စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့

စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့

မြေဆီလွှာ (Soil)

အပင်များ ရှင်သန်ကြီးထွားဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်ရန် လိုအပ်ပါသည်။  အဆိုပါလေးမျိုးအနက် မြေဆီလွှာ (Soil)သည် အပင်များ အသက်ရှင်ရပ်တည် နိုင်ရေးအတွက်  အထောက်အကူပြုသော အပေါ်ယံမြေလွှာဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြေဆီလွှာဆိုသည်မှာ ကြေကွဲပျက်စီးနေသော သတ္တုများ (Minerals)၊ ဆွေးမြည့်နေသည့် အော်ဂဲနစ်ပစ္စည်းများ၊ အလွှာအမျိုးမျိုးပါသော သဘာဝမြေသား ကို ဆိုလိုပါသည်။ ပြိုကွဲကျေပျက်ပြီးသော တွင်းထွက်သတ္တုများနှင့် ဆွေးမြည့်သက်ရှိပစ္စည်းများ  ရောနှောပါဝင်ဖွဲ့စည်းထားသော အရင်းအမြစ်လည်းဖြစ်သည်။ မြေဆီလွှာသည် အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး  အပင်များကြီးထွားရန် အတွက် အထောက်အကူပြုသည့် ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်ပါသည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို  ထောက်ပံ့ပေးနေသည့်  သဘာဝ သယံဇာတဖြစ်ပါသည်။

မြေဆီလွှာတွင် အာဟာရဓာတ်များရှိရန် လိုအပ်သကဲ့သို့    ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ    ဖွဲ့စည်းမှု ရှိရန်လည်း လိုအပ်ပါသည်။ အကျိုးပြုအဏုဇီဝသက်ရှိများ  ကျန်းမာစွာရှိနေနိုင်ရန်  မြေသား အတွင်းတွင် ရေနှင့်အောက်ဆီဂျင်စိမ့်ဝင်နေနိုင်ရန်အတွက် နေရာအလုံအလောက်ရှိရန်လည်း လိုအပ်ပါသည်။  မြေဆီလွှာကို ယေဘုယျအားဖြင့် ရွှံ့စေး၊ သဲမြေနှင့် နုန်းမြေ  ဟူသည့်  မြေမှုန်အမျိုးအစားသုံးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။  ရွှံ့စေးမြေသည်  အလွန်သေးငယ်သော မြေသားအမှုန်အမွှားများ  အတူစုပေါင်းပြီး ကြီးမားသောမြေသားအနေဖြင့်  ဖြစ်ပေါ် လာခြင်းဖြစ်ပါသည်။   ရွှံ့စေးမြေသည်  မြေဆီကြွယ်ဝသော်လည်း ၎င်းမြေသား၏ လျင်မြန်စွာ သိပ်သည်းမှုကြောင့် စိုက်ပျိုးရန် မြေပြုပြင်သည့်အခါ ခက်ခဲမှုရှိနိုင်ပါသည်။ သဲမြေသည် ဖွာသည့် အနေအထားရှိပြီး စိုက်ပျိုးခြင်းအတွက် မြေပြုပြင်ရာတွင်  အလွယ်တကူ ဆောင်ရွက်နိုင်သော်လည်း လျင်မြန်စွာခြောက်သွေ့ပြီး အာဟာရဓာတ်များ ပါဝင်မှုနည်းပါးပြီး လျင်မြန်စွာ ပျောက်ကွယ်ဆုံးရှုံးသွားလေ့ရှိပါသည်။

နုန်းမြေသည်   သီးနှံစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေအမျိုးအစားဖြစ်ပါသည်။  ၎င်းမြေမှာ အော်ဂဲနစ် ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီး ရေကိုလည်း ကောင်းစွာထိန်းထားနိုင်သည့်    ဂုဏ်သတ္တိတွေရှိသဖြင့် သစ်ပင်များအောင်မြင်ဖြစ်ထွန်းရန် အလွန်အရေးပါပါသည်။

