မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ကျွန်တော့်မျက်နှာ    ပိုပြီးတည်ကြည်သွားသလိုရှိသည်။    ကျွန်တော်နှင့်အမြဲတွဲနေသော    ရွှေမြ၊ ချမ်းအောင်နှင့် ထွန်းဝင်းတို့က သူငယ်ချင်းအတွက်  ဂုဏ်ပြုပြုံးလေး  ပြုံးနေကြ၏။

"စာရေးတာကို ဆရာမ အားပေးပါတယ်၊ ဆရာမ လည်း ဝါသနာပါပါတယ်၊ "ရိုးမခေါ်သံ" စာအုပ်ကို ရေးသားခဲ့တဲ့   စာရေးဆရာ   မောင်စံဖော်ဆိုတာ ဆရာမရဲ့အစ်ကိုအရင်းပဲ၊ ဒီကျောက်ဖြူမြို့ဇာတိပဲ။ အခု  ရန်ကုန်တက္ကသိုလ်  မြန်မာစာဌာနမှာ  ဆရာလုပ်နေပါတယ်"

ကျောင်းသူ၊ ကျောင်းသားများ တဒင်္ဂဆိတ်ငြိမ်သွားကြသည်။

"မောင်ဘညွန့်က     တော်ပါတယ်။    ကိုးတန်းကျောင်းသားအရွယ်နဲ့ ရန်ကုန်ကထုတ်တဲ့ မဂ္ဂဇင်းတွေမှာ ဝတ္ထုတွေ၊ ကဗျာတွေဖော်ပြခံရတာဆိုတော့ မဆိုးဘူး။      နောက်အများကြီးအလားအလာရှိပါတယ်။ ကဲ မောင်ဘညွန့် သွားတော့သွားတော့၊ ရော့စာအုပ်ယူသွား"

ကျွန်တော် ဆရာမဒေါ်စောရည်လှမ်းပေးသော စာအုပ်ကို ရိုရိုသေသေယူရင်း ကိုယ့်နေရာလေးသို့ လှမ်းသွားလိုက်သည်။

ကျွန်တော့်ရင်ထဲမှာတော့  ကျေနပ်မှုပီတိလှိုင်းသည် ရင်၌အပြည့်။

 - - - - - - - -- - - - - - - -

ကျောင်းဆရာဖြစ်ချင်လွန်းနေသော  ကျွန်တော် ကျောင်းကပေးသောစာများကို   ဖတ်သည်၊    ကျက်သည်။ သင်ခန်းစာ  လေ့ကျင့်ခန်းများကို  လေ့လာသည်၊  တွက်ချက်သည်။ ကိုယ်တိုင်နားမလည်လျှင် စာတော်သောသူငယ်ချင်းများကိုမေးသည်။  သင်ပြခိုင်းသည်။     တန်းမြင့်ကျောင်းထွက်လက်မှတ်ရ စာမေးပွဲအောင်လျှင် ကျွန်တော်ဖြစ်ချင်လွန်းသော ကျောင်းဆရာဘဝကို ခံယူရတော့မည်ဟု ခံယူထားသည်။ သို့သော် သင်္ချာဘာသာရပ်ကတော့ ပြတုန်းခဏသာ ကျွန်တော်နားလည်သည်။ ပုစ္ဆာအသစ် တွက်ပြီဆို    ကျွန်တော်ယောင်လည်လည်ဖြစ်နေတော့သည်။  ကိုယ့်ကိုယ်ကိုယ်   သင်္ချာဉာဏ်နည်းသည်ဟု သိမှတ်လိုက်သည်။ လပတ်စာမေးပွဲတွေဖြေတော့လည်း  ကျက်စာများဆို အမြဲတမ်းဂုဏ်ထူးမှတ်နား   ရောက်နေတတ်သည်။   သင်္ချာမှာတော့ အောင်မှတ်ရသည်ဆိုရုံလေးပဲရှိသည်။ On the majin ဆိုသလိုပဲ ဖြစ်နေတတ်သည်။

