ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

ဒေါက်တာထွန်းတင့်

မြန်မာဗျည်းအက္ခရာများ

(၂၆-၈-၂၀၂၄ ရက်နေ့မှအဆက်)

ဏ / နဂျီး /

ဏ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်ငါးလုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဏကြီးဟုခေါ်သည်။ ပါဠိဘာသာတွင် နငယ်နှင့်ဏကြီး အသံလည်းမတူ၊  ဌာန်လည်းမတူပါ။  နငယ်သည် ဒန္တဇအက္ခရာ၊ ဏကြီးသည် မုဒ္ဓဇအက္ခရာဖြစ်သည်။ မြန်မာဘာသာ တွင်မူ  နငယ်နှင့် ဏကြီး နှစ်ခုလုံးကို မုဒ္ဓဇအက္ခရာများအဖြစ် အသံ တူ ရွတ်ဖတ်ကြသည်။ မြန်မာတို့က လျှာထိပ်အက္ခရာများအဖြစ် ရွတ်ဖတ် ကြသည်။ မြန်မာတို့အတွက် နငယ်တွင်သာအနက်ရှိ၍ ဏကြီး တွင်အနက်မရှိပါ။ ဏကြီးသည် ဋဝဂ်ဗျည်း ငါးလုံးတွင် ပဉ္စမဗျည်း ဖြစ်သည်။  ထို့ကြောင့် ဋဝဂ်၏  ပဉ္စမက္ခရာဟုခေါ်သည်။   ဋဝဂ်တွင် အဆုံးဗျည်းဖြစ်သဖြင့် ဝဂ္ဂန္တဗျည်းဟုလည်း ခေါ်သည်။ မြန်မာဘာသာ တွင် ဏကြီးသည်အနက်မရှိပါ။ ပါဠိဘာသာ၊ သက္ကတဘာသာတို့တွင် သာ ဏကြီးအနက်ရှိသည်။ “ဏကြီးအက္ခရာကား မိမိပင်ဝဂ္ဂန္တဖြစ် ၍ ယှဉ်ဖက်ဗျည်း၏ အထက်၌သာဆင့်ရလေသည်။ အောက်အဖို့၌ မဆွဲသင့်သောကြောင့်   အရေးမကျွမ်း သောအရာ၊ အလျင်တဆော ရေးသောအရာတွင်မျှသာ စိုးစဉ်းမပီပြင်ရှိရာ၏။ အတင့်အတယ် ရေးမူ ကား အရာခပ်သိမ်း အသွင်မဖောက်သင့်” ဟု ဒုတိယကျော်အောင်စံထား ဆရာတော်က  ဝေါဟာရတ္ထပကာ သနီကျမ်းတွင်  မှာထားပါသည်။

ဏကြီးသည် စုတ်ချက်သုံးချက်ဆွဲ အက္ခရာဖြစ်သည်။

တ / တာ့ဝင်းဗူ /

တ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်ခြောက် လုံးမြောက် ဗျည်းအက္ခရာဖြစ်သည်။   တဝမ်းပူဟု ခေါ်သည်။ ဝမ်းပူသော တ ဟုဆိုလိုသော်လည်း ယခုအခါမှာသော်လည်းကောင်း၊ ရှေးအခါကသော်လည်းကောင်း   တဝမ်းပူတွင်   ဝမ်းပူသည့်အသွင် မထင်ရှားပါ။ တထဒဓနဟူသော တဝဂ်ဗျည်းငါးလုံးတွင် ပထမဗျည်း အက္ခရာဖြစ်သည်။   ထို့ကြောင့်တဝဂ်၏  ပထမက္ခရာဟုခေါ်သည်။ သံနုံ့သံလျော့ဗျည်းဖြစ်သည်။ ယခုအခါ သံညင်းသံလျော့ဗျည်းဟုလည်း ဆိုကြသေးသည်။ တ သည် သုဒ္ဓဗျည်း၊ ထ သည်  ကာရိုက်ဗျည်းဖြစ် သည်။ တ ကို ပါဠိဘာသာတွင် ဒန္တဇအက္ခရာ  (သွားဌာန်ဖြစ် အက္ခရာ)ဟု ဆိုသော်လည်း မြန်မာတို့က သွားရင်းဖြစ်အက္ခရာဟု သတ်မှတ်ပါသည်။ တ ကို ရွတ်ဆိုရာ တွင် လျှာဖျားသည် အထက်သွားထိပ်နှင့် ထိမထိကိုကြည့်၍ ဒန္တဇအက္ခရာနှင့် မုဒ္ဓဇအက္ခရာကို ခွဲခြားနိုင် သည်။ ထိလျှင် ဒန္တဇအက္ခရာ၊ မထိလျှင် မုဒ္ဓဇအက္ခရာဖြစ်သည်။ ပါဠိဘာသာ တွင် တဝဂ်ဗျည်းအားလုံး ဒန္တဇအက္ခရာများဖြစ်သည်။ မြန်မာတို့က သွားရင်းဖြစ် ဗျည်းများဟုဆိုသည်။ အကယ်စင်စစ် ဋဝဂ် ဗျည်းငါးလုံး ကို မုဒ္ဓဇအက္ခရာဟုခေါ်သည့်အတိုင်း တဝဂ်ဗျည်းအားလုံးကိုလည်း မုဒ္ဓဇအက္ခရာ- လျှာထိပ် ဌာန်ဖြစ်အက္ခရာဟု ခေါ်သင့်ပေသည်။ အဘယ် ကြောင့်ဆိုသော် မြန်မာတို့က တဝမ်းပူဝဂ်တစ်ခုလုံးကို ဋသန်လျင်းချိတ် ဝဂ်တစ်ခုလုံး၏ အသံဖြင့် ရွတ်ဆိုနေကြခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့်လည်း ဋသန်လျင်းချိတ်နှင့် တဝမ်းပူတို့  အသံတူနေသည်ကို ခွဲ၍ သိနိုင်စေရန် တစ်လုံးကို သန်လျင်းချိတ်နှင့် တူသော ဋ - ဋသန်လျင်း ချိတ်၊ တစ်လုံးကို ဝမ်းပူသောတ - တဝမ်းပူဟု မြန်မာတို့က အမည်အားဖြင့် ခွဲခြား သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုရမည်။

