သွေးချို ဆီးချိုရောဂါရှိသူများသတိပြုစရာ မျောက်ကျောက်ရောဂါ

သွေးချို ဆီးချိုရောဂါရှိသူများသတိပြုစရာ မျောက်ကျောက်ရောဂါ

ယခုအခါ လူသားများတွင် မျောက်ကျောက်ရောဂါ ကူးစက်မှု လျင်မြန်စွာပျံ့နှံ့မှုကြောင့် ကမ္ဘာတစ်ဝန်းတွင် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်လျက် ရှိပါသည်။ မျောက်ကျောက်ရောဂါ ပျံ့နှံ့လာခြင်း၏ သိသာထင်ရှားသော အချက်သည်   ကမ္ဘာတစ်ဝန်းဆီးချိုရောဂါ ဖြစ်ပွားမှုဦးရေ မြင့်မားလာပြီး ကျောက်ရောဂါကာကွယ်ဆေးကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် ဖြစ်နိုင်ခြေရှိကြောင်း သုံးသပ်ချက်ရှိပါသည်။ ရောဂါပိုး

နှင့် ထိတွေ့သူမည်သူမဆို ကူးစက်နိုင်သော်လည်း သွေးချိုဆီးချိုဝေဒနာရှင်များ၊  ကင်ဆာ သို့မဟုတ် ဓာတုကုထုံးခံယူနေသူများ၊ ခန္ဓာကိုယ်ခုခံအားစနစ်အားနည်းသူများ၊ အထူးသဖြင့် ကလေးသူငယ်များ၊ နှင်းခူရောဂါ ရာဇဝင်ရှိသူများနှင့် ကိုယ်ဝန်ရှိသူများသည် ပြင်းထန်သော မျောက်ကျောက်ရောဂါ ဖြစ်နိုင်ခြေရှိပါသည်။

သွေးချိုဆီးချိုရောဂါရှိသူများတွင်    သွေးတွင်းဂလူးကို့စ်ပမာဏမြင့်မားခြင်းကြောင့်    ခန္ဓာကိုယ်ရှိဗိုင်းရပ်စ် အာရုံခံကိရိယာများ၏     လုပ်ဆောင်မှုချို့ယွင်းခြင်းနှင့် ဆက်စပ်၍  ဗိုင်းရပ်စ်ပိုးများ ကူးစက်ခံရနိုင် ခြေပိုများပါသည်။ ထို့ကြောင့် သွေးချိုဆီးချို ဝေဒနာရှင်များသည်  ကိုဗစ်-၁၉ ရောဂါနှင့် မျောက်ကျောက် ဗိုင်းရပ်စ် ပိုးကူးစက်ခံရနိုင်ခြေများကြောင်း အကြံပြုထားသည်။    ထို့ပြင်      သွေးတွင်း ဂလူးကို့စ် ပမာဏကို ထိန်းချုပ်မှုမရှိပါက မျောက်ကျောက်ရောဂါကြောင့်ဖြစ်သည့် အရေပြားပေါ်ရှိ အနာများသည် ဗက်တီးရီးယားပိုးဝင်နိုင်သဖြင့်      အနာမကျက်ဘဲ နောက်ဆက်တွဲပြဿနာများ    ဖြစ်လာနိုင်သည်။ 

သွေးချိုဆီးချိုရောဂါ ရှိသူများ၏  သွေးတွင်းဂလူးကို့စ် ပမာဏမြင့်မားခြင်းကြောင့် သွေးကြောများအတွင်း အဆီများစုပုံလာပြီး    သွေးကြောများကို   ကျဉ်းစေသဖြင့် သွေးလည်ပတ်မှုလျော့နည်းစေသည်။ ရောဂါပိုးကူးစက် ခံရသည့် နေရာများတွင်    သွေးစီးဆင်းမှု အားနည်းပြီး ခန္ဓာကိုယ်မှရောဂါပိုးများကို တိုက်ဖျက်

နိုင်စွမ်းလျော့နည်းသဖြင့် ကုသရခက်ပါသည်။ ထို့ပြင်ရောဂါပိုးဝင်ခြင်း၊ အရေပြားရောင်ရမ်းခြင်း၊ အဖုများထွက်ခြင်းနှင့် နာကျင်ခြင်းကို ခံစားနေရသော စိတ်ဖိစီးမှုသည်  သွေးတွင်းသကြားဓာတ်ပမာဏကို  မြင့်တက်စေပြီး     အန္တရာယ်များသော    သွေးချိုဆီးချို အဆိပ်တက်သောရောဂါ (Diabetic ketoacidosis )ကို ဖြစ်စေနိုင်သည်။

