သီတဂူစက္ခုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှု ခံယူထားသူများအား ပြန်လည်ကြည့်ရှုစစ်ဆေး

သီတဂူစက္ခုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှု ခံယူထားသူများအား ပြန်လည်ကြည့်ရှုစစ်ဆေး

ရန်ကုန်    ဩဂုတ်    ၃၁

သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိသောဠသမ ရွှေကျင်သာသနာပိုင် သီတဂူ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ ဆရာတော်ကြီး၏ ဩဝါဒကိုခံယူ၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ပင်လုံလမ်းရှိ သီတဂူစက္ခုဒါန ဆေးရုံတော်၌ သတ္တမအကြိမ်မြောက် မျက်စိ ဝေဒနာရှင်များကို   အခမဲ့စမ်းသပ်၊ စစ်ဆေး၊ ခွဲစိတ်ကုသပေးခြင်းကို သြဂုတ်လ ၂၄ ရက်၊ ၂၅ ရက်၊  ၂၆ ရက်တို့တွင်ဆောင်ရွက်ခဲ့ရာ ခွဲစိတ်ကုသမှုခံယူထားသူ ၂၃၀ ဦးအား မျက်စိအထူးကု ဆရာဝန်ကြီးများက ယနေ့နံနက် ၇နာရီတွင် ပြန်လည်ကြည့်ရှု စစ်ဆေးပေးခဲ့သည်။

ယင်းသို့ကြည့်ရှုစစ်ဆေးရာတွင် သတ္တမ အကြိမ်မြောက် မျက်စိအခမဲ့ခွဲစိတ်မှုခံယူထားသူများကို   အမြင် အာရုံကောင်းမကောင်း  ခွဲစိတ်ထားတဲ့သူတွေ မျက်စိအောင့်ခြင်း ရှိ၊ မရှိတို့ကို အထူးကု ဆရာဝန်ကြီး များက စစ်ဆေးပေးပြီးလိုအပ်သည့် ဆေးဝါးထုတ်ပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြသည်။

သီတဂူဆရာတော်ကြီးသည်  ၁၉၉၀ပြည့်နှစ် မတ်လ ၁၀ ရက်တွင် စစ်ကိုင်း တောင်ရိုး၌ သီတဂူ အာယုဒါနဆေးရုံတော် ကိုစတင်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါတွင် သီတဂူ ဆေးရုံတော်များကို တိုင်းနှင့် ပြည်နယ်များတွင် ဖွင့်လှစ်ပေးခဲ့ရာ ဆေးရုံတော်ပေါင်း  ၄၄ ရုံအထိဖွင့်လှစ်ခဲ့ပြီး မျက်စိဝေဒနာရှင်ပေါင်း နှစ်သန်းကျော်ကို ကြည့်ရှုပေးခဲ့ပြီး ငါးသိန်းခန့်ကို မျက်စိအလင်းအလှူပေးနိုင်ခဲ့ ကြောင်းနှင့် ရှစ်ကြိမ် မြောက်တွင် မျက်စိ အခမဲ့စမ်းသပ်၊ စစ်ဆေးခွဲစိတ်ကုသမှုများ ကိုခံယူလိုသည့် မျက်စိဝေဒနာရှင် များ အနေ ဖြင့်လည်း စက်တင်ဘာလ ပထမပတ်တွင် စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။                                  

လင်းခန့်

Dates: 
Sunday, September 1, 2024 - 15:16