တွန်းလှန်မောင်းထုတ်နိုင်ခဲ့ကြခြင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်ခဲ့သည် ချည်းသာဖြစ်သည်။

အမှန်စင်စစ်မှာမူ အမျိုးသားရေး စိတ်ဓာတ်သည် တိုင်းပြည်နှင့် လူမျိုးနှင့် နိုင်ငံသားများကို ချစ်ခင်သော စိတ်ဓာတ် ပင်ဖြစ်သည်။ တစ်နိုင်ငံတည်းနေ၊ တစ်မြေ တည်းဖွား၊ တိုင်းရင်းသားညီအစ်ကိုများကို ချစ်ခင်ခြင်း၊  စောင့်ရှောက်ခြင်းနှင့် တိုင်းပြည်နှင့်လူမျိုးနှင့် နိုင်ငံသားများ အကျိုးကို ထာဝစဉ်သယ်ပိုးသွားလိုသည့် စိတ်ဓာတ် ပင်ဖြစ်ပေသည်။ ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် ရှေးပဝေသဏီကတည်းကပင် တစ်မြေတည်းနေ၊  တစ်ရေတည်းသောက်၊ မရှိအတူ၊ ရှိအတူ၊ အေးအတူ ပူအမျှ၊ ဥမကွဲ သိုက်မပျက်၊ ဆိုးတူကောင်းဖက်လက်တွဲ နေထိုင်လာခဲ့ကြသည်မှာ ငြင်းဆို၍မရသောပကတိ အရှိတရားပင်ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်များ သည်   တိုင်းပြည်နှင့် လူမျိုးအတွက်   အသက်တမျှ အရေးပါလှသော  ထိုစိတ်ဓာတ်မျိုးကို ဆက်လက် ထိန်းသိမ်းသွားရန် လိုအပ် ပေသည်။

ပြည်ထောင်စုဖွားတိုင်းရင်းသားများသည် နယ်ချဲ့ လက်အောက်ရောက်ခဲ့သည့်တိုင်အောင် ဝံသာနု စိတ်ဓာတ်ကို အခြေခံကာ လွတ်လပ်ရေး ရရှိသည်အထိ တိုက်ပွဲဝင်ခဲ့ကြသည်။  ထိုသို့လွတ်လပ်ရေးအတွက် အရေးပါသည့် အမျိုးသားနေ့ အနှစ်သာရကို  မျိုးဆက် သစ်လူငယ်များအကြား အမှတ်ထင်ထင်ရှိနေရန်လည်း  လိုအပ်ပေသည်။ သို့မှသာလျှင် တိုင်းပြည်နှင့် လူမျိုးကို ချစ်မြတ်နိုးစိတ်နှင့် အချုပ်အခြာအာဏာ၏အရေးပါမှု တို့ကို တန်ဖိုးထား တတ်လာနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတည်တံ့ ခိုင်မြဲရေးတွင် အမျိုးသားရေး လက္ခဏာများ (National Identity) တည်တံ့ ခိုင်မြဲရေး သည် အဓိက ကျပေသည်။ ယနေ့ကဲ့သို့သော နိုင်ငံတကာဆက်စပ် ယှက်နွှယ်ဖြစ်ပေါ် ပြောင်းလဲနေသည့်  (Globalization) ကာလတွင် အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့် ရှောက်ရေးကို ပိုမို အလေးပေး ဆောင်ရွက်သင့်ပါသည်။ အမျိုးသားရေး လက္ခဏာနှင့် အမျိုးသားယဉ်ကျေးမှု တို့ တိမ်မြုပ်ပျောက်ကွယ်သွားပါက မျိုးချစ်စိတ်ဓာတ် သည်လည်း လျော့နည်းခေါင်းပါး သွားမည်သာဖြစ်ပါသည်။ မျိုးချစ်စိတ်ဓာတ် ကင်းမဲ့ခြင်းသည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြီးမားသော အန္တရာယ်ပင်ဖြစ်သည်။ လွတ်လပ် ရေး ရရှိပြီးနောက် အစိုးရ အဆက်ဆက်က နိုင်ငံတော် တာဝန်များကို ရယူဆောင်ရွက်ခဲ့ရာတွင် မြန်မာနိုင်ငံ ကဲ့သို့သော ပြည်ထောင်စု နိုင်ငံတစ်နိုင်ငံအတွက် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးတည်းဟူသော ဒို့တာဝန်အရေး(၃) ပါးသည်  နိုင်ငံသားတိုင်း အစဉ်ဦး ထိပ်ပန်ဆင် ဆောင်ရွက်ရမည့်  အမျိုးသားရေး တာဝန်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု  စိတ်ဓာတ်သည် သာလျှင် စစ်မှန်သော မျိုးချစ်စိတ်ဓာတ် အဖြစ် ခံယူ ဆောင်ရွက်ကြရပေမည်။  မိမိနိုင်ငံနှင့် မိမိလူမျိုးများ၏ ကံကြမ္မာကို  မိမိတို့ ကိုယ်တိုင် လွတ်လပ်စွာ ဆွေးနွေးဆုံးဖြတ်အကောင်အထည်ဖော်နိုင်ရေး၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံသူ၊ နိုင်ငံသားများ၏  လူမှုစီးပွားဘဝပြည့်စုံလုံခြုံရေးတို့ အတွက် နိုင်ငံသား အားလုံးက ပြည်ထောင်စုစိတ်ဓာတ် အရင်းခံဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရ မည်ဖြစ်ပါ သည်။       

ယနေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့ကို အလေးထား ကြိုးစား တည်ဆောက်ရမည့်အချိန် ကာလဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့အား တိုင်းရင်းသားပြည်သူ အားလုံး၏ စည်းလုံးညီညွတ်မှုဖြင့်သာ တည်ဆောက်နိုင်မည်ဖြစ် ပသည်။ ယနေ့ကျရောက်သော နှစ်(၁ဝဝ)ပြည့် အမျိုးသား အောင်ပွဲနေ့မှအစပြုပြီး တစ်နိုင်ငံလုံး တည်ငြိမ်  အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်ထက်မြက်ရေး တို့ကို တိုင်းရင်းသားပြည်သူ ညီအစ်ကိုမောင်နှမ အားလုံးက အမြော်အမြင်ကြီးမားစွာ ဆောင်ရွက်သွား နိုင်ကြပါ စေကြောင်း အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာ ပါးအပ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်