မျောက်ကျောက်ရောဂါ   ကုသမှုနည်းလမ်းများသည် ရောဂါလက္ခဏာများသက်သာရန်၊    နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျှော့ချရန်နှင့်  ရေရှည်ဘေးထွက်ဆိုးကျိုးများကို   ကာကွယ်ရန် ရည်ရွယ်ပါသည်။  ကူးစက်ခံရသော လူနာအများစု သည် ပြန်လည်ကောင်းမွန်လာကြသော်လည်း တချို့လူနာများတွင်    မျောက်ကျောက်ရောဂါ၏နောက် ဆက်တွဲပြဿနာများဖြစ်သော အဆုတ်ရောင်ခြင်း၊ မျက်ကြည်လွှာ ပိုးဝင်ခြင်းကြောင့် အမြင်အာရုံဆုံးရှုံးခြင်း၊ အရေပြားပေါ်ရှိအနာများတွင် ဗက်တီးရီးယား ပိုးဝင်ခြင်း၊ အစာမျိုရခက်ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ကြောင့် ပြင်းထန်သော ရေဓာတ်ခန်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်း၊ နှလုံးရောင်ခြင်း၊ ဦးနှောက်ရောင်ခြင်း၊ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းတုံ့ပြန်မှုနှင့်    သွေးဆိပ်တက်ခြင်း အန္တရာယ်များကို ဖြစ်စေနိုင်သည်။ ထို့ကြောင့်  တချို့နိုင်ငံများတွင် ဗိုင်းရပ်စ်ပိုးသတ်ဆေးနှင့် ဗက်တီးရီးယားပိုးသတ်ဆေးများကို သုံးစွဲကြသည်။

မျောက်ကျောက်ရောဂါ ကူးစက်ခံရသူများတွင် သွေးတွင်းသကြားဓာတ် မြင့်တက်ခြင်းနှင့် လျော့ကျခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှု၊  ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားမှုတို့နှင့် ဆက်စပ်မှုရှိသည်။ ထို့ကြောင့် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေစဉ်အတွင်း သွေးချိုဆီးချိုရောဂါရှိသူများအတွက် အန္တရာယ် ဖြစ်စေသော အချက်များကို  ရှောင်ရှားနိုင်ရန်၊ သွေးတွင်းဂလူးကို့စ်ပမာဏကို အကောင်းဆုံး ထိန်းချုပ်ရန် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အထွေထွေအာဟာရဖြည့်စွက်မှုတို့   လိုအပ်ပါသည်။ သွေးတွင်းဂလူးကို့စ် ပမာဏကို     ထိန်းချုပ်ခြင်းသည် မျောက်ကျောက်ရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပြီး ရောဂါပိုးရှိသူ လူနာ များ၏   နောက်ဆက်တွဲသေဆုံးမှုနှုန်းကို   လျှော့ချနိုင်သည်။  ထို့ကြောင့်   ယခုကဲ့သို့ ရောဂါကူးစက် ပြန့်ပွားမှုကို စောင့်ကြည့်နေရသည့် အချိန်ကာလတွင်    သွေးချိုဆီးချိုရောဂါ ရှိသူများသည်      ဆရာဝန် ညွှန်ကြားထားသော ဆေးများကို မှန်မှန်သောက်ရန်၊    အင်ဆူလင်ထိုးရသူလူနာများ ဆေးမှန်မှန်ထိုးရန်နှင့်  သွေးတွင်းသကြားဓာတ်ကို နေ့စဉ်ပုံမှန်စစ်ဆေးရန်    လိုအပ်ပါသည်။ သွေးတွင်းသကြားဓာတ်ပမာဏ များလွန်းခြင်း သို့မဟုတ် နည်းလွန်းလျှင် ဆရာဝန်နှင့်ပြန်လည်ပြသ၍ ဆေးညှိရန် လိုအပ်ပါသည်။

သွေးချိုဆီးချိုရောဂါကို     အကောင်းဆုံးထိန်းထားနိုင်ရန် လိုအပ်ချက်များမှာ

-        မနက်စောစော      အစာမစားမီ      သွေးအတွင်း သကြားဓာတ်(Fasting)  ၈၀ - ၁၃၀ mg/dl 

-        အစာစားပြီး နှစ်နာရီအကြာ သွေးအတွင်းသကြားဓာတ်( 2 hours Postprandial)  ၈၀ - ၁၈၀ mg/dl

