အရှေ့အလယ်ပိုင်းကစမယ့် စစ်ကြီးဆီကို ကမ္ဘာကြီးကဦးတည်နေပြီလား

အရှေ့အလယ်ပိုင်းကစမယ့် စစ်ကြီးဆီကို ကမ္ဘာကြီးကဦးတည်နေပြီလား

နေ့ရက်များက တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလွန်မြောက်လာလေပြီ။ ဒီလိုလွန်မြောက်လာမှုနှင့်အတူ အရှေ့အလယ်ပိုင်းဒေသသည်လည်း မီးကုန်ယမ်းကုန်ဖြစ်ပွားမည့် စစ်ပွဲကြီးဆီသို့ တရွေ့ရွေ့ချဉ်းကပ် လာနေသည်။ ဒီအခြေအနေဆိုးကြီးထဲမှာ ဒေသတွင်းအင်အားကြီးနိုင်ငံများက ထဲထဲဝင်ဝင် ပါဝင်ပတ် သက်နေသည်။ သူတို့၏ အတွင်းအပြင်ဖိအားများက အဲဒီဒေသကြီး တစ်ခုလုံးကို ငြိမ်းချမ်းရေးနှင့် ဝေးရာ ဆီသို့ တွန်းပို့နေသည်ဟုပင် ဆိုနိုင်သည်။

အရှေ့အလယ်ပိုင်းတွင် လက်ရှိဖြစ်ပွားနေသည့်အခြေအနေများအားလုံးက ပြီးခဲ့သည့်နှစ် အောက်တိုဘာ လ ၇ ရက်တွင် ဖြစ်ပွားသော ဟားမက်တို့က အစ္စရေးတို့ အပေါ်လုပ်လိုက်သည့် ရုတ်ခြည်းတိုက်ခိုက်မှု၊ အစ္စရေးက ဟားမက်တို့အပေါ် ရက်ရက် စက်စက်ချေမှုန်းမှုတို့နှင့် ဆက်စပ်နေသည်ကိုစာရှုသူအပေါင်း သိရှိထားပြီးဖြစ်သည်။ သို့ပေသော်ငြား သူ့ရဲ့အကြောင်းရင်းခံကိုတော့ နည်းနည်းပြောပြချင်သေးသည်။

ပါလက်စတိုင်းတို့က ၁၉၆၇ ခုနှစ်တွင် သတ်မှတ်ထားသည့် နယ်စပ်စည်းများရရှိ ရေးကို အဆက်မပြတ် တောင်းဆိုလာကာ အရှေ့ဂျေရုဆလင်ကို သူတို့၏မြို့တော် အဖြစ်သတ်မှတ်မည့် ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ရေးကို ကြိုးစားလာသည်။ ဒါကို အစ္စရေးက ဘယ်လိုနည်းနှင့်မျှသဘောမတူ နိုင်ပေ။    ဒီလိုကြောင့်ပဲ သူတို့ကြားမှာတင်းမာမှုများက ပိုမိုမြင့်တက်လာကာ သံတမန်ရေးအရ ဖြေရှင်းမှု များအား လုံးကလည်း သဲထဲရေသွန်သကဲ့သို့ အဟောသိကံသာ ဖြစ်သွားရသည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နိုင်ငံမှ တာဝန်ရှိသူအချို့က လက်ရှိ အခြေအနေကို ပြေလည်စေနိုင်ဖို့အတွက် အပစ်အခတ်ရပ်စဲရေးက အလွန်ပင်အရေး ကြီးသည်ဟုထုတ်ပြန်လာသည်။ ဒီလိုမျိုး ထုတ်ပြန်မှုများက အပြုသဘောဆောင် သလိုရှိပေမယ့် နောက်ကွယ်မှာရှိနေသော အကြောင်း တရားများကတော့ သူတို့ပြော နေသလိုမျိုး ငြိမ်းချမ်းရေးကိုမဆိုထားဘိ။ အပစ်အခတ် ရပ်စဲရေးရ ဖို့ပင်လျှင် လမ်းစ ကခပ်မှိန်မှိန်ဖြစ်နေသည်။

ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့် အီရန်နိုင်ငံက အစ္စရေးတို့၏စိန်ခေါ်သည့် လုပ်ရပ်အဖြစ် သတ်မှတ် နိုင်သော အီရန်မြေ ပေါ်မှာ အီရန်တို့၏ မဟာမိတ်ဖြစ်သည့် ဟားမက်အဖွဲ့၏ နိုင်ငံရေး ခေါင်းဆောင်ကို လုပ်ကြံလိုက်ခြင်းအပေါ် လက်စားချေရန် ကျန်နေသေးသည်။ တစ်နေ့နေ့တော့ဒီလို လက်စားချေမှုကို လုပ်လာနိုင်သောကြောင့်အစ္စရေးတို့က မျှော်တလင့်လင့်ဖြင့် အသင့်ပြင်ထားရသည်။  ဒီလိုအခြေအနေမျိုးကပင် အစ္စရေးတို့ကို လက်စားချေနည်း တစ်ခုဖြစ်သည်ဟု အီရန်ကပြောထားသည်။

နောက်တစ်ခုက ဒေသတွင်းနှင့်ဒေသ အပြင်ဘက်ရှိ အင်အားကြီးနိုင်ငံတချို့၏ အဖျက်သဘော ဆောင် လွှမ်းမိုးမှုများကလည်း အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ ပြည်သူထောင်ပေါင်းများစွာ၏ အသက် အိုးအိမ်စည်းစိမ်တို့ကို အချိန်အခါမရွေး ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ ဒီလိုသာဖြစ်လာရင် နိုင်ငံများစွာ ပြိုလဲပြီး ကမ္ဘာကြီး တစ်ခုလုံးကိုဒုက္ခရောက်စေမည့် ဆိုးကျိုး များကိုသာ ဖြစ်ပေါ်လာစေမည်ဖြစ်သည်။

ဒီသီတင်းပတ်ထဲမှာပင် ရုရှားနိုင်ငံခြား ရေးဝန်ကြီး ဆာဂျီလက်ရော့က သတင်း စာရှင်းလင်းပွဲတစ်ခုတွင် အတိအလင်းပြော ထားတာတစ်ခုရှိသည်။ သူပြောထားသည့် အတိုင်းပြန်ပြောရလျှင်  “ အရှေ့အလယ် ပိုင်းအရေးမှာပါဝင်နေတဲ့ တချို့နိုင်ငံတွေ က အဲဒီပဋိပက္ခကြီးပြေလည်သွားမှာကို မလိုလားကြပါဘူး။ သူတို့က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ရန်ဖြစ်နေကြဖို့ကိုပဲ လိုလားကြ တာပါ။ အဓိကကတော့ ကမ္ဘာ့နိုင်ငံရေး လောကမှာ အလှည့်အပြောင်းများစွာဖြစ် လာစေဖို့ပါပဲ။ ဒါကြောင့်လည်း ဒီအရေးမှာ ပါဝင်ကြသူ တချို့ဟာ သူတို့ရဲ့နိုင်ငံရေး ရည်မှန်းချက်များရရှိစေဖို့အတွက် ဆူပူမှု တွေကိုသာ ရည်ရွယ်ချက် ရှိရှိ ဖန်တီးနေကြ တာဖြစ်ပါတယ်”ဟု ပြောထားခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းအရေးက သူချည်း သက်သက်တော့ဖြစ်နေခြင်းမရှိဘဲ ကျန်နိုင်ငံ များ၏ နိုင်ငံရေး ဖြစ်စဉ်များနှင့်ဆက်စပ် နေသည်။ ဥပမာအားဖြင့် မကြာခင်ကာလမှာ အမေရိကန်နိုင်ငံ၌ သမ္မတ ရွေးကောက် ပွဲကျင်းပဖို့ရှိသည်။ ဒီအချိန်မှာ အစ္စရေး အစိုးရက အမေရိကန်တို့၏ မူဝါဒပြောင်း လဲစေရေး ကို မျှော်လင့်နေသည်။ မည်သည့် အတွက်ကြောင့်လဲဆိုလျှင် သူ့အနေဖြင့် ဂါဇာအပေါ် လုပ်နေသည့် တိုက်ခိုက်မှုများ အတွက် နိုင်ငံတကာ၏ ဖိအားများလျော့ ပါးလာစေဖို့အတွက် ဖြစ်သည်။ ဒီလိုမျိုး မျှော်လင့်ချက်ကြောင့်ပင် အရှေ့အလယ် ပိုင်းဒေသ၌ ငြိမ်းချမ်းရေးအတွက်အဖြေ တစ်ခုရဖို့အရေးကို နှောင့်နှေးနေစေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတုန်းက နိုင်ငံတကာ၏ အကူအညီဖြင့် အစ္စရေးနှင့် ဟားမက်တို့ကြား ဆွေးနွေးမှုများ လုပ်ကြသေးသည်။ ဒီဆွေးနွေးပွဲက အပြုသဘော ဆောင်သောရလဒ်ရရှိသည်ဟု ဘယ်လိုပင် ဆိုဆို လက်တွေ့မှာတော့ အပစ်အခတ် ရပ်စဲရေးပင် မရနိုင်ခဲ့ပေ။ ဒီအခြေအနေက ဘာကိုဖော်ပြနေသလဲဟုဆိုလျှင် ပဋိပက္ခ တွင်ပါဝင်သောအဖွဲ့များက ငြိမ်းချမ်းရေးအတွက် အသင့်မဖြစ် သေးသောကြောင့်ပင် ဖြစ်သည်။

