ဆိတ်သားလည်းစား ဆိတ်နို့လည်းသောက်ကြစို့

ဆိတ်သားလည်းစား ဆိတ်နို့လည်းသောက်ကြစို့

ကျွန်တော်တို့ကျောင်းနေစဉ် အရွယ်တုန်းကတော့ အင်္ဂလိပ်စာကို ငါးတန်းရောက်မှ စသင်ရပါတယ်။  မှတ်မှတ်ရရ လုံးဝမမေ့တဲ့  မီးနင်းကိုဆိုပြပါဆိုရင် GOAT ဆိတ်ဆိုတဲ့အမည်ပဲ ဖြစ်ပါတယ်။ တစ်ယောက် နဲ့တစ်ယောက် ငါဒါမဖတ်တတ်လို့ ဖတ်ပြပါကွာဆိုပြီး ဖတ်ခိုင်းတယ်။ ဖတ်တဲ့သူက GOAT ဆိတ်ဆိုတဲ့ အသံထွက်လည်းရောက်ရော ဖတ်ခိုင်းတဲ့သူက လက်ကိုလာပြီးဆိတ်တာပါပဲ။ ဘာလုပ်တာလဲ မေးတော့  မင်းကဆိတ်လို့ပြောလို့ ငါကဆိတ်တာလေဆိုပြီး သူငယ်ချင်းအချင်းချင်း နောက်ပြောင်ခဲ့တာတွေ    သတိရမိပါတယ်။  လက်သည်းဆိတ် လက်ထိပ်နာဆိုတဲ့ စကားပုံကိုလည်း သတိရမိပါတယ်။ ဆိတ် မွေးမြူရေး အကြောင်းရေးဖို့ အတွေးဝင်လာလို့  ပထမဦးဆုံး စဉ်းစားမိတာလေးကို ရေးပြတာပါ။

ဆိတ်ဆိုတာ ကျေးလက်နေပြည်သူတွေအတွက် အရင်းအနှီးနည်းနည်းနဲ့ မိသားစုဝင်ငွေရတဲ့ လုပ်ငန်း တစ်ခုဖြစ်ပါတယ်။   ကျေးလက်နေပြည်သူတွေလို့ဆိုပေမယ့် မြို့တွေမှာလည်း  ဆိတ်ကိုမွေးမြူကြပါ တယ်။  မြန်မာနိုင်ငံ အလယ်ပိုင်းဒေသမှာ  မွေးမြူကြတာ ပိုမိုများပြားပါတယ်။  ဆိတ်ကရာသီဥတုဒဏ် လေဒဏ်မိုးဒဏ် အကြမ်းခံတဲ့အတွက်လည်း မွေးတာဖြစ်သလို   အရှုံးမရှိတဲ့လုပ်ငန်းတစ်ခုဖြစ်လို့လည်း မွေးမြူကြတာဖြစ်ပါတယ်။  အရှုံးမရှိတဲ့လုပ်ငန်းလို့ သုံးလိုက်ပေမယ့်   မွေးမြူတဲ့သူကိုယ်တိုင်က  ဆိတ် မွေးမြူရေး လုပ်ငန်းအပေါ်မှာ စိတ်မဝင်စားရင်တော့ မရှုံးဘူးလို့ အာမမခံနိုင်ပါဘူး။

