အသက်အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြပါစို့

အသက်အန္တရာယ်ကင်းစေဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြပါစို့

မော်တော်ဆိုင်ကယ်ရဲ့အသုံးဝင်မှု

မော်တော်ဆိုင်ကယ်တစ်စီးသည် လူတို့၏ နေ့စဉ်လှုပ်ရှား ရုန်းကန်နေ ရသည့် လူနေမှုဘဝအတွက် မရှိမဖြစ်လိုအပ်လာသည့် အရာဖြစ်လာနေပြီဖြစ်သည်။ ကုန်ကျစရိတ် အားဖြင့် မော်တော်ကား တစ်စီးထက်များစွာ  သက်သာနေသော်လည်း မော်တော်ဆိုင်ကယ်တစ်စီး၏ အသုံးဝင်မှု ကားများစွာပင်။ အသိသာဆုံးသော အကျိုးကျေးဇူးတစ်ခုမှာ စက်သုံးဆီကိုလျှော့ချနိုင်ပြီး ကုန်ကျစရိတ် သက်သာခြင်း ပင်ဖြစ်သည်။ ကိုယ်ထည်အရွယ်အစားကလည်း ကားတစ်စီးထက်များစွာ သေးငယ်နေသဖြင့် ရပ်နား စရာ နေရာရှာဖွေနေရသည့် အခက်အခဲကလည်း လွတ်မြောက်နိုင်မည် ဖြစ်သည်။  ပြင်ဆင်ထိန်းသိမ်း ရသည့် ကုန်ကျစရိတ်ကလည်း ကားတစ်စီးထက် များစွာသက်သာ နေမည်မှာ အမှန်ပင်ဖြစ်သည်။

လမ်းပိတ်၊ လမ်းကျပ်သည့်နေရာများကို ရှောင်လွှားကာ လမ်းကြိုလမ်းကြားမှလည်း မောင်းနှင်သွား နိုင်သဖြင့်  လမ်းပိတ်သောကြောင့်  လုပ်ငန်းခွင်သို့ နောက်ကျစွာရောက်သွားရနိုင်သည့် စိုးရိမ်စိတ်များကို လည်း လျှော့ချပေးနိုင်မည်ဖြစ်သည်။ သွားလိုသည့်နေရာကို သွားလိုသည့်အချိန်တွင်  လွယ်လင့်တကူ မောင်းနှင်သွားလာနိုင်သည့် ဆိုင်ကယ်ကလေးများသည် အိမ်တိုင်းတွင် လှလှပပတည်ရှိလို့ နေကြပြီ ဖြစ်သည်။ အိမ်သူသက်ထားအတွက် ဈေးသွားဖို့လည်း သုံးနိုင်သည်။ သားသားမီးမီးလေးများကို ကျောင်း ပို့ဖို့လည်း သုံးနိုင်သည်။ အလုပ်သွားဖို့လည်းသုံးနိုင်သည်။ အားလပ်ရပ် အပျော်ခရီး ထွက်ဖို့လည်း သုံးနိုင်သည်။

စရိတ်စကသက်သာသည့် ဆိုင်ကယ်တစ်စီးရှိခြင်းက မိသားစု၏ နေ့စဉ်လုပ်ငန်း ဆောင်တာများကို အဆင်ပြေ ချောမွေ့စေသည်။ လျှပ်စစ်မော်တော်ဆိုင်ကယ်များကလည်း ဈေးကွက်အတွင်းသို့ ပုံစံ အမျိုးမျိုးဖြင့် ချင်းနင်းဝင်ရောက်လာနေကြပြီဖြစ်သဖြင့် ထိုအခွင့်အရေးများကို အကျိုးရှိရှိ အသုံးပြု တတ်ကြရန်သာလိုသည်။

