မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဒဂုံပေါ့အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိ
ရန်ကုန် ဩဂုတ် ၂၉
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် မြန်မာနေရှင်နယ်လိဂ်ယူ-၂၀ ပြိုင်ပွဲ ပွဲစဉ်(၁၃)နောက်ဆုံးပွဲစဉ်အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ ဗဟန်းမြက်ခင်းတုကွင်း၌ ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းနှင့် ဒဂုံပေါ့ယူ-၂၀ အသင်းတို့ကစားခဲ့ရာ ရန်ကုန်ယူ နိုက်တက်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ပွဲစကတည်းက ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းက ခြေစွမ်းပိုင်းအသာစီးဖြင့် ဖိအားပေး ကစားနိုင်ခဲ့ကာ ပွဲချိန် ၄၃ မိနစ်တွင် မင်းသန့်ဘိုက ရန်ကုန် ယူနိုက်တက်ယူ-၂၀ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူ ပေးနိုင်ခဲ့ကာ ပထမပိုင်းတွင် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းက ၁ ဂိုး ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် ဒဂုံပေါ့ယူ-၂၀ အသင်းက ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် ပြန်လည် ဖိအားပေးမှုများကြောင့် ပထမပိုင်းကထက် ပိုမိုအကြိတ်အနယ်ရှိလာခဲ့ပြီး နှစ်သင်းလုံးဂိုးသွင်းခွင့်များ ရရှိခဲ့ကာ ပွဲချိန် ၇၃ မိနစ်တွင် ဝိုင်းဝိုင်းချစ်က ဒဂုံပေါ့ယူ-၂၀ အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ ရန်ကုန် ယူနိုက်တက်အသင်းက ချေပဂိုးခွင့်ပြုပေးခဲ့ရပြီးနောက် ပြန်လည်တိုက်စစ်ဆင်ဖိအားပေး ကစားခဲ့ရာမှ ပွဲချိန် ၇၇ မိနစ်တွင် မင်းသန့်ဘိုကပင် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းအတွက် ဦးဆောင်ဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံး ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက်ယူ-၂၀ အသင်းက ဒဂုံပေါ့ယူ-၂၀ အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။
စည်သူအောင်