မြစ်ကိုအလျားစုန်ကူးခဲ့သည်

 

ယမန်နေ့မှအဆက်

ထမင်းတစ်နပ်

အဘွား ထွက်သွားခဲ့လေပြီ။ အဘွားအိမ်မှာ ကျွန်တော်တစ်ယောက်  တည်း။ ထမင်းချက်စားဖို့ ဆန်ကတော့ ရွာက အဖေ၊ အမေတို့ ပို့ထားလို့ ရှိသည်။ သည်တော့ တစ်နေ့မှာ ထမင်းနှစ်နပ် ပုံမှန်စားနိုင်ရေးအတွက်  ကျွန်တော်  ဈေးသွားရတော့သည်။   ရှိစုမဲ့စုမုန့်ဖိုးလက်ကျန်   ပိုက်ဆံ လေးဖြင့်   ဈေးသွားသည်။  တစ်နေ့ဈေးသွားလျှင်    နှစ်ရက်စာအတွက် အပြီးဝယ်လာသည်။  ငါးဟင်းနဲ့ တစ်နေ့စားပြီး  ဟင်းသီးဟင်းရွက်နဲ့ တစ်နေ့စာ မျှဝေပြီး ကျွန်တော်ဝယ်လိုက်သည်။ တစ်နေ့ဈေးသွားလျှင် ငွေတစ်ကျပ်ဖိုးဝယ်သည်။ လယ်ငါးကလေးခြောက်ခြောက်လေးချက် ပြီးသား ပြား ၅၀ (ငါးမူး) ဖိုး။ လယ်ငါးကလေး (ငါးကလေးဟင်း)  မှာ ချဉ်၊ ငန်၊ စပ်ချက်ထားသောဟင်းပင်ဖြစ်သည်။ ကျောက်ဖြူမြို့ပတ်ဝန်းကျင်  လယ်သူမများသည်   မနက်လေးနာရီလောက်ပင်    ဈေးသို့ခြေကျင် လျှောက်လာကြသည်။ မနက်ပိုင်း ဈေးခင်းသည်ဆိုလျှင် မြေအိုးလေး နဲ့ အရည်ခန်းချက်ထားသော ငါးခြောက်ခြောက်ဟင်းလေးကို  ဖက် ပေါ်မှာ ဖြန့်ခင်းပြီး တစ်မတ် (၂၅ ပြား) ဖိုးစီရောင်းသည်။  ကျွန်တော် ကနှစ်ပုံ၊ (၅ မူး) (ပြား ၅၀) ဖိုးစီဝယ်ပြီး မနက်စာတစ်ထပ်၊ ညနေစာတစ် ထပ်စားသည်။ နောက်တစ်နေ့အတွက်ကိုမူ ခရမ်းသီး ပြား ၄၀ ဖိုးဝယ်ပြီး ငရုတ်သီးစိမ်းက ၁၀ ပြားဖိုးဝယ်သည်။ ခရမ်းသီးကို ခွဲခြမ်းပြီး ငရုတ်သီး စိမ်းနှစ်ခြမ်းခွဲ မျှင်ငါးပိနှင့်ဆားထည့်ပြီး   ချက်သည်။  အရည်လေး မခန်းတခန်းလောက်မှာ ခပ်ယူလိုက်သည်။  ရခိုင်ဟင်းလှော်ဟုခေါ်သည်။ ထမင်းစားတော့  ခရမ်းသီးဟင်းတစ်ဝက်ကို   မနက်စာ   ထမင်းဖြူနဲ့ရောနယ်ပြီးစားသည်။  ကျန်ဟင်းတစ်ဝက်ကို  ညနေစာ  စားသည်။ ဤသို့ဖြင့် တစ်နေ့မှာ (ငါးမူး) ဖိုးစီဈေးဝယ်ပြီး ထမင်းစားခြင်းအလုပ်ကို ကျွန်တော်လုပ်သည်။   ကျွန်တော်၏    ဝမ်းသမုဒ္ဒရာ   အူအင်္ဂါကိစ္စကို ကျွန်တော် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းခြင်းပင်ဖြစ်ပေသည်။

