ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ဤရေကန်သည် ဂျော်ဒန်မြစ်နှင့် ဆက်စပ်တည်ရှိသော်လည်း ရေကန် ပိုင်နက်မှာ အစ္စရေးနိုင်ငံထဲတွင် ရှိနေသည့်အတွက် အစ္စရေးအတွက် ကံကောင်းခြင်းတစ်ခု ဖြစ်နေသည်။ ဂျော်ဒန်မြစ်မှာ လက်ဘနွန် နိုင်ငံတွင် မြစ်ဖျားခံလာပြီး ဆီးရီးယားပိုင်နက် ဂိုလန်ကုန်းမြင့် (Golan Heights) မှ စီးဆင်းလာသော   မြစ်ငယ်အချို့နှင့်ပေါင်းကာ  အစ္စရေးနိုင်ငံထဲရှိ အဆိုပါရေကန်ထဲသို့   ရောက်ရှိလာသည်။  ထို့မှ အောက် ဂျော်ဒန်မြစ် (Lower Jordan River) အဖြစ် ဆက်လက်စီးဆင်းသွားပြီး ပင်လယ်နီ (Red Sea) ထဲသို့ စီးဝင်သည်။ ဤကုန်းမြင့်ပေါ်မှ ဘန်နစ်(စ်)မြစ် (Banas River) နှင့် အခြား မြစ်တစ်စင်းသည် အထက် ဂျော်ဒန်မြစ် (Upper Jordan River) ထဲသို့ စီးဝင်သည်။ အဆိုပါ ရေချိုသည် အစ္စရေးအတွက် အလွန်အရေးပါသည်။ ဂိုလန်ကုန်းမြင့်သည် ၁၉၆၄ ခုနှစ်က ဆီးရီးယား ပိုင်နက်မြေဖြစ်ခဲ့သည်။

အစ္စရေးနှင့် အာရပ်ကမ္ဘာတို့၏ ကြီးမားသောရန်စောင်မှုအရ ဆီးရီးယားသည် အစ္စရေးနိုင်ငံကို ရေအကျပ် အတည်းဖြစ်စေရန် ဂိုလန်ကုန်းမြင့် ပေါ်မှ ဖြတ်သန်းစီးဆင်းနေသော အဆိုပါမြစ်နှစ်စင်းမှ ရေကိုလွှဲယူ မည့် ရေလွှဲပြောင်းရေးလုပ်ငန်းစီမံကိန်းကြီးကို ၁၉၆၄ ခုနှစ်တွင် စတင်ခဲ့သည်။ အဆိုပါစီမံကိန်းကြီးမှာ ကြီးမားသောရေစုပ်စက်ကြီးများဖြင့် စုပ်ယူ၍ ရေလမ်းကြောင်းလွှဲပြောင်းပစ်ရန်ဖြစ်သည်။

ဤစီမံကိန်းကြီးကို ထိုစဉ်က အရှေ့ဥရောပနိုင်ငံတစ်ခုဖြစ်သော ယူဂိုဆလားဗီးယားနိုင်ငံမှ ပညာရှင် အဖွဲ့က ဆောင်ရွက်ပေးခဲ့သည်။ အစ္စရေးကလည်း ထောက်လှမ်းရေး အင်အားကောင်းလှသည့်အတွက် ဤစီမံကိန်းကို ကြိုသိနေသည်။

၁၉၆၇ ခုနှစ်တွင် အာရပ်၊ အစ္စရေးခြောက်ရက်ကြာစစ်ပွဲဆင်နွှဲပြီး ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်၏ အစိတ်အပိုင်းအများစုကိုပါ သိမ်းပိုက်လိုက်ပြီး ၁၉၈၁ ခုနှစ်မှစပြီး အစ္စရေးနိုင်ငံပိုင်နက်အဖြစ် ကြေညာလိုက်သည်။

ဂိုလန်ကုန်းမြင့်သည် အနိမ့်ပိုင်းတွင် မီတာ ၂၁၂ မီတာ(ပေ ၇၀၀ ခန့်)ရှိပြီး အမြင့်ဆုံးအပိုင်းတွင် မီတာ ၂၈၁၄ (ပေ ၉၀၀၀ ကျော်)မြင့်သည်။  စတုရန်းကီလိုမီတာ ၁၈၀၀ ခန့် (စတုရန်းမိုင် ၇၀၀ ခန့်)ရှိသည့် အတွက် စင်ကာပူနိုင်ငံတစ်နိုင်ငံခန့် ကျယ်ဝန်းသည်။ ဤဧရိယာထဲမှ စတုရန်းကီလိုမီတာ ၁၂၀၀ (စတုရန်းမိုင် ၅၀၀ ခန့်)ကို အစ္စရေးက သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။ အာရပ်၊ အစ္စရေး ခြောက်ရက်ကြာ စစ်ပွဲတွင် ဤရေချိုကိစ္စမှာ အရေးကြီးသော အကြောင်းပြချက်ဖြစ်သော်လည်း အခြားသော ကိစ္စတစ်ခု ရှိနေသေးသည်။ ၎င်းမှာ ဆီးရီးယားသည် ဂိုလန် ကုန်းမြင့်ပေါ်တွင်တပ်စွဲထားပြီး အနိမ့်ပိုင်းရှိ အစ္စရေး နိုင်ငံမြို့ကြီးများကို အမြောက်များဖြင့် မကြာခဏ ပစ်ခတ်ဒုက္ခပေးနေသည့် အချက်လည်း ပါသည်။

