ပြည်သူပါဝင်ပြောင်းလဲရမည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်

ပြည်သူပါဝင်ပြောင်းလဲရမည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်

မည်သည့်ကိစ္စမဆို အပြန်အလှန်သဘောရှိသည်။ လက်ခုပ်တီးလျှင်ပင် တစ်ဖက်တည်းတီး‌နေလို့  အသံ မမြည်ပါ။ လက်ခုပ်နှစ်ဖက်တီးမှသာ လက်ခုပ်သံထွက်ပါလိမ့်မည်။ ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထုအကျိုးအတွက် ပြုပြင်ပြောင်းလဲမှုများစွာကို ဆောင်ရွက်လျက်ရှိသည်။ သို့ရာတွင် ပြည်သူမပါဝင်ဘဲ လုပ်ငန်းများအောင်မြင်နိုင်လိမ့်မည် မဟုတ်ပါ။ လောလောဆယ်အချိန်ကာလတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများ အားလုံးသည် နိုင်ငံတော်ပိုင်လုပ်ငန်းများ အဖြစ်သာ ရပ်တည်လျက်ရှိနေသည်။ နိုင်ငံတော်ပိုင်ဆိုသည်မှာ  ပြည်သူတို့ပိုင်သော   လုပ်ငန်းများသာဖြစ်သည်။   ပြည်သူပိုင်သောလုပ်ငန်းများကို    မိမိတို့ပိုင်သော လုပ်ငန်းသဖွယ် သဘောထားကြမှသာလျှင်   လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများ တိုးတက်အောင်မြင်လာစေနိုင်မည် ဖြစ်သည်။ 

ပြည်သူများအနေဖြင့် လျှပ်စစ်မီးရချင်တာတစ်ခုပဲ သိမြင်နေကြ၍မဖြစ်ပါ။    လျှပ်စစ်မီးကိုရအောင် ဘယ်လို ဆောင်ရွက်နေရသည်၊   ဘယ်လိုဝိုင်းဝန်းဆောင်ရွက်မှ    လျှပ်စစ်ကိုပိုမိုရရှိနိုင်မည် စသည်ဖြင့် သိရှိကြဖို့လည်း လိုအပ်သည်။  လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပုံအဆင့်ဆင့်ကိုလည်း   သိရှိကြဖို့လိုသည်။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်သောနေရာမှ ဓာတ်အား လိုင်းအဆင့်ဆင့် သွယ်တန်းပြီးခွဲရုံများ၊ ထရန်စဖော်မာများ အဆင့်ဆင့် တပ်ဆင်ပြီးမှသာ မီးသုံးစွဲသူပြည်သူထံသို့ ဓာတ်အားဖြန့်ဖြူးပေးနိုင်သည်။ 

ဆက်လက်၍ ပြည်သူတို့စိတ်ဝင်စားကြသည့်  မီတာအကြောင်းကိုလည်း အနည်းငယ် ရှင်းပြလိုပါသည်။ ပြည်သူတွေ မီးရရန် ဓာတ်အားကို တိုက်ရိုက်ချိတ်ပေးထားလို့မရပါ။ ပြည်သူတစ်ဦးနှင့်တစ်ဦး   မီးသုံးစွဲတာခြင်း မတူ၍ မည်သူက   မည်မျှသုံးသည်ကို သိရှိနိုင်ရန် လျှပ်စစ်မီတာများ တပ်ဆင်ပေးရခြင်း ဖြစ်သည်။  မီတာ အမျိုးအစားများစွာအနက်  အဓိကအုပ်စုကြီးနှစ်ခုအဖြစ်သာခွဲခြားဖော်ပြလိုသည်။   Analogue  (US အခေါ် Analog) မီတာအုပ်စုနှင့် Digital မီတာအုပ်စုဟူ၍ဖြစ်သည်။  Analogue   ဆိုသည်မှာ Mechanism ဖြင့် ဆောင်ရွက်သော မီတာဖြစ်၍  အမှားအယွင်းများနိုင်သည်။ ထို့ကြောင့် ယခုနောက်ပိုင်းတွင် နိုင်ငံတော်မှ Digital အမျိုးအစားကို ပြောင်းလဲသုံးစွဲခဲ့ခြင်းဖြစ်သည်။   Digital မီတာဆိုသည်မှာ Electronics စနစ် သုံးထားသည်ဖြစ်၍ မျက်မြင်သွားဖတ်ရန် မလိုတော့ဘဲ စက်ဖြင့်သာဖတ်ရသည်။ ယခုနောက်ပိုင်း အသုံးပြုလာသော မီတာများမှာ Digital  မီတာများသာဖြစ်၍ မျက်မြင်သွားဖတ်ရန် လုံးဝမလိုတော့ဘဲ စက်ဖြင့်သာဖတ်ရသည်။ ယခုနောက်ဆုံးအသုံးပြုလာနေသော AMI စနစ်သုံး မီတာအမျိုးအစားများဆိုလျှင် မီတာရှိရာ နေရာသို့ပင် သွားစရာမလိုတော့ဘဲ ရုံးမှပင်ကွန်ပျူတာနှင့် အင်တာနက်နည်းပညာ အကူအညီဖြင့် ထိုင်၍ဖတ်ရှုနေနိုင်ပြီဖြစ်သည်။ ထို့ကြောင့်သာ  မီတာလာမဖတ်ဘဲ  ဘေထွက်လာနေခြင်း ဖြစ်သည်။

