ပရီးမီးယားလိဂ်ပွဲစဉ်(၃) စပိန်လာလီဂါပွဲစဉ်(၄)နှင့် အီတလီစီးရီးအေပွဲစဉ်(၃)ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၃) စပိန်လာလီဂါပွဲစဉ်(၄)နှင့် အီတလီစီးရီးအေပွဲစဉ်(၃)ပွဲကြိုသုံးသပ်ချက်

‌         

ကစားမည့်ရက်/အချိန်

(၁-၉-၂၀၂၄ ည ၉:၃၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          မန်ယူ ၀       -        ၃       လီဗာပူး

          မန်ယူ ၂        -        ၂        လီဗာပူး

          မန်ယူ ၃       -        ၃       လီဗာပူး

             နောက်ဆုံးကစားသည့်သုံးပွဲအနိုင်၊ အရှုံးရလဒ်

မန်ယူ ဝေး(သရေ)  အိမ်(နိုင်)      ‌ဝေး(နိုင်)

‌လီဗာပူး        အိမ်(သရေ)  ‌ဝေး(နိုင်)      အိမ်(နိုင်)

‌မန်ယူအသင်းအတွက် တိုက်စစ်ပိုင်းမှာ အားနည်း ချက်တွေရှိနေပြီး အထောင်တိုက်စစ်ပိုင်းမှာ ဟိုက် လန်းဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ သွင်းဂိုးတွေ ရရှိဖို့ ခက်ခဲနေပြီး ရက်ရှ်ဖို့ဒ်ကလည်း ပုံမှန်ခြေစွမ်း ပျောက်ဆုံးနေတာက မန်ယူအသင်းအတွက် လိုအပ်ချက်တွေဖြစ်နေတာပါ။ ဒါ့ပြင် မန်ယူအသင်း ကွင်းလယ်ပိုင်းမှာ အသစ်ခေါ်ယူထားတဲ့ အူဂါတေး ပါဝင်နိုင်ဦးမှာမဟုတ်သလို နှစ်ပွဲဆက်ပါဝင်ခွင့် ရရှိထားတဲ့ မေဆင်မောင့်ကလည်း ဒဏ်ရာကြောင့် အနားယူရမှာဖြစ်လို့ မန်ယူအသင်းမှာ တိုက်စစ် ပိုင်းတင်မဟုတ်ဘဲ ကွင်းလယ်ပိုင်းမှာပါ လိုအပ်ချက်တွေရှိနေမှာပါ။  မန်ယူအသင်းက   ပြီးခဲ့တဲ့နှစ်ပွဲမှာ ခြေစွမ်းပိုင်းက အားရစရာမရှိဘဲ ဘရိုက်တန်အသင်းနဲ့ပွဲစဉ်မှာဆိုရင်လည်း ခံစစ်ပိုင်းက လိုအပ်ချက် တွေရှိနေတာ သိသာပါတယ်။ အခုကစားရမယ့်အသင်းကလည်း လီဗာပူးအသင်းဖြစ်နေလို့  ပိုပြီးခက်ခဲ နိုင်ပြီး  မန်ယူအသင်းအတွက်  အခုပွဲစဉ်မှာ အမြင့်ဆုံးမျှော်လင့်ချက်ကတော့ သရေရလဒ်ပါပဲ။