ဒီအချိန်မှာ အီရန်က ဘာကြောင့်များ အစ္စရေးအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှု မလုပ်သေးတာလဲဆိုသည့် မေးခွန်းမေးစရာရှိသေးသည်။ အီရန်ခေါင်းဆောင်များ အနေဖြင့် သူတို့သာ အစ္စရေးအပေါ်လက် တုံ့ပြန် တိုက်ခိုက်မှုလုပ်လိုက်ပါက မပြီးဆုံးနိုင်သော နောက်ဆက်တွဲအကျိုးဆက်များ ဖြစ်ပေါ်လာမည်ကို အတိုင်းသားသိမြင်နေသည်ဟု ဆိုရမည်ဖြစ်သည်။ လက်ရှိ အရှေ့အလယ်ပိုင်း အခြေအနေက မီးကုန် ယမ်းကုန်စစ်ပွဲကြီး   ဖြစ်ပွားစေဖို့ကို လက်တစ်ကမ်းအလို ရောက်နေပြီဖြစ်သည်။ ဒီအချိန်မှာ အီရန်က   စစ်ပွဲကြီးအတွက် ကမ်းမည့်လက်ကို သူ့လက်တော့အဖြစ်မခံနိုင်ပေ။

ထို့ပြင် အီရန်နိုင်ငံအနေဖြင့် သူ၏ပြည် တွင်းရေးကိစ္စများကို ရင်ဆိုင်နေရသည့် အချိန်ဖြစ်သည်။ အီရန်၏ စီးပွားရေးက စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရသည်။ ငွေ ကြေးဖောင်းပွမှုက ၄၀ ရာခိုင်နှုန်း၊ အလုပ် လက်မဲ့ နှုန်းက ၁၅ ရာခိုင်နှုန်းမြင့်တက်လာ ပြီး ငွေကြေးတန်ဖိုးက ဆက်လက်ကျဆင်း နေသည်။ ဒီလိုအခြေ အနေကြောင့်လည်း အီရန်က အစ္စရေးနှင့်စစ်ဖြစ်ရန်မလိုလား သေးခြင်းဖြစ်သည်။ အကယ်၍ အီရန်က စစ်ဖြစ်ဖို့ကိုမရွေးဘဲ ယာယီလက်ရှောင် နေလိုက်ချိန်တွင် အရှေ့အလယ်ပိုင်းဒေသ ကငြိမ်းချမ်းရေး ရသွားပြီဆိုလျှင် နေရင်း ထိုင်ရင်းနှင့်ပင် ဒီအရေးမှာအီရန်တို့ဝင်မပါ ခြင်းကြောင့် မြန်မြန်ဆန်ဆန် ငြိမ်းချမ်းရေး ရသွားခြင်းဟု နိုင်ငံတကာအမြင်မှာ တင့်တယ်နေဦးမည်ဖြစ်သည်။