အစ္စရေးနိုင်ငံ၏ တတိယရေချိုရရှိရေးနည်းမှာ အမြင့်ပိုင်းဒေသအဝီစိ တွင်းများနှင့် ပင်လယ်ကမ်းရိုးတန်း အဝီစိတွင်းများမှ ရယူသည့်နည်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဤနည်းဖြင့် ရေချိုကုဗမီတာ သန်းပေါင်း ၁၁၀ (ဂါလန် သန်း ၂၄၂၀၀)ခန့် ထုတ်ယူခဲ့သည်။

ဤနည်းသုံးနည်းဖြင့် ရေချိုရယူရာတွင် အစ္စရေးနိုင်ငံ၏ ၂၀၁၄ ခုနှစ် ရေချိုထုတ်လုပ်မှုစုစုပေါင်းမှာ ကုဗမီတာသန်းပေါင်း ၄၈၇ (ဂါလန်သန်း ၁၀၇၁၄၀)ခန့်ဖြစ်သည်။

ဤကာလမတိုင်မီ ၂၀၁၀ ပြည့်နှစ်တွင် ဤနည်းသုံးနည်းမှ ရေချို ထုတ်ယူမှုပမာဏစုစုပေါင်းမှာ ကုဗမီတာသန်းပေါင်း ၁၀၅၀ ခန့်ဖြစ်သည်။ သို့ရာတွင် သုံးစွဲပြီးစွန့်ပစ်လိုက်သည့်ရေချိုကိုပြုပြင်၍ ပြန်လည်သုံးစွဲနိုင်မှု မြင့်လာရာမှ ရေချိုအသစ်ဖြည့်ဆည်းရမှုပါ လျော့ကျလာခြင်းဖြစ်သည်။

အစ္စရေးသည် စတုတ္ထနည်းအဖြစ် ရေချိုအသုံးကို လျှော့ချရန်အတွက် တစ်နိုင်ငံလုံးမှ သုံးစွဲပြီး စွန့်ပစ် လိုက်သောရေ၏  ၈၀  ရာခိုင်နှုန်းကို ပြန်လည်ပြုပြင်သုံးစွဲခဲ့သည်။ Tel Aviv မြို့တွင် စွန့်ပစ်ရေ၏ ၁၀၀ ရာခိုင်နှုန်း ပြန်လည်သုံးစွဲနိုင်စေရန်စီမံခဲ့သည်။ ဤမျှရှားပါးသည့်ရေကို အစ္စရေးနိုင်ငံသားများက  ချွေတာသုံးစွဲကြသည်။  စိုက်ပျိုးရေးလုပ်ငန်း များတွင်လည်း တစ်ဟက်တာလျှင် ၈၇၀၀ ကုဗမီတာ နှစ်စဉ်သုံးစွဲနေရာ မှ ၁၉၇၅ ခုနှစ်မှစပြီး တစ်ဟက်တာအတွက် ၅၅၀၀ ကုဗမီတာအထိ လျှော့ချ သုံးစွဲခဲ့ကြသည်။

အစ္စရေးပြည်သူတိုင်းနားလည်နေသည့် စကားတစ်ခွန်းမှာ “ရေတစ် စက်တောင် မလေလွင့်စေနဲ့” (Don't waste a drop) ဟူ၍ဖြစ်သည်။ ရေချိုကို “ရွှေရည်” (Liquid Gold) ဟုပင် တင်စားကြသည်။

ရေချိုရှားသည့် စင်ကာပူနိုင်ငံ

စင်ကာပူနိုင်ငံသည် ၁၉၆၅ ခုနှစ်မှစ၍ မလေးရှားနိုင်ငံမှ ခွဲထွက်ခဲ့ပြီး ကိုယ်ပိုင်လွတ်လပ်သော နိုင်ငံ ထူထောင်ခဲ့သည်။ နိုင်ငံထူထောင်ခါစတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ရသည်။ ယခုအချိန်အထိလည်း သောက်ရေ သုံးရေအချို့ကို မလေးရှားနိုင်ငံမှ ဝယ်ယူတင်သွင်းရသည်အထိ ကိုယ်ပိုင် ရေချိုရှားပါး ဆဲဖြစ်သည်။

သူ၏ ရေချိုအခက်အခဲကို ယခုအခါ နည်းလမ်းလေးမျိုးဖြင့် ဖြေရှင်းနေသည်။

ပထမနည်းမှာ စင်ကာပူနိုင်ငံရှိ ရေချိုရနိုင်သောနေရာမှန်သမျှ တာတမံများ တည်ဆောက်သည်။ နှစ်စဉ် ပြန်လည်ပြည့်ဖြိုးမြဲမိုးရေကို တာတမံ ၁၉ ခုတည်ဆောက်၍ သိုလှောင်သည်။ ဤရေပမာဏမှာ စင်ကာပူ တစ်နိုင်ငံလုံးအသုံး၏ ၂၀ ရာခိုင်နှုန်းအထိကြီးမားသည်။

ဆက်လက်ဖော်ပြပါမည်။