လီဗာပူးအသင်းကလည်း နည်းပြသစ်ဆလော့ လက်အောက်မှာလည်း ပုံစံကောင်းပြနေပြီး နှစ်ပွဲ ဆက်နိုင်ပွဲရယူထားသလို ခံစစ်ပိုင်းက ပေးဂိုးလုံးဝ မရှိတဲ့အထိ ကျစ်လျစ်မှုရှိနေသလို တိုက်စစ်ပိုင်းက လည်း လေးဂိုးရရှိထားလို့ မန်ယူအသင်းခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ လက်ရှိ ဒဏ်ရာရ ကစားသမားစာရင်းမှာလည်း လီဗာပူးအသင်းက စီဂျုန်းတစ်ဦးတည်းသာရှိနေလို့ ကစားသမား အင်အားပိုင်းတောင့်တင်းမှု အပြည့်ရှိနေပါတယ်။ လီဗာပူးအသင်းက မန်ယူအသင်းနဲ့ အနီးကပ်ဆုံး ကစားတဲ့ခြေစမ်းပွဲစဉ်မှာလည်း ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်ရှိ လီဗာပူးအသင်း တိုက်စစ်ပိုင်းမှာ ဆာလက်ချ်၊ ဒီယက်ဇ်၊ ဂျိုတာတို့အပြင် ဒါဝင်နူနက်စ်၊ ဂတ်ပိုစတဲ့ ကစားသမားတွေ လည်းရှိနေလို့ မန်ယူအသင်းထက် တိုက်စစ်ပိုင်းကတော့ အသာစီးမှာရှိနေပါတယ်။

ဒီနှစ်သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ မန်ယူ အသင်းက ၁၆ ကြိမ်အနိုင်ရရှိခဲ့ပြီး လီဗာပူးအသင်း ကတော့ ၁၃ ကြိမ်ပြန်လည်အနိုင်ရရှိခဲ့ကာ ၁၀ ကြိမ် သရေရလဒ်ထွက်ပေါ်ထားလို့ တွေ့ဆုံမှုပိုင်းကွာခြား မှုမရှိပါဘူး။ ဒါပေမဲ့ လက်ရှိဒဏ်ရာရကစားသမား စာရင်းကိုကြည့်မယ်ဆိုရင် လီဗာပူးအသင်းကတော့ စီဂျုန်းတစ်ဦးတည်းသာရှိနေပြီး မန်ယူအသင်းမှာတော့ အဓိက ကစားသမားအများစု ဒဏ်ရာရရှိ နေပါတယ်။ ဒါကြောင့် လက်ရှိခြေစွမ်းပိုင်း အသာစီးမှာရှိနေတဲ့ လီဗာပူးအသင်း ရလဒ်ကောင်းအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်- မန်ယူ  ၁ -   ၂       လီဗာပူး

 

ကစားမည့်ရက်/အချိန်

(၂ - ၉ - ၂၀၂၄ နံနက် ၂:၀၀ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

ရီးယဲလ်မက်ဒရစ်              ၀       -        ၀       ရီးယဲလ်ဘတ်တစ်

ရီးယဲလ်ဘတ်တစ်             ၁       -        ၁       ရီးယဲလ်မက်ဒရစ်

ရီးယဲလ်မက်ဒရစ်              ၀       -        ၀       ရီးယဲလ်ဘတ်တစ်

နောက်ဆုံးကစားသည့်သုံးပွဲအနိုင်၊ အရှုံးရလဒ်

ရီးယဲလ်မက်ဒရစ်    ဝေး(သရေ) အိမ်(နိုင်)      ဝေး(သရေ)

ရီးယဲလ်ဘတ်တစ်   ဝေး(နိုင်)     ဝေး(သရေ)  အိမ်(နိုင်)

‌‌ရီးယဲလ်မက်ဒရစ်အသင်းမှာ အသစ်ခေါ်ယူထား တဲ့တိုက်စစ်မှူး အမ်ဘတ်ပီ ဂိုးသွင်းယူနိုင်ခြင်းမရှိ သေးဘဲ ရုန်းကန်နေရတယ်ဆိုပေမယ့် ခြေစွမ်းပိုင်း ကတော့ အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ အမ်ဘတ်ပီ၊ ရိုဒရီဂို၊ ဗင်နီစီးယက်စ်တို့ဦးဆောင်နေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းတိုက်စစ်ပိုင်းကို ရီးယဲလ်ဘတ်တစ်အသင်း ခံစစ်ကစားသမားတွေ ပွဲချိန်ပြည့်ထိန်းချုပ်ဖို့အတွက်ကတော့ခက်ခဲနေမှာပါ။ လက်ရှိ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းကတော့ ရီးယဲလ်ဘတ်တစ် အသင်းကို အသာစီးရယူပြီး အနိုင်ရယူဖို့ခက်ခဲမှာ မဟုတ်ပါဘူး။ ရီးယဲလ်မက်ဒရစ်အသင်းမှာ    အသင်းတိုက်စစ်ပိုင်းက ကစားသမားတွေအပြင် ကွင်းလယ်ပိုင်းက ကစားသမားတွေကလည်း ဂိုးသွင်း အားရှိနေလို့  ရီးယဲလ်ဘတ်တစ်အသင်း   ခံစစ်ပိုင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်စွမ်းရှိမှာပါ။