၁၉၆၆-၆၇   ပညာသင်နှစ်    အောက်တိုဘာလ သီတင်းကျွတ်ကျောင်းပိတ်အပြီး      ကာလမှာပင် ကျွန်တော်  မှီခိုကပ်ရပ်အားကိုးနေသော     အဘွားဒေါ်ရွှေစု        အိုမင်းရင့်ရော်လာပေလို့လားမသိ။

နေမကောင်းခဏခဏဖြစ်သည်။ တစ်နေ့ ကျွန်တော့်ကို အနားသို့ခေါ်ပြီး တိုးတိုးညင်းညင်းလေး ပြောရှာသည်။ 

"မောင်ဘညွန့်ရေ သားကို အဘွားပြောပြမယ်"

အဘွားဆီကထွက်လာမည့်စကားသံကို ကျွန်တော် နားထောင်နေမိသည်။

"အခု  အဘွား  အသက်အရွယ်ကလည်းရလာပြီ၊ နေမကောင်းတဲ့ရက်တွေလည်း      များလာတယ်၊ အဘွားသမီးဆီ   သွားနေလိုက်တော့မယ်။   သား ကိုယ့်ဖို့ကိုယ်ချက်စားပြီး ဒီအိမ်ကို စောင့်ရှောက်နေလိုက်တော့နော်"

အဘွားစကားကြားရတော့ ကျွန်တော့်ရင်ဘတ်ထဲမှာ ဗလောင်ဆူသွားသည်။ ကျွန်တော့်ခန္ဓာကိုယ်အနှံ့ ချွေးပေါက်များ စို့ထွက်သွားသည်။ အဖေနှင့် အမေသိလျှင်   ကျွန်တော်ကျောင်းနေရေးအတွက် မအားလပ်သည့်ကြားက     အလုပ်များကြပေဦးမည်။ မြို့ပြအရပ်မှာ  ကျေးလက်က ကျောင်းသား တစ်ယောက်ကို       လက်ခံဖို့ဆိုသည်မှာလည်း လွယ်ကူသည့်အလုပ်မဟုတ်ဆိုသည်ကို ကျွန်တော် နားလည် ထားပြီး ဖြစ်သည်။  သို့ဖြစ်၍   ကျွန်တော် ကျောင်းဆက်နေရရေးအတွက် ဘယ်လိုပဲဖြစ်ဖြစ် ကြိုးစားမည်ဟု ခံယူလိုက်သည်။

"အဘွားရယ် အဘွားက အသက်ကလည်းရနေပြီ၊ အဘွားသမီး    အစ်မဆီသွားချင်တယ်ဆို    သွားနေလိုက်ပါ၊ ကျွန်တော်အဘွားအိမ်ကို စောင့်ရှောက်ရင်း ကျန်နေခဲ့ပါ့မယ်"

"သား ထမင်းစားဖို့ဟာကျတော့  ဘယ်လိုလုပ်မလဲ"

အဘွားသည်     မြေးဖြစ်သူ   ကျွန်တော့်အတွက် သံယောဇဉ်စကားပြောသည်ဟု ကျွန်တော် နားလည်လိုက်သည်။

"ရပါတယ် အဘွားရယ်၊ ကျွန်တော် ထမင်း၊ ဟင်း ကောင်းကောင်း ချက်တတ်ပါတယ်။ ရွာမှာဆို အမေ့မှာ သားသမီးတွေများတာနဲ့ ထမင်း၊ ဟင်းချက်တာ ပြုတ်တာမှာ အမေ့ကို ကျွန်တော်ကူညီရတာလည်း

ရှိပါတယ်၊ သား ကောင်းကောင်းလုပ်တတ်ပါတယ်"

အဘွားသည်   နောက်တစ်နေ့မှာပဲ     သိမ်းစရာရှိတာတွေသိမ်း၊ ယူစရာရှိတာတွေယူကာ စစ်တွေ-သံတွဲသွားသင်္ဘောနှင့်    လိုက်သွားပါတော့သည်။