အစ္စရေးဘက်ကနေ ပြန်ကြည့်မည်ဆို ပါလျှင် နေတန်ယာဟု၏ အစိုးရဆိုသည် မှာပြည်တွင်း တွင်သာမက ပြည်ပ၏ဖိအား များနှင့်လည်းရင်ဆိုင်နေရသည်။ သူ့အပေါ် အမြဲတစေထောက်ခံခဲ့သော အမေရိကန် နိုင်ငံပင်လျှင် အခုအချိန်မှာ သူ့ကိုထောက် ခံမှုလျော့ကျလာနေပြီဖြစ်သည့်အတွက် နေတန်ယာဟုကတော့ ပဋိပက္ခဖြစ်ရေးလမ်း ကိုသာ ဆက်လက်လျှောက်လှမ်းနေမည် ဖြစ်သည်။ ဒီအချိန်မှာ ဂါဇာစစ်ဆင်ရေးကို သာရပ်တန့်လိုက်ပါက သူ၏အစိုးရအဖွဲ့ အပေါ် နိုင်ငံရေးအရ ပေါက်ကွဲမှုက မလွဲ မသွေဖြစ်လာနိုင်သည်။

ဒါကြောင့်လည်း နေတန်ယာဟုအနေ ဖြင့် လက်ရှိအမေရိကန်သမ္မတနေရာတွင် ဒေါ်နယ်ထရမ့်ကို  ဝင်လာစေချင်သည်။ ထရမ့်သာဆိုလျှင် အမေရိကန်နှင့် အီရန်တို့ ၏ဆက်ဆံရေးတင်းမာစေမည်။ အစ္စရေး နှင့်အာရပ်နိုင်ငံများကြား ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်မည်။ ဒီအခြေ အနေများက နေတန်ယာဟုကို ဒေသတွင်းတွင် နာမည်ကောင်းရစေမည် ဖြစ်သည်။

အစ္စရေးအနေဖြင့် ဟားမက်တို့နှင့်သာ တိုက်ခိုက်နေရသည်မဟုတ်။ လက်ဘနွန် ရှိ ဟစ်ဇဘိုလာ တို့နှင့်လည်း တိုက်ခိုက်နေရပြန်သည်။ ထို့ပြင် တော်လှန်ရေး မဟာမိတ်အဖွဲ့၏ ရန်ကိုလည်း ကြည့်နေ ရသေးသည်။ ဒီအချိန်မှာ အစ္စရေးနိုင်ငံက အင်အားတောင့်တင်းခိုင်မာမှုကို ပြသနိုင်မှသာ သူ၏ အကျိုးစီးပွားကို ခိုင်မာစေမည်ဖြစ်သည်။ ဒီအတွက် နေတန်ယာဟုက အမေရိကန်၏ ငွေကြေးအရ သာမက စစ်ရေးအရပါ ထောက်ပံ့မှု လိုအပ်နေသည်။

ဒါကြောင့်ပင်  အစ္စရေးက ပဋိပက္ခလမ်းကိုဆက်လက် လျှောက်လှမ်းဖို့ရွေးချယ်လိုက်ရခြင်းဖြစ်သည်။

လက်ရှိအချိန်မှာတော့ အရှေ့အလယ် ပိုင်းပြဿနာက ကြီးထွားမြဲကြီးထွားနေ ဆဲပင်။ ထိုပြဿနာကို သံတမန်ရေးနည်း ဖြင့်ဖြေရှင်းဖို့ဆိုသည်မှာလည်း ဘယ်ဘက် ကမှအလျှော့မပေးလိုသည့် အတားအဆီး များစွာနှင့်ရင်ဆိုင်နေရသည်။ ဒီလိုအခြေ အနေကြီးတစ်ခုလုံးက ကမ္ဘာ့နိုင်ငံရေးကို ပြောင်းလဲစေမည့် အစိတ်အပိုင်းကြီး တစ်ခုဖြစ်မှန်း မသိဖြစ်လာနေသည်။ ကမ္ဘာကြီး၏ အခြားနေရာများမှာလည်း ပဋိပက္ခများ စွာဖြစ်ပွားနေသေးသည်။ သို့သော် အရှေ့ အလယ်ပိုင်းအရေးလောက်တော့ မဆိုးဟု ပြောရ မည်ဖြစ်သည်။ ဒါကြောင့် အရှေ့ အလယ်ပိုင်းဒေသသည် အချိန်မရွေးပေါက် ကွဲနိုင်သည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်မှန်းမသိ ဖြစ်လာနေသည်။ ဒီအချိန်မှာ ကျွန်တော်တို့ ကမ္ဘာကြီးက အရှေ့အလယ်ပိုင်းကစမယ့် စစ်ပွဲကြီးဆီကို ဦးတည်နေပြီလားဆိုတာ အမြဲမပြတ် စောင့်ကြည့်နေရတော့မှာဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။

Ref: RT

ထက်မြတ်