ရီးယဲလ်ဘတ်တစ်အသင်းက ရီးယဲလ်မက်ဒရစ် အသင်းနဲ့တွေ့ဆုံခဲ့တဲ့ နောက်ဆုံးငါးပွဲမှာ ရီးယဲလ်မက် ဒရစ်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားနိုင်ခဲ့ပြီး လေးပွဲသရေရလဒ်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ကာ တစ်ကြိမ်သာရှုံးနိမ့်ထားတဲ့အထိ စွမ်းဆောင်ထား နိုင်ခဲ့တယ်ဆိုပေမယ့် လက်ရှိအခြေအနေအရတော့ ရီးယဲလ်မက်ဒရစ် အသင်းထက် နိမ့်ကျနေပါတယ်။ လက်ရှိ  ရီးယဲလ်ဘတ်တစ်အသင်းရဲ့  အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကလည်း အားရစရာမရှိဘဲ ရုန်းကန်နေရလို့ ရီးယဲလ်မက်ဒရစ်အသင်း တိုက်စစ်ပိုင်း ကို   ပွဲချိန်ပြည့်ထိန်းချုပ်ကစားနိုင်ဖို့ကတော့ခက်ခဲမှာပါ။

ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာ ရီးယဲလ်မက်ဒရစ် အသင်းက ၁၃ ကြိမ်အနိုင်ရရှိထားပြီး ရီးယဲလ်ဘတ် တစ်အသင်းကတော့ လေးကြိမ်သာပြန်လည်အနိုင် ရရှိခဲ့ကာ ခုနစ်ကြိမ်သရေရလဒ်ထွက်ပေါ်ထားပါ တယ်။ လက်ရှိခြေစွမ်းပိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာလည်း ရီးယဲလ်မက်ဒရစ်အသင်းက အသာစီးမှာ ရှိနေလို့ ဒီပွဲမှာ ရီးယဲလ်မက်ဒရစ်အသင်းရဲ့ အနိုင်ရလဒ်က သေချာနေပါတယ်။

ခန့်မှန်းရလဒ် -ရီးယဲလ်မက်ဒရစ် ၃- ၁ ရီးယဲလ်ဘတ်တစ်

         

ကစားမည့်ရက်/အချိန်

(၂-၉-၂၀၂၄ နံနက် ၁:၁၅ နာရီ)

နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ရိုးမား ၁       -        ၁       ဂျူဗင်တပ်စ်

          ဂျူဗင်တပ်စ်  ၁       -        ၀       ရိုးမား

          ရိုးမား ၁       -        ၀       ဂျူဗင်တပ်စ်

နောက်ဆုံးကစားသည့်သုံးပွဲအနိုင်၊ အရှုံးရလဒ်

ဂျူဗင်တပ်စ်  ဝေး(ရှုံး)       အိမ်(နိုင်)      ဝေး(နိုင်)

ရိုးမား ဝေး(သရေ)  ဝေး(သရေ)  အိမ်(ရှုံး)