ဆိုင်ကယ်လေးနဲ့လျှောက်လို့လည်

မြို့ပြ၏မွန်းကျပ်မှုဒဏ်ကို ခံစားနေရသူများအတွက် ဆိုင်ကယ်မောင်းနှင်ကာ ခရီးထွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင်အလှအပများကို တိုက်ရိုက်ထိတွေ့ခံစားကာ စိတ်ပူပင်သောကများကို ဖြေဖျောက် နိုင်သည်။ တောတောင်ရေမြေ သဘာဝအလှတရားများကို ခံစားနိုင်ရန်အတွက် ဝါသနာတူအုပ်စုများဖွဲ့၍ ဆိုင်ကယ် မောင်းနှင်ကြသူများလည်း ရှိလာသည်။  အားလပ်ချိန်များတွင် လတ်ဆတ်သော လေကောင်း လေသန့်ရနိုင်မည့် မိမိအတွက်စိတ်ခံစားမှု အသစ်အဆန်းများကို ပေးစွမ်းနိုင်မည့်နေရာဒေသတစ်ခုသို့ ဆိုင်ကယ်လေးတစ်စီးဖြင့် ခရီးထွက်ခြင်းအားဖြင့် စိတ်လှုပ်ရှားပျော်ရွှင်မှုများကို ခံစားရနိုင်သည်။ ဆိုင်ကယ်မောင်းနှင်ရင်း သဘာဝအလှအပတရားများကို စိတ်လှုပ်ရှားရင်ခုန်စွာ ခံစားနေစဉ်တွင်  ခန္ဓာကိုယ်အတွင်း  လန်းဆန်းတက်ကြွမှုကို ပေးစွမ်းနိုင်မည့် dopamine၊  oxytocin၊ endorphin၊ serotonin ၊adrenaline စသည့် ဟော်မုန်းများ ထွက်ရှိနိုင်သဖြင့် ဆိုင်ကယ်မောင်းနှင်ခြင်းဖြင့်  ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်သည်။ ဆေးပညာရပ်ဆိုင်ရာ လေ့လာမှုများအရ မော်တော် ဆိုင်ကယ်တစ်နာရီခန့် မောင်းနှင်ခြင်းဖြင့် ကယ်လိုရီ  ၂၀၀ မှ  ၃၀၀ ခန့်အထိ လောင်ကျွမ်းနိုင်သည် ဟုလည်း  သိရသဖြင့် ကျန်းမာရေးအတွက်လည်း   အထောက်အပံ့ဖြစ်နိုင်သည်။