မြေဆီလွှာပျက်စီးရခြင်း   အကြောင်းရင်းများ

မြေဆီလွှာအပေါ်ယံမြေ   ၁ လက်မဖြစ်ပေါ်ရန်  နှစ်  ၅၀၀ မှ  ၁၀၀၀ ထိ ကြာနိုင် သော်လည်း မိနစ်ပိုင်း၊ အချိန်ပိုင်းအတွင်း ပျက်စီးဆုံးရှုံးနိုင်ပါသည်။   မြေဆီလွှာပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်းအမျိုးမျိုးရှိပါသည်။  အဓိကအကြောင်းရင်းများမှာ သစ်တောများပြုန်းတီးခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ အလွန်အကျွံစားကျက် လွှတ်ကျောင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ ချဲ့ထွင်ခြင်း၊ ရွှေ၊ ကျောက်မီးသွေးနှင့်ဓာတ် သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း၊ သစ်တောမြေမှ  အခြားမြေအသုံးချမှုသို့ ပြောင်းလဲခြင်း၊  စိုက်ပျိုးနည်းစနစ်များ မမှန်ကန်ခြင်း၊ ရေနှင့်လေတိုက်စားခြင်း၊ ဆား/ဆပ်ပြာပေါက်ခြင်း၊ မြေချဉ်ခြင်း၊ အာဟာရဓာတ်များ ယုတ်လျော့လာခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်း စသည့်အကြောင်းရင်းများ ဖြစ်သည်။

မြေဆီလွှာပျက်စီးခြင်း၏ လက္ခဏာများမှာ များပြားပြီး အထူးသဖြင့် မြေဆီဩဇာကျဆင်းခြင်း၊ အချဉ်ဓာတ် ဖြစ်ထွန်းခြင်း၊ ဆားရည်ထွက်ခြင်း၊ အယ်လ်ကာလီဆန်ခြင်း၊  မြေဆီလွှာတည်ဆောက်မှု ယိုယွင်းခြင်း၊ လေနှင့်ရေတိုက်စားခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်းနှင့် မြေဆီလွှာအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်း စသည်တို့ပါဝင်သည်။

မြေဆီလွှာပျက်စီးခြင်းများကို အောက်ဖော်ပြပါအတိုင်း ခွဲခြားလေ့လာနိုင်ပါသည်-

(က) ရုပ်ဂုဏ်သတ္တိများပျက်စီးခြင်း

မြေဆီလွှာအား ရေနှင့်လေတိုက်စားခြင်းကြောင့်   မြေစိုင်မြေခဲများ ကြေမွပျက်စီးကာ   လေပေါက်ရေပေါက် များကို ပိတ်ဆို့ပြီး ရေစိမ့်ဝင်မှုလျော့နည်းခြင်း၊ ခြောက်သွေ့သည့်အခါတွင်လည်း မြေမှုန့်များဖွဲ့စည်းမှု အားနည်းခြင်းကြောင့်  မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးစေပါသည်။  ကျပ်သိပ်နေသောမြေများသည် ကျစ်လျစ်သိပ်သည်းပြီး   မြေဆီလွှာထဲတွင်ရှိသည့်   အပေါက်ငယ်လေးများ၏ ပမာဏကို လျော့နည်းစေကာ ၎င်းအတွင်းတွင်ရှိနေသော   ရေ၊ လေနှင့်အဏုဇီဝသက်ရှိများကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေပါသည်။ အကြီးစားလယ်ယာသုံး စက်ကိရိယာများအသုံးပြုခြင်း၊ ထွန်ယက်စိုက်ပျိုးမှုစနစ်မမှန်ကန်ခြင်းတို့ကြောင့် မြေကျပ်ခြင်းကိုဖြစ်ပေါ်စေပြီး အပင်များ ကြီးထွားရှင်သန်မှုကို ထိခိုက်စေပါသည်။

ရေတိုက်စားခြင်းကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများပျက်စီးစေနိုင်ပါသည်။ ရေတိုက်စားမှုကြောင့်   အပေါ်ယံ မြေဆီလွှာများ ရေနှင့်အတူ တိုက်စားသယ်ဆောင်ခြင်းခံရပြီး  မြေဆီမြေနှစ်များဆုံးရှုံးကာ အောက်ခံကျောက်သားထိ   ပေါ်လာပြီး သစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရန် အလွန်ခက်ခဲစေပါသည်။   ရေတိုက်စားခြင်းကို အမျိုးအစားခွဲခြားလေ့လာပါက  Sheet Erosion (အလွှာလိုက်တိုက်စားခြင်း)၊ Rill Erosion (မြောင်းငယ်အဆင့် တိုက်စား

ခြင်း)၊ Gully Erosion  (လျှိုမြောင်အဆင့်တိုက်စားခြင်း)၊ Micro–pedestal/Macro–pedestal (မြေလုံး၊ မြေခဲများဖြစ်ပေါ်ခြင်း)၊ Piping (ပြွန်ပုံ၊ လိုဏ်ခေါင်းပုံတိုက်စားခြင်း)၊ Land Slide (ဒေါင်လိုက် မြေပြိုကျခြင်း) ဟူ၍ ခွဲခြားထားသည်ကို တွေ့ရပါသည်။

