ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်မည်ဆိုပါက ထိုနိုင်ငံ၏ လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များ ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်သည့်အတွက် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာ ရရှိရေးသည် အလွန်အရေးကြီးသည်။ နိုင်ငံတိုင်း၌  လူမှုရေး၊ စီးပွားရေးစီမံခန့်ခွဲရေး ကိစ္စရပ်များကို  ကဏ္ဍအလိုက်အချိုးညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းများ သတ်မှတ်ရေးဆွဲခြင်း   စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင်  လူဦးရေဆိုင်ရာကိန်းဂဏန်း အချက်အလက်များသည်  အခြေခံအဖြစ် အသုံးပြုရသည်။ ထိုသို့အခြေခံ အသုံးပြုရသည့် အချက်အလက်များကို သန်းခေါင် စာရင်းကောက်ယူခြင်းဖြင့်သာ  ရရှိနိုင်သည့်အတွက်    ကမ္ဘာ့နိုင်ငံများအလိုက် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို    မဖြစ်မနေအကောင်အထည်ဖော်   ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင်  ရှေးမြန်မာမင်းများလက်ထက် သာလွန်မင်းတရားနှင့်ဘိုးတော်ဘုရားတို့က  စစ်တမ်းများ ကောက်ယူစေခဲ့ကြောင်း တွေ့ရသည်။ ထိုစစ်တမ်းများသည် ယနေ့ခေတ် သန်းခေါင်စာရင်းနှင့် အလားသဏ္ဌာန်တူသည်။   ပထမဆုံးသန်းခေါင်စာရင်း ကောက်ယူခြင်းကို  နယ်ချဲ့လက်အောက် ၁၈၇၂ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ ထို့နောက် ၁၈၈၁ ခုနှစ်မှ ၁၉၄၁ ခုနှစ်အထိ ၁၀ နှစ်လျှင်တစ်ကြိမ်စုစုပေါင်း ခုနစ်ကြိမ်    သန်းခေါင်စာရင်းကောက်ယူသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံအစိုးရသည် ၁၉၅၃ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ အဆင့်များသတ်မှတ်၍   သန်းခေါင်စာရင်းကောက်ယူရန် စီမံကိန်းချမှတ်ခဲ့သော်လည်း ထိုသန်းခေါင်စာရင်းသည် မြန်မာနိုင်ငံအကျယ်အဝန်း၏  ရာခိုင်နှုန်း ၃၀ မျှသာ ကိုယ်စားပြုသဖြင့်  ၁၉၆၁  ခုနှစ်တွင်   ထပ်မံကောက်ယူရန် စီစဉ်ခဲ့သော်လည်း မကောက်ယူနိုင်ခဲ့ပေ။

ထို့နောက်  ၁၉၇၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၅  ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူခဲ့သလို  ၁၀ နှစ်အကြာ  ၁၉၈၃ ခုနှစ်တွင်လည်း ထပ်မံကောက်ယူနိုင်ခဲ့သည်။ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့်    သန်းခေါင်စာရင်း မကောက်ယူနိုင်ဘဲ  နှစ်ပေါင်း ၃၀ အကြာ ၂၀၁၄ ခုနှစ်သို့ရောက်မှသာ သန်းခေါင်စာရင်း ပြန်လည်ကောက်ယူနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်    အောင်မြင်စွာ ကောက်ယူ နိုင်သည့်အတွက်   နိုင်ငံတော်က လိုအပ်နေသော စာရင်းအင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ရရှိခဲ့သည်။ ထို့အတူ ကြားဖြတ်သန်းခေါင်စာရင်းကိုလည်း၂၀၁၉ ခုနှစ်တွင် အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သဖြင့် စာရင်းအင်း အချက်အလက် အသုံးပြုနိုင်မှု ပိုမိုအားကောင်းလာခဲ့သည်။

နိုင်ငံတကာတွင် သန်းခေါင်စာရင်းကို ၁၀ နှစ်တစ်ကြိမ်ကောက်ယူသည့်နည်းတူ  မြန်မာနိုင်ငံတွင်လည်း၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူအပြီး ၁၀ နှစ်အကြာ ယခု ၂၀၂၄ ခုနှစ်တွင် ထပ်မံကောက်ယူသွားမည် ဖြစ်သည်။  သန်းခေါင်စာရင်းကောက်ယူနိုင်ရေးလုပ်ငန်းတစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရန် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ဗဟိုသန်းခေါင်စာရင်းကော်မရှင်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၇၅/၂၀၂၃ ဖြင့် ပြင်ဆင်ဖွဲ့စည်းထားပြီး ဖြစ်သည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရသည့် ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့်လူမှုစီးပွားဆိုင်ရာ   စာရင်းအင်းအချက်အလက်များကို  အချိန်နှင့်တစ်ပြေးညီစဉ် ဆက်မပြတ်ရရှိစေရန်၊ ၂၀၁၄ ခုနှစ်နှင့်၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်  မူဝါဒများ၊  မဟာဗျူဟာများနှင့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်၊ ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်၊   မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့်  ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများနှင့် အမျိုးသားဘက်စုံဖွံ့ဖြိုးရေး တိုးတက်မှုစီမံကိန်းတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လိုအပ်သည့် အညွှန်းကိန်းများကို နောက်ဆုံးအခြေအနေနှင့်အညီ ပံ့ပိုးပေးနိုင်ရန်နှင့် အမျိုးသား စာရင်းအင်းစနစ်၏ စာရင်းအင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်မဟာဗျူဟာကို အထောက်အပံ့ ပြုနိုင်ရန်တို့ပင် ဖြစ်သည်။