ပျော်ပျော်ရွှင်ရွှင်စီးစေချင်

မိမိ၏ လူနေမှုဘဝ အဆင်ပြေလှပစေရေးအတွက် ဆိုင်ကယ်မောင်းနှင်ကာ နေ့စဉ်သွားလာနေထိုင်ကြ ရသူများအတွက် ပျော်ပျော်ရွှင်ရွှင်ဖြင့် အန္တရာယ်ကင်းကင်း မောင်းနှင်ဖို့ကလည်း အရေးကြီးသည်။ သဘာဝတရားနှင့် မောင်းနှင်သူတို့အကြား အတားအဆီးမရှိ  လွတ်လပ်စွာထိတွေ့နိုင်သည်ဆိုသည့် အချက်သည်  သတိထားဆင်ခြင်မှုမရှိပါက  မိမိ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်သည် အထိ ဖြစ်တတ်သည်။ ဆိုင်ကယ်မောင်းနှင်ခြင်းဖြင့် ပျော်ရွှင်ခြင်းကိုအပြည့်အဝခံစားကာ လိုရာခရီးရောက်ရှိ နိုင်ဖို့အတွက် သတိပြုအပ်သည့် အရာများအနက် လုံခြုံစိတ်ချရပြီး အရည်အသွေးကောင်းမွန်သော ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ရန်ကလည်း အလွန်အရေးကြီးသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကထုတ်ပြန်သည့် Global Status Report on road safety – 2023 အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်အတွင်း Road Accident ကြောင့် သေဆုံးသူ ၁ ဒသမ ၁၉ သန်းခန့်ရှိပြီး ၂၁ ရာခိုင်နှုန်းခန့်သည် မော်တော်ဆိုင်ကယ်မတော်တဆမှုများကြောင့်ဖြစ်ရသည်ဟု သိရသည်။ ဆိုင်ကယ် မတော်တဆဖြစ်မှုများကြောင့် သေဆုံးမှုအများစုမှာ ဆိုင်ကယ်စီးဦးထုပ် မဆောင်းထားခြင်းကြောင့်  ဦးခေါင်းထိခိုက်ဒဏ်ရာရကာ သေဆုံးရသည်က များသည်ဟု သိရသည်။ အရည်အသွေးပြည့်ဝသော ဆိုင်ကယ်စီးဦးထုပ်များဆောင်း၍ မောင်းနှင်ခြင်းက သေဆုံးနိုင်ခြေကို ၆ ရာခိုင်နှုန်းကျော်လျှော့ချနိုင်ပြီး ဦးနှောက်ထိခိုက်မှုကို ၇၄ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်သည်ဟုသိရသည်။ မိမိအတွက် အသက် အန္တရာယ်ကို ကာကွယ်ပေးနိုင်သည့် ဆိုင်ကယ်စီးဦးထုပ်ကို မော်တော်ဆိုင်ကယ်မောင်းနှင်သည့်  အချိန်တိုင်း ဆောင်းထားရန် သင့်ပေသည်။

စိုးရိမ်၍ပြောသောစကား

ကမ္ဘာပေါ်တွင် မော်တော်ဆိုင်ကယ်မတော်တဆမှုကြောင့် သေဆုံးရသူများတွင် အသက် ၂၅ နှစ်မှ ၂၉ နှစ်အကြား အရွယ်များက အများဆုံးဖြစ်ပြီး ဆိုင်ကယ်စီး ဦးထုပ်မဆောင်းကြ၍သာ ဖြစ်ကြသည်က များသည်ဟုသိရသည်။ မြန်မာနိုင်ငံတွင်လည်း မော်တော်ဆိုင်ကယ်မောင်းနှင်သူများ ပိုမိုများပြားလာ သည်ကိုတွေ့ရပြီး မော်တော်ဆိုင်ကယ် မတော်တဆမှုများကိုလည်း လမ်းမများထက်တွင် မကြာခဏ တွေ့မြင်နေကြရသည်။ ၂၀၁၈ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုဖြစ်စဉ်များ၏ ၄၉ ရာခိုင်နှုန်းသည် မော်တော်ဆိုင် ကယ်မတော်တဆမှုများဖြစ်နေပြီး သေဆုံးသူ ၂၄၀၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၀၀၀ နီးပါးရှိသည်ဟု သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်များတွင် လူ့ပယောဂကြောင့် ဖြစ်ပွားရသည့် ယာဉ်တိုက်မှုက ၉၄ ရာခိုင်နှုန်းခန့်ပါဝင်နေသည်ကို တွေ့ရသဖြင့် မော်တော်ဆိုင်ကယ် မောင်းနှင်သူများ အနေဖြင့် သတိပြုဆင်ခြင်သင့်သည့် အချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများက အသိပညာပေး ဆောင်ရွက်နေကြခြင်းပင် ဖြစ်သည်။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး နိုင်ငံအများစုတွင်  နှစ်စဉ် GDP  ၏  ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ  ဆုံးရှုံးနေရသည်ကို တွေ့ရသည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှုများမှသည် လမ်းမများထက် တွင် မော်တော်ဆိုင်ကယ်မောင်းနှင်သူများကို မော်တော်ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ ပေးနေ သည်အထိ  သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်နေသည်ကိုတွေ့ရသည်။  မော်တော်ဆိုင်ကယ် စီးဦးထုပ်မဆောင်းဘဲ မောင်းနှင်၍ တာဝန်ရှိသူက အသိပညာပေး ပြောဆိုသည့်အခါတွင် စိတ်အခန့် မသင့် ဖြစ်ကြရန်မလိုပေ။ မိမိ၏အသက်အတွက် အချိန်ကုန် လူပင်ပန်းခံ၍ လမ်းမများထက်တွင် မိုးရွာရွာနေပူပူ ရာသီဥတုဒဏ်ကိုခံကာ စိုးရိမ်ပူပန်မှုနှင့်အတူ တာဝန်အရပြောနေကြသည့်စကားများကို  နားဝင်ကြရန်သာလိုသည်။