ရှစ်တန်းကနေ ဆယ်တန်းထိ အထက်တန်းကျောင်းသားတစ်ဦးလျှင် ကျောင်းလခ ငါးကျပ်စီပေးရသည်။ ကျွန်တော့်မှာ အတန်းပိုင်ဆရာမက ကျောင်းလခကောက်ခံချိန်မျိုးတွင်  အိမ်ကပိုက်ဆံရောက်မလာသေး လျှင်   အခက်ကြုံရတော့သည်။   ဤတွင်  ကျောင်းလခကောက်ခံသူ အတန်းပိုင်ဆရာမကို   အားနာသဖြင့်  ဘန်ကောက်ပုဆိုးကို   တရုတ် အပေါင်ဆိုင်တွင် သွားပေါင်ရာ ငါးကျပ်ရသဖြင့် အဆင်ပြေသွားသည်။ အဖေ၊ အမေတို့ဆီက   ပိုက်ဆံရောက်လာလျှင်   ပြန်ရွေးထားသည်။ အပေါင်ဆိုင်သို့  ပုဆိုးပေါင်သွားတုန်းက  ကျွန်တော့်မှာ  ရှက်လွန်း၍  အပေါင်ဆိုင်နားအရောက်တွင် ဘေးဘယ်ညာကြည့်ပြီး လူရှင်းမှသာ သုတ်ခနဲဝင်သည်။ ပြန်ထွက်လျှင် လမ်းမပေါ်မှာ လူရှင်းမှထွက်သည်။ ကျွန်တော့်အတွက် မလွှဲမရှောင်သာလို့  အရဲစွန့်ပြီးဆောင်ရွက်လိုက်ရသော စွန့်စားခြင်းတစ်ခုပင်ဖြစ်ပေသည်။ ကျွန်တော် ဤသို့ ပုဆိုးပေါင် ရသည်ကို   အဖေနှင့်အမေတို့အား  လုံးဝအသိမပေးရဲပေ။   ကျွန်တော့်အတွက်ကြောင့်  အဖေနှင့်အမေ  စိတ်ထိခိုက်မှုမျိုး   လုံးဝမဖြစ်စေလိုခြင်းမှာ ကျွန်တော်၏ရင်တွင်းဆန္ဒပင်ဖြစ်သည်။

ဘန်ကောက်ပုဆိုးသည် ထိုအချိန်အခါက ကျွန်တော်တို့ ကျေးလက် တောရွာများတွင် လူပျိုရွယ်ရောက်လာလျှင် မဖြစ်မနေလိုအပ်လှပေ သည်။ အကြောင်းမူကား နွေရာသီစပါးပေါ်ချိန် ငွေပေါ်ချိန်များဆိုလျှင် လူပျိုကာလသားများသည် ညနေခင်းများတွင် ဟန်ရေးပြပြီး ရွာလမ်း တွင်  အပြောင်းပြောင်းအပြန်ပြန်လျှောက်ကြသည်။  ဤသို့ လမ်းလျှောက် ချိန်တွင် ခြေလှမ်းကိုခပ်ကျယ်ကျယ်လှမ်းပြီး လျှောက်ရသည်။ ဤသို့ ခြေလှမ်းကျယ်ကြီးနဲ့ ခပ်သွက်သွက်လမ်းလျှောက်မှသာ  ဘန်ကောက် ပုဆိုးမှ  ထွက်ပေါ်လာသည့်မြည်သံသည်  တခြွမ်းခြွမ်းမြည်ပြီး အသံ ခပ်ကျယ်ကျယ်ထွက်သည်။ သို့မှသာလျှင် မိန်းမပျိုများက ဘန်ကောက် ပုဆိုးသံခပ်ကြမ်းကြမ်းနဲ့  လမ်းလျှောက်လာသော  ကိုကိုမောင်မောင် တို့မှာ မည်သူဖြစ်သလဲဟု အိမ်ပေါ်က လှမ်းကြည့်လေ့ရှိသည်။  လူပျို ကိုကိုမောင်မောင်တို့မှာ ဘန်ကောက်ပုဆိုးသာဝတ်သည်မဟုတ် အင်္ကျီ ပါးလေးကိုလည်း   ဝတ်ဆင်ကြသည်။    အင်္ကျီပါးအိတ်ကပ်ထဲတွင် ငွေစက္ကူငါးကျပ်တန်၊ ၁၀ တန် စသည်တို့ကို ထည့်ထားတတ်ကြသည်။ ယင်းခေတ်က ဆင်ရုပ်ကလေးနဲ့ အပြာရောင်ငွေစက္ကူ ၁၀ ကျပ်တန်မှာ တန်ဖိုးအမြင့်ဆုံးပင်ဖြစ်သည်။ ငါးကျပ်တန်မှာ ဒုတိယတန်ဖိုးအမြင့်ဆုံး ဖြစ်သည်။  ငါးကျပ်တန်တွင် ဗိုင်းငင်နေသော   မြန်မာမိန်းကလေးပုံပါ သည်။