ဆိတ်ကိုဘာဖြစ်လို့မွေးလဲဆိုရင်  နို့၊ အသားနဲ့ သားရေရရှိဖို့အတွက် မွေးကြတာဖြစ်ပါတယ်။ ဆိတ်တစ် ကောင်ရဲ့ကိုယ်အလေးချိန်ဟာ နွားတစ်ကောင်ကိုယ်အလေးချိန်ရဲ့    ရှစ်ပုံတစ်ပုံခန့်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဆိတ်က နွားထက်နို့ထွက်နှုန်း ပိုကောင်းတယ်လို့သိရပါတယ်။ ဆိတ်နို့နဲ့နွားနို့တွေမှာ ပရိုတိန်းနဲ့ အဆီဓာတ် ပါဝင်မှုတူညီပါတယ်။ ဒါပေမဲ့  ဆိတ်နို့အဆီမှာရှိတဲ့ အဆီခဲကလေးတွေဟာ ပိုမိုသေးငယ်တဲ့ အတွက် အစာကြေလွယ်ပါတယ်။  ဒါကြောင့်လည်းဆိတ်နို့ဟာ  နွားနို့ထက်ကလေးငယ်တွေ၊  အသက် အရွယ်ကြီးရင့်သူတွေနဲ့ လူနာတွေအတွက် ပိုမိုသင့်လျော်ပါတယ်။ ဆိတ်နို့မှာ ဗက်တီးရီးယား ပါဝင်မှု နှုန်းဟာ နွားနို့ထက်ပိုပြီး နည်းလှပါတယ်။ ဒါကလည်း သူ့ရဲ့အားသာချက်ပါပဲ။

ဆိတ်တွေဟာ အကြမ်းခံနိုင်ပြီး အစာမရွေးစားတတ်ကြပါတယ်။ နို့ညှစ်လို့လည်း လွယ်ကူပါတယ်။ ဆိတ်တွေစားတာက မြက်၊ သစ်ရွက်အမျိုးမျိုးနဲ့ သစ်ပင်တွေရဲ့အခေါက်တွေကိုခွာပြီး စားတတ်ပါတယ်။ ထူးခြားတာက ဆီးပင်အပါအဝင် ဆူးပင်တွေကို ကြိုက်နှစ်သက်ပါတယ်။ ဆိတ်ရဲ့အစာအိမ်မှာ အမျှင် ကြမ်းများကို ချေဖျက်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့်မို့ ဆိတ်မွေးမြူသူတွေအနေနဲ့ စားကျက် မကောင်းလည်း ဆိတ်တွေကို ကောင်းကောင်းမွေးမြူနိုင်တာ ဖြစ်ပါတယ်။