ဥပဒေနှင့်အညီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်  မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်း ဥပဒေများကို ထုတ်ပြန်ခဲ့သည်။ မော်တော်ဆိုင်ကယ် မောင်းနှင်သူများ လိုက်နာရမည့်အချက်များအဖြစ် နည်းဥပဒေ ၃၂၁ (က)တွင်"မှတ်ပုံတင်ထားသော မော်တော်ဆိုင်ကယ်ကိုသာ မောင်းနှင်ရမည်"၊ နည်းဥပဒေ ၃၂၁(ဇ)တွင် "မော်တော်ဆိုင်ကယ် မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူသည် သတ်မှတ်ထားသော စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် အသက် အန္တရာယ်ကာကွယ်နိုင်စွမ်းမြင့်မားသော မော်တော် ဆိုင်ကယ်စီးဦးထုပ်ကို  မေးသိုင်းကြိုးသေချာစွာ တပ်ဆင်၍ ဆောင်းထားရမည်”ဟု ပါရှိကြောင်း ဆင်ခြင်နိုင်ရန်အတွက် တင်ပြရခြင်းဖြစ်သည်။

အချို့သော မော်တော်ဆိုင်ကယ် မောင်းနှင်သူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းကြ သော်လည်း  မေးသိုင်းကြိုးကို စနစ်တကျတပ်ဆင် အသုံးပြုကြခြင်းမရှိပေ။ ဆိုင်ကယ်စီးဦးထုပ်ဆောင်း ထားသော်လည်း မေးသိုင်းကြိုး တပ်ဆင်ထားခြင်းမရှိပါက မတော်တဆဖြစ်ချိန်တွင် ဦးထုပ်ကလွင့်စဉ် ထွက်သွားနိုင်ပြီး မိမိဦးခေါင်းမှာ အကာအကွယ်မရှိသကဲ့သို့ ဖြစ်သွားပြီး ထိခိုက်ဒဏ်ရာရနိုင်သဖြင့် မေးသိုင်းကြိုးကို စနစ်တကျတပ်ဆင် အသုံးပြုရန် တိုက်တွန်းလိုသည်။ ၂၀၂၀ ပြည့်နှစ် မေလ ၂၆ ရက် နေ့တွင် ပြဋ္ဌာန်းခဲ့သည့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၇၆ (ဂ)အရ ကိုယ်တိုင်ဖြစ်စေ၊ လိုက်ပါစီးနင်းသူကို ဖြစ်စေသတ်မှတ်ထားသော စံချိန်စံညွှန်းနှင့် ကိုက်ညီ သည့်ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာစွာတပ်ဆင်၍ ဆောင်းခြင်းမပြုဘဲ မော်တော်ဆိုင် ကယ်ကို မောင်းနှင်ခြင်းမပြုရ။ ဆိုင်ကယ်စီးဦးထုပ်ကို မေးသိုင်းကြိုးသေချာတပ်ဆင်၍ ဆောင်းထား ခြင်းမရှိပါက ပုဒ်မ ၈၇ အရ သုံးသောင်းကျပ်ထက်မပိုသော ဒဏ်ငွေကို ချမှတ်ခြင်းခံရနိုင်သည်။