ယခုအခါ     စမ်းသပ်သန်းခေါင်စာရင်းကို ရွေးချယ်သတ်မှတ်ထားသည့် မြို့နယ် ၂၀ မှ စာရင်းကောက်ကွက် ၁၀၀ ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းက ကောက်ယူခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူခဲ့ပြီးဖြစ်သည်။    စမ်းသပ်သန်းခေါင် စာရင်းကောက်ယူရာတွင် သန်းခေါင်စာရင်းမေးခွန်း ၆၈ ခုပါဝင်သည့်  အိမ်ထောင်စု မေးခွန်းပုံစံနှင့် မေးခွန်း ၁၈ ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းပုံစံများကို  အသုံးပြုမေးမြန်း ကောက်ယူခဲ့ခြင်း ဖြစ်သည်။ 

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက  တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင်   ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊  စာရင်းကောက်ယူခြင်းလုပ်ငန်း၊   စာရင်းဇယားပြုစုခြင်းလုပ်ငန်း၊      ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းဟူ၍ လုပ်ငန်းအဆင့်(၄) ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရန်အတွက် သန်းခေါင်စာရင်းရည်ညွှန်းချိန်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ  ၃၀ ရက်အား သတ်မှတ်ထားရာ သန်းခေါင်စာရင်း ရည်ညွှန်းချိန်၏ နောက်တစ်ရက်ဖြစ်သော အောက်တိုဘာလ  ၁ ရက်မှ  ၁၅ ရက်နေ့အထိ  ရက်ပေါင်း  ၁၅  ရက်ကြာ  တစ်နိုင်ငံလုံးတစ်ပြိုင်တည်း ကောက်ယူမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်မှုသည် လူဦးရေစုစုပေါင်း  ၅၆  သန်းကျော် ခန့်မှန်း အိမ်ထောင်စုပေါင်း ၁၃ သန်းခန့်ကို စာရင်းကွက်ပေါင်း ၁၁၀၀၀၀ ခန့်ခွဲကာ လျာထား သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်း ကောက်ယူရာတွင် အိမ်တိုင်ရာရောက်လာရောက်ပြီး   အိမ်ထောင်စုအလိုက် လူဦးရေနှင့်  အိမ်အကြောင်းအရာ အချက်အလက်များကိုလည်းကောင်း၊ အဖွဲ့အစည်းများထံ သွားရောက်၍ အဖွဲ့အစည်းအလိုက် စာရင်းအင်း အချက်အလက်များကိုလည်းကောင်း မေးခွန်းများမေးမြန်း ကောက်ယူ သွားမည်ဖြစ်သည်။ အိမ်ထောင်စုများတွင်ရှိသော အိမ်ထောင်ဦးစီး   သို့မဟုတ်  အိမ်ထောင်စုကို ကိုယ်စားပြုသည့် အရွယ်ရောက်ပြီးသူတစ်ဦးက ဖြေကြားရန်ဖြစ်သည်။      ထိုသို့ဖြေကြားရာတွင် မေးခွန်းပါ အချက်အလက်များအပေါ် တိတိကျကျ မှန်မှန်ကန်ကန် ဖြေဆိုကြရေး အလွန်အရေးကြီးသည်။ မေးခွန်းများကို မှန်ကန်စွာ ဖြေကြားပေးမှသာ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်း၏ ရည်ရွယ်ချက်များ ပြည့်မီမည် ဖြစ်သည့်အတွက် အိမ်ထောင်စုများအလိုက်၊     အဖွဲ့အစည်းများအလိုက် အားတက်သရော ပါဝင်ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်သည်။

အဖွဲ့အစည်းဟုဆိုရာတွင် ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ ပြုစုစောင့်ရှောက်ရေးဂေဟာများ၊ ဆေးရုံများ၊ အကျဉ်းထောင်များ၊ စစ်တန်းလျားများ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ၊ မသန်စွမ်းကျောင်းများ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေသူများစသည်ဖြင့်   အစုအဖွဲ့လိုက် နေထိုင်ကြသူများကို ဆိုလိုပြီး   အဖွဲ့အစည်း၏တာဝန်ခံကို မေးမြန်းကောက်ယူသွားမည်ဖြစ်သည်။