အသားတွေထဲမှာ  ဆိတ်သားဟာလည်း  စားလို့ကောင်းတဲ့အထဲမှာ ပါဝင်ပါတယ်။ မဆလာကောင်း ကောင်းလေးနဲ့ ဆိတ်သားကိုဆီပြန်ချက်စားရတဲ့အရသာဟာလည်း စားသုံးသူတွေကြိုက်တဲ့ အရသာ ဖြစ်ပါတယ်။ တချို့သောအမဲသားမစားတဲ့သူတွေပင် ဆိတ်သားကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ဆိတ်သားဟာ ချက်ပြုတ်သူရဲ့ လက်ရာကောင်းမွန်မှုအပေါ်မှာလည်း  မူတည်လှပါတယ်။  ဆိတ်သား ကစားကောင်းသလို ဆိတ်သားရေကလည်း  အသုံးဝင်လှပါတယ်။  ဆိတ်သားရေနဲ့  ဖိနပ်၊  လက်အိတ်၊ လက်ဆွဲအိတ်၊ ဂျာကင် အင်္ကျီစတာတွေ ချုပ်လုပ်ကြပါတယ်။ ဆိတ်သားရေကလည်း အသုံးပြု တတ်သူတွေရဲ့လက်ရာ ကောင်းမွန်မှုအပေါ်မူတည်ပြီး  စျေးနှုန်းကွာခြားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ဆိတ်မွေးမြူသူတွေ အများကြီးရှိနေသလို ဆိတ်မွေးမြူသူတွေအနေနဲ့ ခေတ်နဲ့အညီ ပြုစုပျိုးထောင်ပေးခြင်းဖြင့် စားသုံးသူတွေအတွက် အရည်အသွေးကောင်းမွန်ပြီး အာဟာရ ပြည့်ဝတဲ့ အသားများ ထုတ်လုပ်ပေးလာနိုင်တာကို လေ့လာတွေ့ရှိရပါတယ်။ ပြည်တွင်းက ထွက်ကုန် တွေ ပိုမိုတိုးမြှင့်ထုတ်လုပ်ပြီး ပြည်ပကိုတင်ပို့နိုင်ရေးဟာ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ မွေးမြူနေတဲ့ ဆိတ်တွေအကြောင်းကို လေ့လာကြည့်ရင် မြန်မာဆိတ်မျိုးများ အဖြစ် ထိန်စမ်းမျိုး၊ ဂျိတ်နီမျိုးနဲ့ ဝေသာလီမျိုးဆိုပြီး သုံးမျိုးရှိပါတယ်။  ထိန်စမ်းမျိုးက အလုံးအရပ်ထွား ကျိုင်းပါတယ်။ အမွေးရောင် ကိုယ်လုံးဖြူပြီး ဦးခေါင်းမည်းပါတယ်။ နှာခေါင်းပိုင်းမှာ အမွေးဖြူတတ် ပါတယ်။ အများအားဖြင့်  မုတ်ဆိတ်ပါပြီး  နားရွက်ရှည်ပြီး တွဲလောင်းကျနေပါတယ်။ မျက်နှာခုံးပြီး ဦးချိုနောက်ဘက်ကို လန်ပြီးကွေးနေပါတယ်။ ကိုယ်အလေးချိန်အနေနဲ့ အထီးမှာ  ၅၀ ကီလို၊ အမမှာ  ၂၉ ကီလိုခန့်ရှိပါတယ်။ အရပ်အမြင့်အနေနဲ့ အထီးမှာ ၇၆ ဒသမ ၂ စင်တီမီတာ၊ အမမှာ ၆၈ ဒသမ ၅၈ စင်တီမီတာ ခန့်ရှိပါတယ်။ ထိန်စမ်းမျိုးတွေကို မန္တလေးတိုင်းဒေသကြီး ပုပ္ပားနယ်တစ်ဝိုက်နဲ့ မကွေး တိုင်းဒေသကြီး ချောက်မြို့နယ်၊  မြိုင်မြို့နယ်နဲ့  နတ်မောက်မြို့နယ်တွေမှာ အများဆုံးတွေ့ရပါတယ်။

ဂျိတ်နီမျိုးဆိတ်တွေဟာ အရွယ်အစားကြီးမားပါတယ်။ နီညိုရောင်၊ အုန်းခွံရောင်၊ မန်ကျည်းစေ့ ရောင်ရှိ ပါတယ်။ ကိုယ်အလေးချိန်အနေနဲ့ အထီးမှာ ၄၅ ကီလို၊ အမမှာ ၄၂ ကီလိုခန့် ရှိပါတယ်။ အရပ်အမြင့် အနေနဲ့ အထီးမှာ ၇၆ ဒသမ ၂စင်တီမီတာ၊ အမမှာ ၇၃ ဒသမ ၆၆ စင်တီမီတာခန့် ရှိပါတယ်။ ဂျိတ်နီ မျိုးဆိတ်တွေကို မန္တလေးတိုင်းဒေသကြီး တံတားဦး၊ စဉ့်ကိုင်၊ ကျောက်ဆည်နယ်တစ်ဝိုက်မှာ အများဆုံး တွေ့ရှိရပါတယ်။  မြေပြန့်ဒေသမှာ မွေးမြူဖို့သင့်လျော်ပါတယ်။

တတိယမျိုးဖြစ်တဲ့ ဝေသာလီမျိုးဆိတ်တွေကတော့ အလုံးအထည်သွယ်ပါတယ်။ အမွေးရောင်မှာ အညိုရောင် အနက်ဘက်နွယ်ပါတယ်။ ကိုယ်အလေးချိန်အနေနဲ့ အထီးက ၃၈ ကီလို၊ အမက ၃၁ ကီလို ခန့်ရှိပါတယ်။  အရပ်အမြင့်အနေနဲ့ အထီးမှာ ၈၁ ဒသမ၂၈ စင်တီမီတာ၊ အမမှာ ၆၈ ဒသမ ၅၈  စင်တီမီတာခန့်ရှိပါတယ်။ ဝေသာလီမျိုးတွေကိုတော့ မကွေးတိုင်းဒေသကြီး ပခုက္ကူ၊  ရေစကြို၊ ပေါက်၊   မြိုင်မြို့နယ်တစ်ဝိုက်မှာ မွေးမြူကြပါတယ်။