အန္တရာယ်ကင်းစွာမောင်းနှင်ပါ

ဆိုင်ကယ်မောင်းနှင်သူများအနက် လူငယ်အချို့မှ တစ်ခါတစ်ရံ အများပြည်သူ အသုံးပြုနေသည့် လမ်းမထက်တွင် ဆိုင်ကယ်များကို သတ်မှတ်မိုင်နှုန်းထက်ပိုကာ ဆူညံစွာ မောင်းနှင်တတ်ကြသည်။  ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုနည်းဥပဒေများ၊ နည်းဥပဒေ ၃၂၁ (ည)တွင် "မော်တော်ဆိုင်ကယ်၏ စက်သံကို ဆူညံအောင်မြှင့်၍ မမောင်းရ၊အသံထိန်းကိရိယာဖြုတ်၍  မမောင်းရ၊  ဆူညံသံဖြစ်ပေါ်စေသည့် ကိရိယာမတပ်ဆင်ရ"။ နည်းဥပဒေ ၃၂၁ (ဋ)တွင် "မော်တော်ဆိုင်ကယ်ကို  အန္တရာယ်ဖြစ်စေလောက်အောင် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းမပြုရ" ဟု တားမြစ်ထားသည်ကို သတိပြု ဆင်ခြင်သင့်သည်။

လမ်းမထက်တွင် မိမိ၏ မဆင်မခြင်မောင်းနှင်မှုကြောင့် အခြားသူများကိုပါ ထိခိုက်စေနိုင်သည့်အတွက်   သတ်မှတ်မိုင်နှုန်းများအတိုင်း စနစ်တကျမောင်းနှင်ခြင်းဖြင့် လိုရာခရီးသို့ အန္တရာယ်ကင်းစွာ ရောက်ရှိ နိုင်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ မိမိ၏လိုရာခရီးသို့ ရောက်ရှိနိုင်ရေးအတွက် မော်တော်ဆိုင်ကယ်မောင်းနှင်၍ သွားကြရသူများအနေဖြင့် သတ်မှတ် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီသာ မောင်းနှင် ကြမည်ဆိုပါက လိုရာခရီးသို့ ပျော်ရွှင်ချမ်းမြေ့စွာ ရောက်ရှိနိုင်မည်ဖြစ်သည်။ မော်တော်ဆိုင်ကယ် မောင်းနှင်စဉ်တွင် မဆင်မခြင်မောင်းနှင်မိ၍ ယာဉ်မတော်တဆမှုကို ဖြစ်ပေါ်စေသည့်အခါ မိမိအပါအဝင် အခြားသူများအတွက် ဆိုးကျိုးများကိုသာ ဖြစ်ပေါ်စေသဖြင့် အန္တရာယ်ကင်းစွာ မောင်းနှင်ကြရန်    တိုက်တွန်း လိုသည်။ ယာဉ်မတော်တဆမှုဆိုသည်မှာ လူပယောဂကြောင့်သာဖြစ်ရခြင်းမျိုးမဟုတ်ဘဲ   လမ်းအနေအထား၊ ရာသီဥတု၊ ပတ်ဝန်းကျင် စသည့်အခြားအကြောင်းအရာများကြောင့် မမျှော်လင့်ဘဲ ဖြစ်ရသည်ကလည်း ရှိတတ်သဖြင့် ဆိုင်ကယ်ချစ်သူ၊ ဆိုင်ကယ်မြတ်နိုးသူ၊ ဆိုင်ကယ်ဖြင့် နေ့စဉ် လှုပ်ရှားရုန်းကန်နေရသူများအနေဖြင့် အသက်အန္တရာယ်ကို ကာကွယ်နိုင်စေဖို့ ဆိုင်ကယ်စီး ဦးထုပ်များ ကို စနစ်တကျ မေးသိုင်းကြိုးတပ်ဆင်၍ ဆောင်းထားကြပါစို့ဟု တိုက်တွန်းရေးသား တင်ပြလိုက် ရပါသည်။    ။

လင်းလက်