အလားတူလေတိုက်စားခြင်း (Wind Erosion) သည်လည်း မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ ပျက်စီးစေနိုင်ပါသည်။ လေတိုက်ခတ်မှုကြောင့်  မြေမှုန်များတစ်နေရာမှ တစ်နေရာသို့ ရွေ့လျားခြင်းကို လေတိုက်စားခြင်းဟုခေါ်ဆိုခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် လေပူများနှင့်လေနှင့်အတူပါလာသည့်သဲများ ပွတ်တိုက်ခြင်းကြောင့်   အပင်များနှင့်သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေပါသည်။ လေတိုက်ခတ်မှု နှုန်းပေါ် မူတည်ပြီး အရွယ်အစားအမျိုးမျိုးရှိသောမြေသားကို အကွာ အဝေးတစ်ခုသို့  သယ်ဆောင် သွားနိုင်ပါသည်။ ဥပမာ (၀.၀၅ မီလီမီတာ) အရွယ်အစားရှိ မြေစေးနုန်းနှင့် မြေဆွေးဓာတ်များကို   အလွန်ဝေးကွာသည့်နေရာသို့ သယ်ဆောင်တိုက်စားခြင်း (Suspension)၊ (၀.၀၅ - ၀.၅ မီလီမီတာ) ခန့် အရွယ်အစားရှိသည့်သဲများကို သယ်ဆောင်တိုက်စားခြင်း (Saltation)၊ (၀.၅ - ၂ မီလီမီတာ) အရွယ်အစားကြီးသည့်  ကျောက်ခဲနှင့် ပစ္စည်းများကို သယ်ဆောင်တိုက်စားခြင်း (Creep) များကို တွေ့နိုင်ပါသည်။

(ခ) ဓာတ်ဂုဏ်သတ္တိများပျက်စီးခြင်း

အချို့သောမြေသည် မြေချဉ်/ငန်ဓာတ် အလွန်ပြင်းထန်သော  အခြေအနေများ ရှိပါသည်။  ဆိုးဆိုးရွားရွားမြေချဉ်ခြင်း၊ ငန်ခြင်းဖြစ်ပေါ်လေ့ရှိပါသည်။  အဆိုပါ မြေများတွင် အဏုဇီဝသက်ရှိလေးများ၏ လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေပြီး ရေရှည်တွင် မြေဆီလွှာ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး  အပင်များရှင်သန်ကြီးထွားနိုင်မှုအပေါ်တွင် သက်ရောက်မှုများ ဖြစ်စေပါသည်။

မြေချဉ်ခြင်းဖြစ်စဉ်တွင် အဓိကအားဖြင့် အငန်ဓာတ်များ   ရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီး မြေမှုန်များတွင် ဟိုက်ဒရိုဂျင်နှင့် အလူမီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်လာခြင်း၊  အချဉ်ဓာတ်ဖြစ်စေသော အမိုးနီးယားအခြေခံ (ယူရီးယားဆာဖာ) ဓာတ်မြေဩဇာများသုံးစွဲခြင်း၊ အငန်ဓာတ်များ ရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီး မြေမှုန်များတွင်  ဟိုက်ဒရိုဂျင်နှင့် အလူမီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်လာခြင်း၊  စိုက်ပျိုးသီးနှံပင် အကြွင်းအကျန်များ   ဆွေးမြည့်သည့်ဖြစ်စဉ်မှ ဟိုက်ဒရိုအိုင်းယွန်းများ ထွက်ရှိခြင်း၊ ရေဝပ်သော ဒီရေတောများတွင် Acid Sulphate  Soil  များ ဖြစ်ပေါ်ခြင်းတို့ကြောင့် မြေချဉ်များ ဖြစ်ပေါ်စေပါသည်။

အဆိုပါမြေအချဉ်ဓာတ်ရှိသည့် မြေများတွင် Calcium  Dolomatic  Lime  Stone  (ကယ်လ်စီယမ်ဒိုလိုမိုက်  ခေါ်  ထုံးကျောက်မှုန့်) မဖောက်ထုံးအားထည့်ပေးခြင်းဖြင့် မြေအချဉ်ဓာတ်ကို လျော့ကျစေနိုင်ပါသည်။