တိရစ္ဆာန်မွေးမြူရေးမှန်သမျှမှာ  အရေးကြီးတာကတော့ မျိုးကောင်းမျိုးသန့် ရွေးချယ်နိုင်ဖို့ ဖြစ်ပါတယ်။  ဆိတ်မွေးမြူရေးမှာလည်း ရေရှည်ကိုမျှော်မှန်းပြီး မျိုးကောင်းကိုရွေးချယ်ရပါတယ်။ ဆိတ်ထီးတွေရဲ့ မျိုးဗီဇရွေးချယ်ရာမှာ ထုတ်လုပ်နိုင်မှုနဲ့ခန္ဓာကိုယ်အနေအထားသာမက မိဘမျိုးရိုးနဲ့သားသမီးများရဲ့ အရည်အသွေးကိုပါ    ကြည့်ရှုရွေးချယ်ရပါတယ်။ ခန္ဓာကိုယ်အနေအထားမှာ ခြေထောက်နဲ့အဆစ်တွေရဲ့ တည်ဆောက်ပုံနဲ့ အပေါ်မေးရိုးနဲ့ အောက်မေးရိုး အလျားကွာခြားချက်တွေ ပါဝင်ပါတယ်။ ဆိတ်မတွေ ရွေးချယ်ရာမှာလည်း ကလေးတစ်ကောင်ထက်ပိုမွေးခြင်း၊ ကြီးထွားနှုန်းကောင်းမွန်ခြင်း၊  သားခွဲချိန်မှာ အားလုံးအသက်ရှင်ကာ သားခွဲနိုင်ခြင်း၊ ကပ်ပါးရောဂါခံနိုင်ရည်ရှိခြင်း၊ နို့အုံနဲ့နို့တိုင်းများရဲ့ အရွယ်အစား နဲ့တည်ဆောက်ပုံတွေကို အဓိကထားရပါမယ်။ အရည်အသွေးကောင်းတဲ့  မျိုးစပ်မယ့်အထီးနဲ့အမတွေကို ရွေးချယ်ပြီး    ဆိတ်ကလေးများကို   မွေးမြူခြင်းဟာလည်း ဆိတ်မွေးမြူရေးမှာ အဓိကအချက်တစ်ခု ဖြစ်ပါတယ်။

ဆိတ်မွေးမြူတဲ့နေရာမှာ အဓိကအားဖြင့် အသားထုတ်လုပ်ခြင်း၊ နို့ထုတ်လုပ်ခြင်း၊ အသားနဲ့နို့ထုတ် လုပ်ခြင်းတို့ကို အဓိကရည်မှန်းချက် ထားရှိကြပါတယ်။ အသားထုတ်လုပ်ဖို့ဆိုရင် အသားတိုးနှုန်း၊ အစာမှ အသားပြောင်းနှုန်း၊ အသားထွက်နှုန်းနဲ့အသားအရည်အသွေး၊ မျိုးပွားမှုဆိုင်ရာ အရည်အသွေး များ၊ အကြမ်း ခံနိုင်မှုနဲ့ ဆိတ်မကြီးရဲ့ နို့ပေးနိုင်မှုစတဲ့ အချက်တွေကို အဓိကထားရွေးချယ်ကြရပါမယ်။   ဒီအချက်တွေ သိနိုင်ဖို့ကတော့ ဆိတ်မတစ်ကောင်ရဲ့ တစ်နှစ်အတွင်းမွေးဖွားတဲ့ သားခွဲဆိတ်ကလေး များရဲ့ စုစုပေါင်းအလေးချိန်ကို တွက်ချက်ကြည့်ခြင်းဖြင့်  လွယ်ကူစွာသိရှိနိုင်ပါတယ်။  နို့ထုတ်လုပ်မှု အတွက် တစ်နေ့နို့ထွက်နှုန်း၊ နို့ပေးကာလ၊ နို့မှာအဆီပါဝင်မှု၊ အဆီမဟုတ်တဲ့အစိုင်အခဲပါဝင်မှုနဲ့ ဆိတ်နို့ဖြင့် ထုတ်လုပ်တဲ့ထောပတ်၊ ဒိန်ခဲများထုတ်လုပ်မှုမှာ နို့ရဲ့အသားဓာတ် ပါဝင်မှုတွေကို အဓိက ထားရွေးချယ်ဖို့လိုအပ်ပါတယ်။ ဒါတွေကတော့ အသားထုတ်လုပ်ခြင်းနဲ့ နို့ထုတ်လုပ်ခြင်းပဲဖြစ်ပါတယ်။