စင်စစ်အားဖြင့် မုဒ္ဓဌာန - မုဒ္ဓဌာန်ကို လျှာထိပ်အရပ်ဟု ဆိုသော်လည်း ယခုအသုံးတွင်နေသော သွားရင်း အရပ်နှင့် အတူပင်ဖြစ်သည်ဟု ယူဆရပါသည်။ တဝမ်းပူနှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထား ဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် “တဝမ်းပူ အက္ခရာ၏ သင်္ကေတကား သံယုဂ်ရှိ၊ သံယုဂ်မဲ့ မထူး။ သမသီသံ သမပါဒံ ဟူသည် ကိုလည်းကောင်း၊ အက္ခရာညီဝန်း မချွန်းမထောင့် ဟူသည်ကို လည်းကောင်း ထောက်၍ ရှေ့နောက်ညီမျှလျက် မထောင့်မချွန်း ဝန်းစက်သိသာအောင်ရေးလျှင်    သဘောရောက်တော့သည်” ဟူ၍ ရှင်းပြထားပါသည်။

တဝမ်းပူသည် စုတ်ချက်နှစ်ချက်ဆွဲ အက္ခရာဖြစ်သည်။

ထ / ထာ့ဆင်ဒူး /

ထ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်ခုနစ် လုံးမြောက်ဗျည်းအက္ခရာဖြစ်ပါသည်။ ထဆင်ထူးဟုခေါ်သည်။ အသံ ထွက်တူနေသော ဗျည်းနှစ်လုံးကို ခွဲခြားနိုင်စေရန် ဗျည်းတစ်လုံးကို ဌဝမ်းဘဲ - ဝမ်းဘဲနှင့်တူသော ဌ၊ ဗျည်းတစ်လုံးကို ဆင်ထူးနှင့်တူသော ထ- ထဆင်ထူးဟု အနွတ္ထအမည် မှည့်ခေါ်ထားသည်။ တဝဂ်ဗျည်း ငါးလုံးတွင် ဒုတိယဗျည်း အက္ခရာဖြစ်သည်။ ထို့ကြောင့် တဝဂ်၏ ဒုတိယက္ခရာဟု ခေါ်သည်။ သံနုံ့သံတင်းဗျည်း ဖြစ်သည်။ ယခုအခါ သံညင်းသံတင်းဗျည်းဟုလည်း ဆိုသည်။ ထ သည် တ ၏ ကာရိုက်ဗျည်း ဖြစ်သည်။ ထ ကို ပါဠိဘာသာတွင် ဒန္တဇအက္ခရာဟု  သတ်မှတ်ထားသော် လည်း မြန်မာဘာသာတွင်မူ မုဒ္ဓဇအက္ခရာဟု ဆိုသင့်ပါသည်။ သွားဌာန် တွင်မဖြစ် သွားရင်းဌာန်တွင် ဖြစ်သည်။ ဌဝမ်းဘဲနှင့် ဌာန်တူဖြစ်သည်။ ထဆင်ထူးနှင့်ပတ်သက်၍ ဒုတိယကျော် အောင်စံထားဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် “သမသီသံ သမပါဒံ ဟူသည်ကိုလည်း ကောင်း၊ အက္ခရာညီဝန်း မချွန်းမထောင့် ဟူသည်ကို လည်းကောင်း ထောက်၍ ရှေ့နောက် ညီမျှလျက် မထောင့်မချွန်း  ဝန်းစက်သိသာ အောင်ရေးလျှင်  သဘောရောက်တော့သည်။ သံယုဂ်ရှိမဲ့မထူးပြီ။ ဆင်ထူးသဖွယ် အဝန်းညီစေလျှင် သင့်သည်ပင်ဖြစ်၏” ဟု ရှင်းပြထား ပါသည်။