-        HbA1C ခေါ် သုံးလအတွင်း ပျမ်းမျှသကြားဓာတ် ၇ ရာခိုင်နှုန်းနှင့်အောက် ဗိုင်းရပ်စ်ပိုးကူးစက်မှုနှင့်     ဆီးချိုသောက်ဆေးများ၏ အာနိသင်တချို့သော   သွေးချိုဆီးချိုသောက်ဆေးများသည် သွေးတွင်းဂလူးကို့စ် ပမာဏကို ထိန်းညှိပေးနိုင်သည့်အပြင် ဗိုင်းရပ်စ်ပိုးဆိုင်ရာ ဇီဝဖြစ်ပျက်မှုကို ထိန်းချုပ်နိုင်ကြောင်း တွေ့ရှိရသည်။ အမျိုးအစား(၂) သွေးချိုဆီးချိုရောဂါရှိသူများကုသရာတွင် အသုံးပြုသောသောက်ဆေး Glimepiride နှင့် Glyburide သည် ဗိုင်းရပ်စ်ပိုးကူးစက်မှုအတွင်း ပြင်းထန်သောရောင်ရမ်းမှုများကို လျှော့ချပေးသည်။   လေ့လာမှုများအရ Evogliptin   နှင့်   Sitagliptin     ကဲ့သို့သော   DPP4 inhibitors ဆီးချိုသောက် ဆေးများသည် သွေးတွင်းဂလူးကို့စ်ပမာဏကို လျှော့ချပေးသည့်အပြင်     ဘက်ပေါင်းစုံမှ ရောင်ရမ်းမှုကို လျှော့ချပေးသည့် အာနိသင်များကို တွေ့ရှိခဲ့သည်။ တချို့သောလေ့လာမှုများတွင် DPP4 inhibitors သည် မွေးရာပါ ကိုယ်ခံအားစနစ်၏ လုပ်ဆောင်မှုကို  ထိန်းညှိပေးပြီး  ရောဂါပိုးများကို တုံ့ပြန်တိုက်ထုတ်ပေးသည့်  အဓိကသွေးဆဲလ်များ ရှင်သန်ကြီးထွားမှုကို လှုံ့ဆော်ပေးခြင်းဖြင့် ကောင်းကျိုးဖြစ်စေကြောင်း တွေ့ရှိရသည်။

Thiazolidinedione  သည် ခန္ဓာကိုယ်တွင်း ဂလူးကို့စ်ဇီဝဖြစ်ပျက်မှုကို ထိန်းညှိပေးသည်။ ဗိုင်းရပ်စ်ကူးစက် ခံရစဉ်အတွင်း ရောဂါပိုးများကို တုံ့ပြန်တိုက်ထုတ်ပေးသည့် အဓိကသွေးဖြူဥများ ထိခိုက်ပျက်စီးမှုမှ ဟန့်တားကာကွယ်ပေးသည်။ ဆီးချိုသောက်ဆေး Metformin သည်  ခန္ဓာကိုယ်ရှိ မွေးရာပါကိုယ်ခံအား တုံ့ပြန်မှုနှင့်   ပဋိပစ္စည်းထုတ်လုပ်မှုကို  တိုးမြှင့်ပေးသည်။ Metformin ကို အသုံးပြုထားသော လက်တွေ့ လေ့လာမှုများအရ  ရာသီတုပ်ကွေးဖြစ်သော  ဆီးချိုဝေဒနာရှင်များတွင် သွေးဖြူဥများလှုံ့ဆော်မှုနှင့် ပဋိပစ္စည်းထုတ်လုပ်မှု တိုးတက်ကောင်းမွန်ကြောင်း တွေ့ရှိရသည်။  ထို့ကြောင့် Metformin ကို အသုံးပြုခြင်းသည် သွေးတွင်းဂလူးကို့စ်ပမာဏကို ကောင်းမွန်စေရုံသာမက      ဗိုင်းရပ်စ်ပိုးကူးစက် ခံရစဉ် အတွင်း မွေးရာပါကိုယ်ခံအားတုံ့ပြန်မှုနှင့် အဓိကသွေးဆဲလ်များ တုံ့ပြန်မှုကို တိုးတက်ကောင်းမွန် စေရန်အတွက် အကျိုးကျေးဇူးများစွာရရှိစေပါသည်။ Empagliflozin ကဲ့သို့သော ဆီးချိုသောက်ဆေးများသည် ဂလူးကို့စ်များကို ဆီးမှစွန့်ထုတ်ပေးခြင်းဖြင့် သွေးတွင်းမြင့်တက်နေသော  ဂလူးကို့စ်ပမာဏကို ကောင်းစွာထိန်းညှိ ပေးသည့်အပြင်  ဗိုင်းရပ်စ်ပိုးများ ကူးစက်မှုကြောင့် ဖြစ်သော ပိုမိုပြင်းထန်သည့်ရောင်ရမ်းမှုကို ကာကွယ် ပေးသည်။