ဒီလိုမျိုးအသားတွေ၊ နို့တွေကောင်းကောင်းထုတ်လုပ်နိုင်ဖို့ဆိုရင် ဆိတ်မွေးမြူရေးမှာ လူတွေကိုယ်တိုင် ကလည်း ဂရုတစိုက်ရှိကြရပါမယ်။ အညာဒေသတွေမှာ ဆိတ်တွေကို ကွင်းသို့ လွှတ်ကျောင်းပြီး စားကျက်မှ အစာအာဟာရတွေစားသောက်ခြင်းနဲ့ ပုံမှန်ကြီးထွား အရွယ်ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ဆိတ်တွေကို ဂရုစိုက်တဲ့အနေနဲ့ အစာနုဖြည့်စွက်စာတွေထည့်ကျွေးရပါမယ်။ ဒါမှကြီးထွားနှုန်း ပိုကောင်း လာပါမယ်။ ရောင်းတမ်းဝင်အရွယ်ကို မြန်မြန်ရောက်နိုင်သလို ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိနေ ပါလိမ့်မယ်။ သားအောင်နှုန်း၊ သားပေါက်နှုန်းတွေလည်း ကောင်းလာနိုင်ပါတယ်။ အမြွှာမွေးနှုန်းလည်း များလာနိုင်ပါတယ်။

ဆိတ်ကလေးတွေ အသက်ပထမ ၁၀ ပတ်အတွင်း အစာနု ၆ ကျပ်သား၊ ကိုယ်ဝန်ဆောင်ဆိတ်မတွေကို အစာနုတစ်နေ့  ၁၂ ကျပ်သားကျွေးရပါမယ်။ နို့ပေးဆိတ်မတွေကို  နို့ ၆၀ ကျပ်သားထွက်တိုင်း အစာနု ၁၈ ကျပ်သားကျွေးရပါတယ်။ အစာနုစပ်ဟာ အရသာရှိပြီး အရည်အသွေးကောင်းပါတယ်။ စီးပွားရေး တွက်ခြေကိုက်ရန်   စျေးနှုန်းချိုသာပြီး  ဒေသအတွင်း အလွယ်တကူရရှိနိုင်တဲ့ အစာမျိုးဖြစ်သင့်ပါတယ်။ ဥပမာအားဖြင့်ပြောင်းမှုန့်  ၂၅ ရာခိုင်နှုန်း၊ပဲဖတ် ၁၀ ရာခိုင်နှုန်း၊ နှမ်းဖတ် ၁၅ ရာခိုင်နှုန်း၊ ကုလားပဲခွံ ၅၀ ရာခိုင်နှုန်းဒါကတော့စပ်စာ (၁) ပါ။ ပြောင်းမှုန့် ၁၅ ရာခိုင်နှုန်း၊ ဆန်ကွဲ ၁၂ ရာခိုင်နှုန်း၊ ဖွဲနု ၁၄ ရာခိုင်နှုန်း၊ ကုလားပဲခွံ ၂၀ ရာခိုင်နှုန်း၊ ၀ါကြိတ်ဖတ် ၁၂ ရာခိုင်နှုန်း ဒါကတော့ စပ်စာ (၂) ပါ။ ပြောင်းမှုန့် ၁၄ရာခိုင်နှုန်း၊ ဆန်ကွဲ ၂၀ ရာခိုင်နှုန်း၊ ဖွဲနု ၃၃ ရာခိုင်နှုန်း၊ ပဲပုပ်ဖတ် ၃၃ ရာခိုင်နှုန်း ဒါကတော့ စပ်စာ (၃) ပါ။ ဒီလိုအချိုးအစား အတိုင်းစပ်ပြီး ကျွေးရပါမယ်။