ထဆင်ထူးသည် စုတ်ချက်နှစ်ချက်ဆွဲ အက္ခရာဖြစ်သည်။

ဒ / ဒါ့ဒွေး /

ဒ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်ရှစ်လုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။ ဒထွေးဟုခေါ်သည်။ အထွေးဖြစ်သော ဒ၊ အငယ်ဖြစ်သော ဒ ဟုဆိုလိုသည်။   ဒုတိယကျော်အောင်စံထား ဆရာတော်ကမူ ဒဒွေးဟုဆိုသည်။ မြန်မာဘာသာတွင် ဍရင်ကောက် နှင့် ဒထွေးသည် အသံထွက် တူနေသဖြင့် အသံဖြင့် မခွဲနိုင်၊ အမည်ဖြင့် ခွဲနိုင်စေရန် ဗျည်းအက္ခရာတစ်လုံးကို  ရင်ကောက်သော   ဍ - ဍရင် ကောက်၊ တစ်လုံးကို အငယ်အထွေးဖြစ်သော ဒ- ဒထွေး၊ တစ်နည်း အဆင့်နှစ်ဆင့်ပါသော ဒ- ဒထွေး  (ဒုတိယကျော်အောင်စံထားဆရာ အလိုအရ) ဟု ခွဲခြားခေါ်ဝေါ်ခဲ့ကြသည်။ ဒထွေးသည် တဝဂ် ဗျည်းငါးလုံး တွင် တတိယဗျည်းအက္ခရာဖြစ်သည်။ ထို့ကြောင့် တဝဂ်၏ တတိယက္ခရာ ဟုခေါ်သည်။ သံထင်သံလျော့ဗျည်း ဖြစ်သည်။  ယခုအခါ   သံပြင်း သံလျော့ဗျည်းဟုလည်းဆိုသည်။   ဒ သည်ပါဠိ ဘာသာတွင်   ဒန္တဇ အက္ခရာဖြစ်သည်။ မြန်မာဘာသာတွင် သွားရင်းဌာန်ဖြစ် အက္ခရာဟု သတ်မှတ် သည်။ ဍရင်ကောက်နှင့်အသံတူသဖြင့်  ဗုဒ္ဓဇအက္ခရာဟု ဆိုရမည်။   ဒထွေးနှင့်ပတ်သက်၍    ဒုတိယ ကျော်အောင်စံထား ဆရာတော်က ဝေါဟာရတ္ထပကာသနီကျမ်းတွင် “ဒဒွေးအက္ခရာ၌လည်း သံယုဂ်ရှိမဲ့ မထူး၊ အထက်မျက်နှာအစကို  ခွေရစ်၍ ရေးကြသည်မှာ အလေ့သာဖြစ်၏။ ကျောက်အဖို့  နောက် အပြင်ကို   မညွတ်မချိုးဘဲ ရေးခြင်းသည်ကား သင့်အံ့သို့မထင်။   ဒဒွေးဟူရာ၌ ဒ အက္ခရာသည် အထက် အဖို့    အောက်အဖို့    အကွေးငယ်နှစ်ခုဆင့်၍    တည်၏။ ထိုနှစ်ဆင့်တည်ဟန်အသွင်ကိုလိုက်၍ ဒဒွေးဆို သကဲ့သို့ရှိ၏။ ဤကို ထောက်လျှင် မခွေမညွတ် မချိုးမတွန့် ရေးကြသည်ကား မသင့်လွန်း။ ခပ်သိမ်းသော မြန်မာမှုဝေါဟာရသည် ရုဠှီ၊ အနွတ္ထ နှစ်ပါးပင် ရှိသည်ကို ထောက်၍ ဆိုလိုက်သည်” ဟု ရှင်းပြ ထားပါသည်။ ဤကား ဒုတိယ ကျော်အောင်စံထားဆရာတော်၏ မှတ်သားဖွယ် အဆိုအမိန့်တည်း။

ဒထွေးသည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။

(ဆက်လက်ဖော်ပြပါမည်)