အက်စစ်ဖြစ်ပေါ်မှုကြောင့်  သံဓာတ်၊ အလူမီနီယမ်ဓာတ်နှင့် သိပ်သည်းဆမြင့်မားသည့် သတ္တုဓာတ်များ၏ အဆိပ်အတောက် ဖြစ်စေမှုကို တိုးပွားစေပါသည်။ အလွန်အကျွံချဉ်ခြင်း၊ ဆားပေါက်ခြင်း၊ အလူမီနီယမ်နှင့် သံဓာတ်အဆိပ်သင့်ခြင်း၊ အပင်ကြီးထွားရန်  အဓိကလိုအပ်သော အာဟာရဓာတ်များ အလွန်နည်းပါးခြင်းနှင့် ဆာလဖိတ်အဆိပ်သင့်ခြင်းတို့ကြောင့်  မြေချဉ်များဖြစ်ပေါ်စေပြီး  ထုတ်လုပ်မှု စွမ်းအားညံ့ဖျင်းသော မြေများအဖြစ် ဖြစ်ပေါ်စေပါသည်။

ဆားပေါက်ခြင်း/ဆပ်ပြာပေါက်ခြင်းကြောင့်လည်း     မြေဆီလွှာပျက်စီးနိုင်ပါသည်။ ဆားပေါက်ခြင်းဖြစ်စဉ်၌   မိခင်ကျောက်လွှာတွင် ဆိုဒီယမ်များခြင်း၊ မိုးရေချိန်နည်းပါးခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့် မြေအောက်မှဆားများ မျက်နှာပြင်ပေါ်စုပုံလာပြီး ဆားပေါက်ခြင်း၊ ရေသွင်းနည်းစနစ်မမှန်ကန်ခြင်းကြောင့် မြေ

အောက်ရေမြင့်တက်ကာ အောက်မှဆားများ မျက်နှာပြင်သို့ရောက်လာခြင်း၊ သွင်းရေအရည်အသွေး ညံ့ဖျင်းခြင်းနှင့် ပင်လယ်ရေငန်ဝင်ရောက်ခြင်းကြောင့် ဆား/ဆပ်ပြာပေါက်မြေများ ဖြစ်ပေါ်စေပါသည်။ ဆားပေါက်မြေတွင်အပင်များဖြစ်ထွန်းအောင်မြင်ရန်ခက်ခဲပါသည်။

အာဟာရနှင့်ပတ်သက်၍လည်း အပင်များ     ရှင်သန်ကြီးထွားအောင်မြင်ရန် အဓိက အာဟာရဓာတ် (၁၆) မျိုးရှိပါသည်။

Macro - nutrient နှင့် micro - nutrient ဟူ၍ အဓိကအုပ်စုနှစ်မျိုး ခွဲခြားထားပါသည်။  Macro-nutrients  တွင် ကာဗွန် (C)၊ အောက်ဆီဂျင်  (O)၊  ဟိုက်ဒရိုဂျင် (H)၊ နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P)၊ ပိုတက်စီယမ် (K)၊ ကယ်လ်စီယမ် (Ca)၊ မဂ္ဂနီစီယမ် (Mg)၊  Sulphur  (S)သည် မရှိမဖြစ်လိုအပ်သော  အာဟာရဓာတ်များဖြစ်ပြီး အပင်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်   ပမာဏများစွာ လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်မူ Micro-nutrients   တွင်  သံဓာတ် (Fe)၊ ဇင့် (Zn)၊ မန်းဂနိစ် (Mn)၊ ဘိုရွန် (B)၊ ကော့ပါး (Cu)၊ မိုလစ်ဘဒင်နမ်(Mo) နှင့်ကလိုရင်း (Cl) တို့ ပါဝင်ပါသည်။

အဆိုပါ အာဟာရဓာတ်များသည် ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း  ၎င်းတို့သည် အပင်ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုအတွက် အရေးပါလျက်ရှိပါသည်။ အာဟာရဓာတ်များ မညီမျှခြင်း၊ အာဟာရလုံလောက်စွာ မရသောကြောင့်လည်း အပင်များကြီးထွား ရှင်သန်အောင်မြင်မှု နည်းပါးခြင်းအကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။  အပင်များကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်သောအာဟာရဓာတ်များ ဖြည့်ဆည်းပေးရာတွင် မြေဆီလွှာအတွင်း   ရှိရင်းစွဲအာဟာရပါဝင်မှု ညီညွတ်မျှတရန်လိုပါသည်။ အပင်အမျိုးအစားအပေါ်တွင်လည်း မူတည်ပါသည်။