သန်းခေါင်စာရင်းမှရရှိသော  အချက်အလက်များသည်   လူတစ်ဦးချင်းစီမှ   အဖွဲ့အစည်းလိုက်အထိ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊  ကာကွယ်ရေးနှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး ကိစ္စရပ်များ အပါအဝင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ သဘာဝဘေးအန္တရာယ် ကျရောက်ခံစားရသူများ ကယ်ဆယ်ရေးစသည့် ဘက်စုံ၊ ကဏ္ဍစုံအတွက် မဖြစ်မနေအခြေခံ အသုံးပြုရမည့် အချက်အလက်များပင် ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူတိုင်းပါဝင်ခွင့်ရသည့် တစ်ခုတည်းသော လုပ်ငန်းစဉ် ဖြစ်သည့်အတွက် ပြည်သူတစ်ဦးချင်းစီက ဝိုင်းဝန်းပံ့ပိုး ဖြည့်ဆည်းဆောင်ရွက်မှသာ အောင်မြင်ပြီးမြောက်မည်ဖြစ်သည်။

သန်းခေါင်စာရင်းကောက်ယူရာမှ   ရရှိသည့် အချက်အလက်များအရ ဒေသအလိုက် ဆရာအချိုးနှင့် ကျောင်းသား အချိုးချင့်ချိန်နိုင်ခြင်း၊ လိုအပ်သောကျောင်း အဆောက်အအုံ၊   သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းခြင်း၊ ကျန်းမာရေးအတွက် လိုအပ်သော ဆေးပေးခန်း၊   ကျန်းမာရေးဝန်ထမ်း၊  ဆေးဝါးများဖြည့်တင်းခြင်း၊   အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ မသန်စွမ်းသူများအတွက် မှတ်ပုံတင်ခြင်း၊ သက်သေခံ ကတ်ပြားထုတ်ပေးခြင်းနှင့် ထောက်ပံ့ပေးခြင်း၊   ကျန်းမာရေးနှင့်ညီညွတ်သော အိမ်သာစနစ်ထွန်းကားစေခြင်း၊ ရေအရင်းအမြစ်များ ဖြည့်တင်းပေးခြင်း၊ ပြန်ပြည့်မြဲစွမ်းအင်နှင့်  ဆိုလာစွမ်းအင်တိုးချဲ့ခြင်း၊   ပြည်ပရောက် လုပ်သားများအတွက်  အခွင့်အရေးများကို ထိုနိုင်ငံများရှိ သံရုံးများ၊  သံအရာရှိများက  ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း   စသည်တို့ကို လိုအပ်သလို စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။

၂၀၂၄ ခုနှစ်  လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်များ  မေးမြန်းကောက်ယူမည့် လူတစ်ဦးချင်းစီ၏ အချက်အလက်အကြောင်းအရာများ၊ အိမ်ထောင်စု နှင့်ပတ်သက်သော     အကြောင်းအရာများအား တည်ဆဲဥပဒေဖြစ်သည့် ၂၀၁၃ ခုနှစ်လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေက လုံခြုံစိတ်ချစွာ အကာအကွယ်ပေးထားပြီးဖြစ်သည်။ မေးခွန်းမေးမြန်းခြင်း ခံရသူသည်   မှန်ကန်စွာ ဖြေဆိုရန် တာဝန်ရှိသလို စာရင်းကောက်များကလည်း ဖြေကြားချက်များကို စာရင်းပုံစံများတွင် မှန်ကန်စွာဖြည့်သွင်းကြမည်ဖြစ်သည်။ သန်းခေါင်စာရင်း ကောက်ယူသည့်   အချက်အလက်များကို သန်းခေါင်စာရင်းဆိုင်ရာကိစ္စမှတစ်ပါး   အခြားမည်သည့် ကိစ္စတွင်မျှ အသုံးပြုခြင်း သို့မဟုတ် စစ်ဆေးခြင်းမပြုဟု  ဥပဒေတွင် ပါရှိပြီးဖြစ်သည့်အတွက်  နိုင်ငံသားတိုင်းသည် သံသယရှင်းစွာ မေးမြန်းသမျှကို တိကျမှန်ကန်စွာ ဖြေကြားပေးရန်   အထူးလိုအပ်သည်။

အချုပ်အားဖြင့်ဆိုရသော်   မိမိတို့၏အကျိုး၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏အကျိုး၊ နိုင်ငံတော်အကျိုးကို  ရေရှည်မြော်မြင်လျက်   အနာဂတ်ဘဝများ သာယာလှပရေးအတွက် အဓိကကျသည့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကို မိဘပြည်သူတစ်ရပ်လုံးက    ''အမျိုးသားရေးတာဝန်''

အဖြစ်ခံယူကာ    လက်တွဲညီညီအားတက်သရော ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါသဖြင့် ''ပြည်သူအားလုံး ပါဝင်လို့       သန်းခေါင်စာရင်းကောက်ကြစို့''ဟု တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။  ။

လင်းအရုဏ်ဉီး(ပဲခူး)