သွေးချိုဆီးချိုရောဂါရှိသူများအတွက်  ကြိုတင်ကာကွယ်ရန်နည်းလမ်းများ

မျောက်ကျောက်ရောဂါသည် ရောဂါလက္ခဏာများ   စတင်လာချိန်မှစ၍    အဖုနှင့်အနာဖေးများ ပျောက်သည့် အချိန်အထိ ရောဂါကူးစက်နိုင်ပါသည်။ ထို့ကြောင့်    သွေးချိုဆီးချိုရောဂါရှိသူများသည် လူထူထပ်သော နေရာများသို့သွားခြင်းနှင့် လူစုလူဝေးကို ရှောင်ကြဉ်၍ ပြည်တွင်း၊ ပြည်ပခရီးသွားလာခြင်းကို    ရှောင်ကြဉ်သင့်ပါသည်။    တိရစ္ဆာန်များနှင့် ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖက်ခြင်း၊ မျောက်ကျောက် ရောဂါကဲ့သို့ အဖုပေါက်သူများနှင့် အနီးကပ်ထိတွေ့ခြင်း၊ လိင်ဆက်ဆံခြင်းမှ  ရှောင်ကြဉ်ပါ။ ရောဂါပိုးရှိသောတိရစ္ဆာန် သို့မဟုတ် လူနှင့်ထိတွေ့ထားသော အဝတ်များ၊ မျက်နှာသုတ်ပဝါများ၊ အိပ်ရာခင်းများ၊ စောင်များ သို့မဟုတ် တခြားပစ္စည်းများကို ကိုင်တွယ်ခြင်းမှ ရှောင်ကြဉ်ပါ။

ရောဂါပိုးရှိသူ သို့မဟုတ် တိရစ္ဆာန်နှင့် ထိတွေ့ပြီးနောက်   လက်ကို  ဆပ်ပြာနှင့်ရေဖြင့် ကောင်းစွာဆေးကြောပါ။ ဆပ်ပြာနှင့်ရေ မရရှိနိုင်ပါက အရက်ပြန် ပါသော လက်သန့်ဆေးရည်ကိုအသုံးပြုပါ။ နောက်ဆုံးထိတွေ့သည့်နေ့မှ       ၂၁ ရက်ကြာသည်အထိ သီးခြားနေထိုင်၍         မျောက်ကျောက်ရောဂါ၏ လက္ခဏာများကို စောင့်ကြည့် ရပါမည်။ ခန္ဓာကိုယ်အရေပြားပေါ်မှာ  အနီစက်များ၊ အဖုများ ပေါ်ပေါက်လာလျှင် သို့မဟုတ် မျောက်ကျောက် ရောဂါ လက္ခဏာများရှိလျှင်  နီးစပ်ရာကျန်းမာရေးဌာနများကို သတင်းပို့ပြီး ကုသမှုခံယူရန် လိုအပ်ပါသည်။

သွေးချိုဆီးချိုရောဂါ ရှိသူများအတွက်    မျောက်ကျောက်ရောဂါကူးစက်မှုကိုရှောင်ရှားရန် အကောင်းဆုံး လုပ်ဆောင်မှုမှာ    ဗိုင်းရပ်စ်ပိုးကာကွယ်ရေးနှင့် ဆက်စပ်သော ကိုယ်ခံအားစနစ်ကို မြှင့်တင်ရန် လိုအပ်ပါသည်။ ကိုယ်ခံအား မြှင့်တင်ပေးသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများကိုစားပါ။ ပရိုတင်းဓာတ်များသည်  ကိုယ်ခံအားစနစ်ကို တည်ဆောက်ရန်နှင့်  ရောဂါပိုးများကိုတိုက်ထုတ်ရန်အတွက် လိုအပ်သော ပဋိပစ္စည်းများကို ထုတ်လုပ်ရန်ကူညီပေးသဖြင့် ပရိုတင်းဓာတ်လုံလောက်စွာပါရှိသော  အစားအစာများကို ပို၍စားသုံးပေးရန် လိုအပ်ပါသည်။