ဆိတ်ကအကောင်ငယ်တဲ့ တိရစ္ဆာန်ဖြစ်လို့ ချည်၍မွေးခြင်း၊ လွှတ်ကျောင်းမွေးခြင်း၊ ခြံလှောင်မွေးမြူခြင်း၊       ကွင်းလွှတ်ခြံလှောင်တွဲဖက်မွေးမြူခြင်း၊ နှစ်ရှည်သီးနှံများနဲ့တွဲ၍ မွေးမြူခြင်းဆိုပြီးနည်းလမ်းငါးသွယ်နဲ့ မွေးမြူကြပါတယ်။    ဘယ်လိုပဲမွေးမွေး ဆိတ်ခြံတော့ ဆောက်လုပ်ရပါမယ်။   ဒေသထွက် ပစ္စည်းတွေနဲ့ ဆောက်လို့ရပါတယ်။ ဆိတ်တွေညလေတိုက်ခတ်တာကို မနှစ်သက်ပါဘူး။ အကာအရံတွေမှာ လေဝင် လေထွက်နဲ့ အလင်းရောင် လုံလုံလောက်လောက် ရရှိဖို့လည်း လိုပါတယ်။ မြေစိုက် ဆောက်လုပ် မယ်ဆိုပါက ခြောက်သွေ့ပြီးအညစ်အကြေးတွေ လွယ်ကူစွာ သိမ်းဆည်းနိုင်တဲ့နေရာ ဖြစ်ရပါမယ်။  မိုးရေအလွယ်တကူ စီးဆင်းနိုင်ရပါမယ်။ ဆိတ်တွေနားနေဖို့ လုံလောက်တဲ့ အကျယ်အဝန်းရှိရပါမယ်။

ဆိတ်ကလေး ထိန်းသိမ်းစောင့်ရှောက်ခြင်းနဲ့ ပတ်သက်လို့ ဆိတ်ကလေးတွေ မွေးပြီးပြီးချင်း ဦးခေါင်း နဲ့ကိုယ်လုံးများမှ  အကျိအချွဲတွေကို ဖယ်ရှားပေးရပါမယ်။ လွတ်လပ်စွာအသက်ရှူနိုင်ဖို့ပါ။ ဆိတ်ကလေး တွေမွေးဖွားပြီး နာရီပိုင်းအတွင်း မိခင်နို့ဦးရည်ရရှိဖို့လိုပါတယ်။ ဆိတ်ငယ် တစ်ပတ်သားအရွယ်ခန့်မှာ ဆိတ်အုပ်နဲ့အတူ လွှတ်ကျောင်းနိုင်ပါတယ်။ များသောအားဖြင့် အသက်  ၆ ပတ်သားမှာ နို့ခွဲလေ့ရှိပါ တယ်။ ဆိတ်တွေဟာ လူတွေနဲ့အနီးကပ်ဆုံး၊ အယဉ်ပါးဆုံးတိရစ္ဆာန်တွေဖြစ်သလို လူတွေအပေါ်မှာ လည်း   ရန်ရှာမှုလွန်စွာနည်းပါးလှတဲ့ သတ္တဝါတွေဖြစ်ပါတယ်။