(ဂ) ဇီဝဂုဏ်သတ္တိများပျက်စီးခြင်း

မြေဆီလွှာ  ဇီဝဂုဏ်သတ္တိများသည် မြေဆီလွှာတွင်တွေ့ရှိရသော သက်ရှိများကိုရည်ညွှန်းပြီး  အဏုဇီဝ ပိုးမွှားများနှင့် macroplants များ၊ တိရစ္ဆာန်များ ပါ၀င်သည်။ မြေဆီလွှာရှိ သက်ရှိများ၏ ကွဲပြားခြားနားမှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ မြေဆီလွှာအစာကွန်ရက်ကို    ဖွဲ့စည်းတည်ဆောက်ပုံများတွင်  အသေးငယ်ဆုံး ဆဲလ်တစ်ဆဲလ် ဗက်တီးရီးယား၊ ရေညှိ၊ မှိုနှင့် ပရိုတိုဇိုးများအရွယ်အစားအထိ၊ ပိုမိုရှုပ်ထွေးသော nematodes နှင့် micro-arthr-opods  အထိ  မြင်နိုင်သော မြေသန်ကောင်များ၊ အင်းဆက်များနှင့် ကျောရိုးရှိ သတ္တဝါငယ် များအထိ ပါဝင်ပါသည်။ အချို့သောမြေဆီလွှာသတ္တဝါများသည်  အပင်များတွင် ရောဂါဖြစ်စေနိုင်သော်လည်း မြေဆီလွှာတိရစ္ဆာန်များနှင့်   သစ်ပင်ပန်းမန် အများစုသည် မြေဆီလွှာအရည်အသွေးအတွက် အရေးကြီးပါသည်။

မြေတိုက်စားခြင်း၊    သစ်တောသစ်ပင်များ ပြုန်းတီးလာမှုကြောင့် မြေဆွေးဓာတ်များ လျော့နည်းလာခြင်း၊ သီးနှံအကြွင်း အကျန်များ မီးရှို့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ မမှန်ကန်ခြင်း၊ မြေယာအသုံးချမှုပုံစံ ပြောင်းလဲခြင်း၊   ရာသီဥတုပြောင်းလဲခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်းတို့ကြောင့် မြေဆီလွှာတွင် Micro နှင့် Macro organism များ

လျော့နည်းသွားပြီး အပင်များရှင်သန်ကြီးထွားမှုအပေါ် သက်ရောက်စေနိုင်ပါသည်။ စက်မှုလုပ်ငန်းများမှ   စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး/ ပေါင်းသတ် ဆေးပစ္စည်းနှင့် မိလ္လာစွန့်ပစ်ရေများ စနစ်တကျ စွန့်ပစ်မှုမရှိခြင်းကြောင့်လည်း မြေဆီလွှာညစ်ညမ်းပြီး မြေဆီလွှာ၏ ဇီဝဂုဏ်သတ္တိ  လျော့နည်း ပျက်စီးစေနိုင်ပါသည်။

မြေဆီလွှာထိန်းသိမ်းခြင်း

မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းကြောင့်  ဆုံးရှုံးမှုကြီးမားစွာဖြစ်ပေါ်နိုင်ပါသည်။ မြေဆီလွှာ၊ ရေသယံဇာတနှင့် သစ်ပင်သစ်တောများသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသဖြင့် မြေ၊ ရေနှင့်သစ်ပင်သစ်တောများကို ဘက်စုံကဏ္ဍစုံနည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းကြရမည်ဖြစ်ပါသည်။ မြေဆီလွှာတိုက်စားဆုံးရှုံးမှုကို လျော့နည်းသက်သာစေရန်နှင့်  ရေသယံဇာတများ ထိန်းသိမ်းရန် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းသည် အခြေခံအကျဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ ရိုးရှင်းလွယ်ကူဆုံး၊ လူတိုင်းလူတိုင်းနေရာဒေသမရွေး ဆောင်ရွက်နိုင်ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

တစ်နည်းအားဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရန်နှင့် လိုက်လျောညီထွေရှိစေရန်၊  ရေရှည်တည်တံ့သော  စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုစေရန် ၊ မြေဆီလွှာအာဟာရဓာတ်များ တိုးတက်ကောင်းမွန်စေရန်၊    သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာစေရန်၊ အပူပိုင်းမိုးခေါင်ရေရှားဒေသများတွင် မိုးရေအားစုဆောင်းရန်နှင့် ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် မြစ်၊ ချောင်း၊ ဆည်၊ ကန်၊ တာတမံများ၏ ရေဝေရေလဲဒေသများတွင် ရေဝေရေလဲ သဘာဝတောမျာထိန်းသိမ်းခြင်း၊    ရေဝေရေလဲစိုက်ခင်းများ၊ သစ်ပင်များစိုက်ပျိုးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။

မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း နေရာဒေသအလိုက် သင့်လျော်ရာ နည်းလမ်းများကို အသုံးပြုဆောင်ရွက်နိုင်ပါသည်။ မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများနည်းလမ်းများစွာရှိရာ ရုပ်ဝတ္ထုများ အသုံးပြုထိန်းသိမ်းခြင်း   (Physical Measures)၊ သက်ရှိများ အသုံးပြုထိန်းသိမ်းခြင်း(Biological  Measures)နှင့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures) အဓိက အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

(က) ရုပ်ဝတ္ထုများအသုံးပြုထိန်းသိမ်းခြင်း (Physical Measures)

          (၁) ကွန်တိုကန်သင်းတည်ဆောက်ခြင်း- ကုန်းစောင်းဒေသများတွင် မြေသားထူပါက မြေသားကန်သင်း၊   မြေသားပါးပါက ကျောက်စီကန်သင်း၊  ကွန်တိုအလိုက်ပြုလုပ်၍  မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေစိမ့်မြောင်းနှင့် ရေလွှဲမြောင်းများ တူးဖော်ပေးခြင်း၊ နုန်းတားဆည်များ၊ တစ်ဖက်ရပ်ဆည်များ  တည်ဆောက်ပေးခြင်း စသည်တို့ ဖြစ်ပါသည်။

          (၂) နုန်းတားဆည်/ကန်သင်း တည်ဆောက်ခြင်း - ရေဝေရေလဲ

ဧရိယာများတွင် အမာခံကျောက်ဖြင့် ကန်သင်းပြုလုပ်၍   မြေဆီလွှာထိန်းသိမ်းခြင်း ဖြစ်ပါသည်။

          (၃)  ရေကျော်ကျောက်တန်း  တည်ဆောက်ခြင်း  - လျှိုလက်တက်များတွင်  ရေစီးနှုန်းနှေးသွားစေရန် ရေကျော်ကျောက်တန်းများ တည်ဆောက်ခြင်းဖြစ်ပါသည်။

          (၄)  ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း - အပူပိုင်းဒေသ၊ မိုးရေချိန်လက်မနည်းပါးသော နေရာများတွင် မိုးရေကိုစုဆောင်းနိုင်သော ရေစုကန်များတူးဖော်ပြီး ဒေသခံပြည်သူများအတွက် သော်လည်းကောင်း၊ တိရစ္ဆာန်များအတွက် သော်လည်းကောင်း၊   သစ်ပင်သစ်တောများအတွက် လည်းကောင်း၊    သီးနှံများရေလိုအပ်ချိန်တွင်    ဖြည့်စွက်ရေပေးသွင်းနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်တည်ဆောက် အသုံးပြုခြင်းဖြစ်သည်။

          (၅)   စိုက်ကျင်းများဖြင့် သစ်ပင်စိုက်ပျိုးခြင်း - အပူပိုင်းဒေသ တောင်စဉ်တောင်တန်းများ၊  လျှောစောက်မြင့်မားသော   တောင်ကုန်း၊ တောင်စောင်းများတွင် Zigzag  ပုံစံဖြင့် သစ်ပင်များစိုက်ပျိုးခြင်းနှင့်   မိုးရေအများဆုံး စုဆောင်းဖမ်းထိန်းနိုင်ရန် ကွန်တိုအလိုက် မြောင်းရှည်များတူးခြင်း၊ ရေစုကျင်းငယ်များ တူးဖော်၍ ရေထိန်းခြင်းဖြစ်သည်။

(ခ) သက်ရှိများ အသုံးပြုထိန်းသိမ်းခြင်း

(Biological Measures)

          (၁)  တောင်စောင်းစိုက်ပျိုးရေးစနစ် - လျှောစောက် ၃ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း  တောင်စောင်းများတွင်    ကွန်တိုလိုင်းအလိုက် အကန့်လိုက်သီးနှံများစိုက်ပျိုးခြင်းဖြစ်သည်။

          (၂) ကွန်တိုလိုင်းအတိုင်းသီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း -  လျှောစောက် ၃-၅ ရာခိုင်နှုန်းရှိသည့် နေရာများတွင် နှစ်ရှည်ခံမြက်များ၊ နွားစာမြက်များ (နေဗီယာမြက်၊ Vetiver grass)စပါးလင်နှင့် နာနတ်ကဲ့သို့ သီးနှံများ မြေဆီလွှာတိုက်စားခြင်းမှ ကာကွယ်ပေးရန် ကွန်တိုအလိုက် စိုက်ပျိုးခြင်းဖြစ်သည်။