‌နည်းပြသစ်မော်တာလက်အောက်မှာ ကစား ကွက်ရော  ရလဒ်ပိုင်းတွေပါ   တိုးတက်လာတဲ့ ဂျူဗင်တပ်စ် အသင်းက အိမ်ကွင်းမှာ  ရိုးမားအသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်မှာပါ။ ဂျူဗင်တပ်စ် အသင်းက နည်းပြမော်တာလက်အောက်မှာ စီးရီးအေနှစ်ပွဲကစားပြီးချိန်မှာ နှစ်ပွဲစလုံး အနိုင်ရရှိထား တဲ့အပြင်  အသင်းတိုက်စစ်ပိုင်းက ခြောက်ဂိုးရရှိထားတဲ့အထိ ခြေစွမ်းထက်မြက်နေတဲ့အပြင် ခံစစ်ပိုင်း ကလည်း တစ်ဂိုးမှမပေးထားရဘဲ ကျစ်လျစ်မှုရှိနေပါတယ်။ ဂျူဗင်တပ်စ်အသင်း တိုက်စစ်ပိုင်းမှာ    ဗလာဟိုဗစ်ချ် အကောင်းဆုံးခြေစွမ်းပြပြီး သွင်းဂိုးတွေသွင်းယူနေသလို အမ်ဘက်ဂလာကလည်း ခြေစွမ်းပြနေလို့ အမှားအယွင်းတွေများနေတဲ့ ရိုးမားအသင်းခံစစ်ပိုင်းကို အကောင်းဆုံး ဖိအားပေး ကစားနိုင်ပါလိမ့်မယ်။

ရိုးမားအသင်းကတော့    ဒီဘောလုံးရာသီမှာ ခြေစွမ်းပိုင်းအကျဘက်ကိုရောက်နေပြီး  ပြီးခဲ့တဲ့ နှစ်ပွဲဆက်   နိုင်ပွဲ ပျောက်ဆုံးခဲ့တဲ့အပြင် အမ်ပိုလီအသင်းကိုတောင် အိမ်ကွင်းမှာရှုံးနိမ့်တဲ့အထိ ခြေစွမ်းပိုင်း ကျဆင်းနေပါတယ်။ ရိုးမားအသင်းက အသင်းတိုက်စစ်ပိုင်းမှာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဂီရိုနာ အသင်းနဲ့ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့တဲ့  ဒေါ့ဘိုက်ကို  ခေါ်ယူထားတယ်ဆိုပေမယ့် ဒေါ့ဘိုက်ကလည်း အသင်းနဲ့ အတူ ခြေစွမ်းပြနိုင်ခြင်းမရှိသေးဘဲ ရုန်းကန်နေရပြီး အသင်းတိုက်စစ်ပိုင်းကလည်း နှစ်ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိ ရိုးမားအသင်းရဲ့ အဝေးကွင်းစွမ်းဆောင်ရည်ပိုင်းကလည်း ကျဆင်းနေလို့ ဂိုးသွင်းအားကောင်းနေတဲ့ ဗလာဟိုဗစ်ချ် ဦးဆောင်လာမယ့် ဂျူဗင်တပ်စ်အသင်း တိုက်စစ်ပိုင်းကို ခက်ခက်ခဲခဲ ထိန်းချုပ်ရဖွယ် ရှိနေပါတယ်။

ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာ ဂျူဗင်တပ်စ်အသင်းက ၁၇ ကြိမ်အနိုင်ရရှိထားကာ ရိုးမားအသင်းကတော့  ရှစ်ကြိမ်သာ   ပြန်လည်အနိုင်ရရှိခဲ့ပြီး   ရှစ်ကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။ လက်ရှိခြေစွမ်းပိုင်း အရ အသာစီးမှာရှိနေတဲ့ ဂျူဗင်တပ်စ်အသင်း ဒီပွဲမှာ ရလဒ်ကောင်းပါလိမ့်မယ်။

ခန့်မှန်းရလဒ်- ဂျူဗင်တပ်စ်    ၂ - ၀  ရိုးမား

 

          ချယ်လ်ဆီး   -        ခရစ္စတယ်ပဲလေ့စ်

          နယူးကာဆယ်        -        စပါး

 

 

          အလာဗက်   -        လက်စ်ပါးမက်စ်

          အိုဆာဆူနာ  -        ဆယ်တာဗီဂို

          ဆီဗီလာ       -        ဂီရိုနာ

          ဖီအိုရင်တီးနား        -        မွန်ဇာ

          ဂျီနိုအာ        -        ဗီရိုနာ

 

 

စည်သူအောင်

Dates: 
Sunday, September 1, 2024 - 15:37