၁၉၆၃ ခုနှစ်တွင် ကျွန်တော့်မှာ ခုနစ်တန်းအောင်ပြီး အထက်တန်း ကျောင်းသားဘဝရောက်ချိန်တွင် လူပျိုပေါက်လိုလိုဖြစ်နေပေရာ အဖေက ကျွန်တော့်ကို သူများသားသမီးလို ဘန်ကောက်ပုဆိုးဝတ်ပြီး ရွာလမ်း မှာလျှောက်စေလိုတာကြောင့် ကြိုးစားပြီးဝယ်ပေးထားခြင်းပင်ဖြစ် သည်။ ကျွန်တော်သည်လည်း ရွာကာလသားစာရင်းဝင်သဖြင့် တခြား လူပျိုများလို    ဘန်ကောက်ပုဆိုးဝတ်ပြီး    လမ်းလျှောက်ဖူးခဲ့ပါ၏။ 

ကျွန်တော့်   ဘန်ကောက်ပုဆိုးမှာ  ရွှေအိုရောင်လေးဖြစ်သည်။  ထိုင်းနိုင်ငံ  ဘန်ကောက်မြို့က ရက်ငင်ခြင်းဖြစ်၍ ဘန်ကောက်ပုဆိုးဟုခေါ် ကြခြင်းပင်ဖြစ်ပေ၏။ ထူထူထဲထဲကြီးဖြစ်သည်။ အကြမ်းဝတ်ပစ်လို့ရ သည့် အထည်မျိုးမဟုတ်သဖြင့် ကုန်သွားသည်ဟူ၍ပင်မရှိပေ။ တချို့ ငွေကြေးချောင်လည်သော သားသမီးများဆိုလျှင် အရောင်ကွဲဖြင့် နှစ်ထည်၊ သုံးထည်ထိ ရှိတတ်ကြသည်။ ကျွန်တော့်ပုဆိုးက ၁၉၆၅ ခုနှစ်က ဝယ်ထားခဲ့ရာ ယခု ၂၀၂၂ ခုနှစ်ဆိုလျှင် နှစ်ပေါင်း ၅၇ နှစ်ရှိပေပြီ။ ယနေ့ထိတိုင် သေတ္တာထောင့်လေးမှာရှိနေတုန်းပင်ဖြစ်သည်။

အတန်းပိုင်ဆရာမ  ဒေါ်စောရည်သည်  ကျွန်တော့်အပြုအမူအနေ အထိုင်ကိုကြည့်ပြီး တစ်ခုခုခံစားရလေလား သို့မဟုတ် ဆရာ့မေတ္တာဖြင့် တပည့်ချစ်စိတ်ရှိလို့ပေလားမသိ။ လကုန်လို့ ကျွန်တော် ကျောင်းလခ ပြေပြေလည်လည်မသွင်းနိုင်သည့်လများဆို ဆရာမ စိုက်သွင်းပေးထား သည်။

"မောင်ဘညွန့်အတွက် ကျောင်းလခကို ဆရာမ စိုက်ပေးထားတယ်။ အရေးမကြီးဘူး၊ အဆင်ပြေမှပေးပါ ရပါတယ်"

ဆရာမ၏မေတ္တာစကားသံက ကျွန်တော့်ရင်ထဲ ထိလှပါသည်။ မိမိဘဝနှင့် ဆရာမမေတ္တာသည် ကူးလူးမှု မေတ္တာတံတားကလေးဖြစ်၍ အတန်းပိုင်ဆရာမ ဒေါ်စောရည်ကို လေးစားမက လေးစားမိပေသည်။ ကျွန်တော်သည် မည်သည့် အခြေအနေမျိုး ရောက်နေပါစေ ပိုက်ဆံလိုသည်ဆိုပြီး အဖေနှင့်အမေဆီ မှာသည်ဟူ၍ မရှိပေ။ အိုးမှာထည့်ချက်ဖို့ ဆန်ရှိလျှင်ပြီးပြီဟု ကျွန်တော်ခံယူထားသည်။

ဆက်လက်ဖော်ပြပါမည်။