          (၃) မြေဆီလွှာဖုံးပင်များစိုက်ပျိုးခြင်း - မြေဆီလွှာအပေါ်မျက်နှာပြင်အား တိုက်စားခြင်းမှ ကာကွယ်ရန်၊ အစိုဓာတ်ထိန်းထားနိုင်ရန်၊ အာဟာရပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက်   ပဲမျိုးရင်းဝင်အပင်များအား မြေဆီလွှာဖုံးပင်အဖြစ် စိုက်ပျိုးခြင်းဖြစ်ပါသည်။

          (၄)  လေကာပင်များစိုက်ပျိုးခြင်း - လေတိုက်စားခြင်းမှ  ကာကွယ်ရန်   စိုက်ခင်းနယ်နိမိတ် တစ်လျှောက်တွင်   ဒေသအလိုက် သင့်တော်သည့်အပင်များ စိုက်ပျိုးခြင်းဖြစ်သည်။ ဥပမာ ပင်လယ်ကဗွီး၊ အုန်း၊ ယူကလစ်၊ ထန်း၊ ဘောစကိုင်း၊ မဲဇလီ၊ မန်ကျည်း၊ တမာ၊ ဝါး၊ မိုးမခ၊ မြေပြန့်ချယ်ရီ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ သီဟိုဠ်၊ သရက်၊  ငှက်ပျော၊  နှစ်ရှည်သီးနှံပင်  စသည်တို့ကို စိုက်ပျိုးခြင်းဖြစ်သည်။

          (၅)  သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဩဇာထည့်သွင်းခြင်း - ပိုက်ဆန်လျှော်ကဲ့သို့ ပဲမျိုးရင်းဝင် အပင်များနှင့်  နိုက်ထရိုဂျင်ပါဝင်မှုများသော    အပင်များကို    သစ်စိမ်းမြေဩဇာအဖြစ်   အသုံးပြု စိုက်ပျိုးခြင်းနှင့် ဆွေးမြည့်ပြီးသော   တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့်  အပင်အကြွင်းအကျန်များအား စိုက်ခင်း အတွင်း ထည့်သွင်းအသုံးပြုခြင်းဖြစ်သည်။

(ဂ) စိုက်ပျိုးရေးနည်းစနစ်များဖြင့်   ထိန်းသိမ်းခြင်း (Agronomic Measures)

          (၁)  သီးနှံရောနှောစိုက်ပျိုးခြင်း - သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ သီးနှံများ ရောနှော စိုက်ပျိုးခြင်းဖြင့် ရောဂါပိုးမွှားများ၏ မျိုးဆက်သံသရာစက်ဝန်းကို ဖြတ်တောက်ပေးပြီး   မြေဆီလွှာဖွဲ့စည်းမှု ကောင်းမွန်စေ၍   မြေဆီဩဇာထက်သန်စေပါသည်။

          (၂) သစ်ရွက်ခြောက်များ၊  သီးနှံအကြွင်းအကျန်များဖြင့် မြေကိုဖုံးအုပ်ကာကွယ်ခြင်း - ပင်ကြွင်းပင်ကျန်များ ဖြစ်သည့် သစ်ရွက်ခြောက်များ၊ ကောက်ရိုး၊ စပါးခွံ၊ မြေပဲရိုး၊ မြေပဲခွံ၊ နှမ်းရိုး၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်ခြောက်များဖြင့် မြေကြီးကို ဖုံးအုပ်ခြင်း ဖြစ်ပါသည်။

          (၃)ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း -  ရွာသွန်းသောမိုးရေကို ထိန်းထားနိုင်ပြီး ရေနုတ်မြောင်းပါ ရှိသဖြင့် ရေဝပ်ခြင်းမရှိစေဘဲ ရေထုတ်ရလွယ်ကူစေပါသည်။ မြေတိုက်စားမှုကို   လျှော့ချပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင်   အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါသည်။

          (၄)  သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း - ရာသီသီးနှံများ၊ နှစ်ရှည် သီးနှံပင်များနှင့် သစ်တောသစ်ပင်များ ပုံစံမျိုးစုံဖြင့် ရောနှော၍ စိုက်ပျိုးသည့် နည်းစနစ် ဖြစ်သည်။ 

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့်   သီးနှံများထိခိုက်ပျက်စီးမှုအား လျော့နည်းသက်သာစေသည့်  စိုက်ပျိုးခြင်းနည်းစနစ်ဖြစ်ပါသည်။