အဘွားသွားခါနီး အဘွားကို ကျွန်တော် ရှိခိုးကန်တော့လိုက်သည်။

"အဘွားရယ် သား ကျောက်ဖြူမြို့ကိုရောက်လာချိန် လူမမည်အရွယ်ကစပြီး အခု လူပျိုပေါက်အရွယ်ရောက်တဲ့အထိ  ခုနစ်နှစ်တိုင်တိုင်  သားကို  ကိုယ့်သားအရင်း၊   မြေးအရင်းနဲ့မခြား    ပြုစုစောင့်ရှောက်ပြီး ချက်ပြုတ်ကျွေးမွေးခဲ့တာတွေ  သားတစ်သက်မမေ့ပါဘူး၊ အဘွားကို သား ကျေးဇူးအရမ်းတင်ပါတယ်။

သား      ပြောမှားဆိုမှားရှိခဲ့ရင်လည်း  ခွင့်လွှတ်ပေးပါ အဘွားရယ်"

"အေး သာဓုပါကွယ် သာဓု သာဓု သာဓု၊ သား ကျန်းမာပါစေ     ချမ်းသာပါစေ၊   အန္တရာယ်ရှင်းလို့ ဘေးကင်းပါစေ၊    စာမေးပွဲကြီးအောင်လို့    သားဖြစ်ချင်တဲ့ ကျောင်းဆရာဘဝကိုလည်း ရရှိပါစေကွယ်"

"အဘွားပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏"

ကျွန်တော့်မျက်ဝန်းမှာ မျက်ရည်တွေပြည့်နေသလို     အဘွားမျက်ဝန်းမှာလည်း    မျက်ရည်တွေနှင့်။

မာန်အောင်ကျွန်းသူအဘွားမှာ       အဘိုးနှင့်အိမ်ထောင်မပြုမီကပင်   ယခင်အိမ်ထောင်နှင့်  သမီးမိန်းကလေး တစ်ယောက်    ရှိခဲ့သည်ဟုဆိုသည်။ ကျွန်တော့်အဘိုးနှင့်အဘွား  အိမ်ထောင်ပြုလိုက်ချိန်တွင် အဘွားသမီးက အပျိုအရွယ်ရောက်နေလေပြီ။ အဘိုးနှင့်အဘွားအိမ်ထောင်ပြုပြီး တစ်နှစ်အတောအတွင်းမှာပဲ အဘွားသမီး မရင်ရင်ဖြူသည် ကျောက်ဖြူမြို့   နယ်မြေခံတပ်မှ    တပ်ကြပ်မောင်မောင်ဆိုသူ စစ်သားတစ်ဦးနှင့် အိမ်ထောင်ကျသွားသည်။ အစ်မ မရင်ရင်ဖြူမှာ အသားအရောင် ပပဝင်းဝင်းနှင့် ချောမောလှပသည်ဟုဆိုသည်။ တပ်ကြပ်မောင်မောင်ကတော့ ပဲခူးသားဟု သိရသည်။ အစ်မ မရင်ရင်ဖြူမှာ သူ့ယောကျ်ားတပ်ရင်းပြောင်းတိုင်း သျှောင်နောက်ဆံထုံးပါ လိုက်ပါနေခဲ့ရသည်။   ခုတော့  တပ်ကြပ်မောင်မောင်မှာ   ဗိုလ်ကြီးအဆင့်သို့ ရောက်နေပြီး သံတွဲ  ငပလီမြို့   နယ်မြေခံတပ်တွင်  တာဝန်ထမ်းဆောင်လျက်ရှိသည်ဟု သိရသည်။

(၁၉၇၄ ခုနှစ်  မြန်မာတစ်နိုင်ငံလုံး၌ ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်လိုက်ချိန်တွင်   ကျွန်တော့်အစ်မ    မရင်ရင်ဖြူ၏ယောက်ျား၊ အဘွားဒေါ်ရွှေစု၏သမက် ဗိုလ်ကြီးမောင်မောင်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့ကောင်စီဥက္ကဋ္ဌဖြစ်လာသည်ဟု သိခဲ့ရပါသည်။)

              +++++++++++++++

ဆက်လက်ဖော်ပြပါမည်။