 ခုခံအားစနစ်ကို အားကောင်းစေသော ဗီတာမင်စီ ကြွယ်ဝသည့် သစ်သီးများနှင့် အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို   နေ့စဉ်တိုးမြှင့်စားသုံးရန်   လိုအပ်ပါသည်။  အင်တီအောက်စီးဒင့်ကြွယ်ဝသော ဟင်းနုနယ်ရွက်၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းများကို စားသုံးပေးရန်လိုအပ်ပါသည်။ ဗိုင်းရပ်စ်ပိုးများကို တိုက်ထုတ်ရာတွင် ကူညီပေးနိုင်သည့် ဗီတာမင်ဒီကြွယ်ဝသော ဆယ်လ်မွန်ငါး၊ နို့နှင့် ကြက်ဥများ၊ ဗီတာမင်ဒီ ဖြည့်စွက်စာများကိုလည်း လုံလောက်စွာစားသုံးရန် လိုအပ်ပါသည်။ 

အရက်အလွန်အကျွံသောက်ခြင်းနှင့်  ဆေးလိပ်သောက်ခြင်းသည် ခန္ဓာကိုယ်ခုခံအားစနစ်ကို အားနည်း စေသည့်အပြင် ရောဂါပိုးမွှားများ ဝင်ရောက်လာသည့်အခါ ခန္ဓာကိုယ်ခုခံအားစနစ်မှ  တုံ့ပြန်မှုကို လျော့နည်းစေနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။  

ကိုယ်ခံအားစနစ်    အားကောင်းစေရန်အတွက် နေ့စဉ်အိပ်ရေးဝအောင် အိပ်စက်ရန်   လိုအပ်ပြီး လုံလောက်သော အိပ်စက်ချိန် ၇နာရီ မှ ၉နာရီအထိ ရှိရန်လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းသည်  သွေးလည်ပတ်မှုကို  အားကောင်းစေ၍ ရောဂါပိုးမွှားများကိုတိုက်ထုတ်ရန်      လိုအပ်သော သွေးဖြူဥများ ထွက်ရှိမှုကို မြှင့်တင်ပေးပြီး ကိုယ်ခံအားမြင့်တက်စေနိုင်သဖြင့်     နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပေးရပါမည်။

တစ်ကိုယ်ရေသန့်ရှင်းမှုကိုထိန်းသိမ်းပါ။ လက်ကိုပုံမှန်ဆေးကြောခြင်းသည်  ဖျားနာခြင်းမှကာကွယ်ရန်   အကောင်းဆုံးနည်းလမ်းများထဲမှ  တစ်ခုဖြစ်၍ရောဂါပိုးမွှားများ ကပ်တွယ်မှုမရှိစေရန် တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့်ရေဖြင့် စက္ကန့် ၂၀ ကျော်ကြာအောင် အချိန်ယူ၍   ပွတ်တိုက်ဆေးကြောပါ။ အထူးသဖြင့် အစာမစားမီ လက်ကိုဆပ်ပြာနှင့်ဆေးပါ။  လက်မဆေးဘဲ     နှာခေါင်း၊ ပါးစပ်နှင့်  မျက်နှာကို ကိုင်တွယ်ခြင်းမှ  ရှောင်ကြဉ်ပါ။ အပြင်ထွက်သည့်အခါ လက်သန့်ဆေးရည်ကို ဆောင်ထားပြီးအသုံးပြုပါ။    အိမ်အပြင်ထွက်လျှင်   ပါးစပ်နှင့် နှာခေါင်းစည်းတပ်ပါ။       အိမ်သန့်ရှင်းရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ပိုးသတ်ဆေးများကို စနစ်တကျ အသုံးပြုပါ။

သွေးချိုဆီးချိုရောဂါရှိသူ   သို့မဟုတ် အတူနေမိသားစုဝင်တစ်ဦး တစ်ယောက်တွင်      ခန္ဓာကိုယ်အရေပြားပေါ်၌  အနီစက်များ၊   အဖုများ ပေါ်ပေါက်လာလျှင် သို့မဟုတ် မျောက်ကျောက်ရောဂါလက္ခဏာများ  ဖြစ်ပေါ်သည်ဟု သံသယရှိလျှင်  ကျန်းမာရေးဌာနသို့  အမြန်ဆုံးသွားရောက်စစ်ဆေး၍  ကုသမှုခံယူရန်၊ ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်ပါသည်။

ဒေါက်တာသိင်္ဂီကျော်