          (၅) မြေလှပ်ထားခြင်း၊  နွေထယ်ရေးခံခြင်း - မြေလှပ်ထားခြင်း၊ နွေထယ်ရေး ခံခြင်းအားဖြင့် မိုးရေကိုထိန်းသိမ်းပေးခြင်း၊ ပိုးမွှားရောဂါကာကွယ်ပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး   လေဝင်လေထွက်ကောင်းမွန်ခြင်း၊   မြေအတွင်းအစိုဓာတ်နှင့် အာဟာရဓာတ်ဆုံးရှုံးမှုကို  ထိန်းထားပေးနိုင်သည်။

စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့

မြေဆီလွှာထိန်းသိမ်းခြင်းဖြင့် အကျိုးကျေးဇူးများစွာ  ရရှိနိုင်မည်ဖြစ်ပါသည်။ အဓိကအားဖြင့် မြေတိုက်စား စီးဆင်းရေ (runoff water)ကို လျော့နည်းစေခြင်း၊ မြေဆီလွှာတိုက်စားခံရမှုလျော့နည်းခြင်း၊ စိုက်ပျိုးဖြစ်ထွန်း နိုင်သည့် အပေါ်ယံမြေဆီလွှာအား အကာအကွယ်ပေးခြင်း၊ မြေအစိုဓာတ်ကိုထိန်းပေးခြင်း၊ မြေဆွေးဓာတ်များ မြေထဲသို့ ပြန်လည်ရောက်ရှိစေခြင်း၊ မြေ၏ဂုဏ်သတ္တိများ ကောင်းမွန်လာစေခြင်း၊ မြေဆီလွှာအဆင့်အတန်း တက်လာခြင်း၊ သစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးလာခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ   ဂေဟစနစ်ကိုကောင်းမွန်တည်မြဲစေခြင်း၊     ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေခြင်း၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်စေခြင်း   စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်းကဲ့သို့သော မြေဆီလွှာ ထိန်းသိမ်းခြင်း အစီအမံများသည် မြေဆီလွှာ၏ အာဟာရဓာတ်များနှင့် အော်ဂဲနစ်ပစ္စည်းများကို   အကာအကွယ်ပေးပါသည်။ တောင်စောင်း များတွင်   ကွန်တိုနည်းစနစ်ဖြင့်  စနစ်တကျစိုက်ပျိုးခြင်း၊  လေကာပင်တန်းများနှင့် မြေဆီလွှာ ဖုံးလွှမ်းစေသည့် အပင်များ   စိုက်ပျိုးခြင်းကဲ့သို့သော ထိန်းသိမ်းရေးနည်းပညာများသည် မြေဆီလွှာကို    တိုက်စားပျက်စီးခြင်း သို့မဟုတ် မြေဆီလွှာဆုံးရှုံးခြင်းတို့မှ ဟန့်တားနိုင်သည့် ထိရောက်သော နည်းလမ်းများဖြစ်ပါသည်။  မြေဆီလွှာထိန်းသိမ်းခြင်းသည်  စိုက်ပျိုးရေးလုပ်ငန်းများအတွက်သာမက ဇီဝမျိုးစုံမျိုးကွဲများပေါ်တွင်လည်း သက်ရောက်မှုများစွာရှိပါသည်။ ကျန်းမာသောမြေဆီလွှာဂေဟစနစ်သည် အဏုဇီဝသက်ရှိများနှင့် အင်းဆက်ပိုးမွှားများမှ တိရစ္ဆာန်ကြီးများအထိ သက်ရှိများစွာကို ထောက်ပံ့ပေးပါသည်။ မြေဆီလွှာ ထိန်းသိမ်းရေးအတွက်   ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့်  သဘာဝဂေဟစနစ်ကို ကောင်းမွန်စေပါသည်။

မြေဆီလွှာထိန်းသိမ်းရေးသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊   ရာသီဥတု ပြောင်းလဲမှုနှင့် စီးပွားရေးရေရှည် တည်တံ့ခိုင်မြဲရေးစသည့် လုပ်ငန်းနယ်ပယ်များစွာ ရောယှက်ဆက်နွှယ် လျက်ရှိသဖြင့် ဘက်စုံကဏ္ဍစုံ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။ နည်း

ပညာအဆင့်မှသည် မူဝါဒရေးရာအထိ၊ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများ၊ တစ်သီးပုဂ္ဂလ ဆောင်ရွက်မှုများမှသည်  အစုအဖွဲ့များ၊ အစိုးရအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများအထိ၊ ရပ်ကွက်၊ ကျေးရွာ အဆင့်မှသည် နိုင်ငံတော်အဆင့်အထိ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။        ။

သစ်တောမောင်