ဆိတ်မွေးမြူရေးလုပ်ငန်း လုပ်ဆောင်သူတွေအနေနဲ့ ဆိတ်သားထုတ်လုပ်ရောင်းချဖို့အတွက် စျေးကွက် လည်း ပေါများပါတယ်။ ဆိတ်သားဟာ လူမျိုးမရွေး၊ ဘာသာမရွေးစားသုံးတဲ့ အသားဖြစ်ပါတယ်။     ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဆိတ်သားကို အထူးစားသုံးကြပါတယ်။     

ဆိတ်သားဟာ အရသာရှိအသားတစ်မျိုးဖြစ်ပါတယ်။ ဆိတ်သားများမှာ ချီဗွန် (Chevon) လို့ခေါ်တဲ့ ဆိတ်ငယ်လေးများမှ ထုတ်လုပ်ထားတဲ့အသားဟာ အလွန်နာမည်ကြီးတဲ့ အသားတစ်မျိုးဖြစ်ပါတယ်။ အသက် ၆ လ နဲ့ ၉ လကြား ဆိတ်ငယ်အသားတွေဖြစ်လို့ ဆိတ်သိုးနံ့နံခြင်းမရှိဘဲ အသားက အလွန်နူးညံ့ ပါတယ်။ ဒါ့ကြောင့် လူကြိုက်များနေတာ ဖြစ်ပါတယ်။

ဆိတ်သားက စားကောင်းသလို ဆိတ်နို့ကလည်း လူတွေရဲ့ ကျန်းမာရေးမှာ အထောက်အကူများစွာ   ရရှိပါတယ်။ ဆိတ်နို့ထုတ်လုပ်ခြင်းကို ဆိတ်ကလေးမွေးဖွားချိန်မှစတင်ပြီး နောက်ကလေး မွေးထုတ်ရန် တစ်လအလိုအထိ ထုတ်လုပ်နိုင်ပါတယ်။ ဆိတ်နို့မှာ   ကယ်ဆီယမ်၊ ဖော့စဖောရပ်၊ ကလိုရင်း၊ ဗီတာမင် များစွာ ပါဝင်ပါတယ်။ ဆိတ်နို့ဟာအစာကြေလွယ်သလို ဝမ်းကိုပျော့စေပါတယ်။ ဆိတ်နို့သောက်သုံး ခြင်းဖြင့် စိတ်ဖိစီးမှုဒဏ်ကိုကင်းဝေးစေပြီး ညဘက်အိပ်မပျော်ခြင်းရောဂါတွေ ကင်းဝေးစေပါတယ်။ နွားနို့နဲ့ ဓာတ်မတည့်သူတွေအနေနဲ့   ဆိတ်နို့ကို ပြောင်းလဲသောက်သုံး နိုင်ပါတယ်။ အသက်အရွယ်ကြီး ရင့်သူတွေ၊ သွေးတိုးရောဂါနဲ့ ဆီးချိုရောဂါရှိသူတွေအတွက် သင့်လျော်ပါတယ်။ အထူးခြားဆုံး အချက် တစ်ချက်ကတော့ ဆိတ်နို့မှာ ပါဝင်တဲ့အသားဓာတ်များဟာ လူသားများရဲ့ နို့များနဲ့ဆင်တူတာကြောင့်     ကလေးငယ်တွေအတွက် အထူးပင်သင့်လျော်တယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်း သားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်   တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုး တိုးတက်အောင် တည်ဆောက်လျက်ရှိရာမှာ ဆိတ်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့်လည်း မိမိတို့ရဲ့ လူမှုစီးပွားဘဝမြင့်မားရေး၊ မိမိနိုင်ငံရဲ့ စီးပွားရေးမြင့်မားတိုးတက်ရေးတို့အတွက် ဆိတ်မွေးမြူရေးကို ပိုမိုအောင်မြင်အောင်၊ ထိုမှတစ်ဆင့် အအောင်မြင်ဆုံးဖြစ်အောင် မွေးမြူနိုင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။  ။

အာကာမောင်မောင်