Analogue မှာတော့ မျက်မြင်ဖတ်ခြင်းမှလွဲ၍ အခြားနည်းဖြင့် ဖတ်လို့မရပါ။ လုံခြုံရေးအရ မဖတ်နိုင်တာမျိုး၊ ဝန်ထမ်းအင်အားမလုံလောက်မှုကြောင့် ဖတ်ရန် အခက်အခဲရှိတာမျိုးနှင့် မီတာလာဖတ်ချိန်နေအိမ်တွင် မရှိခြင်းကြောင့်  ဖတ်မရဖြစ်တာမျိုးတွေတော့ ရှိနိုင်သည်။  ထိုသို့မဖြစ်စေရန်အတွက်  ပြည်သူတို့ ကိုယ်တိုင် ပါဝင်ကူညီနိုင်သော နည်းလမ်းများလည်းရှိသည်။ မီတာဖတ်ရက်ဖြစ်သော လဆန်း ၁ ရက်မှ ၅ ရက်အတွင်း  မိမိတို့နေအိမ်အား  မီတာဘေပို့နေသော မီတာစာရေး၏ ဖုန်းနံပါတ်အား ရယူထား၍ မိမိတို့မီတာမှ သုံးစွဲယူနစ်အား ဓာတ်ပုံရိုက်ယူထားပြီး ပေးပို့နိုင်သည်။ မိမိမှဓာတ်ပုံမှတ်တမ်းရိုက်ယူထားပြီးဖြစ်၍  မီတာ‌ဘေထွက် လာသည့်အခါ မမှန်မကန်ဖြစ်နေပါက ပြန်လည်ဖြေရှင်းနိုင်သည်။ ယခုတော့ ထိုသို့ပင် ပါဝင်ကူညီကြမှု မရှိဘဲ၊  ထိုသို့သော အခြေအနေများအပေါ် အနည်းငယ်မျှပင် မျှဝေမစဉ်းစားကြဘဲ ဌာနအပေါ်သို့သာ အပြစ်တင်နေကြသည့် ပြည်သူများလည်း ရှိနေသည်။ ပြည်သူအများစုအား အပြစ်ပြောလိုခြင်း မဟုတ်ပါ။ ပူးပေါင်းပါဝင်မှုမရှိဘဲ ဌာနအပေါ် အပြစ်မြင်နေကြသော ပြည်သူအချို့တို့အား သိရှိစေရန် တင်ပြရခြင်းသာ ဖြစ်သည်။        

နောက်တစ်ခုက   လျှပ်စစ်မီးသွယ်တန်းရာတွင် ယခုအခါ   ပြင်ပလျှပ်စစ်ကျွမ်းကျင်လုပ်သားများဖြင့် တပ်ဆင်နေကြသည်။  နေအိမ်အတွင်း  သွယ်တန်းတပ်ဆင်မှုအရ   အချို့သောလျှပ်စစ်ပစ္စည်းများသည် မီးပိတ်ထား သော်လည်း    လျှပ်စစ်သုံးစွဲနေသည်။ ထိုအချက်ကိုမသိဘဲ အချို့ကမီးမသုံးဘဲ ဓာတ်အားခ တက်နေသည်။ ခရီးထွက်နေပါလျက် မီတာခတက်နေသည် စသည်ဖြင့် ပြောဆိုနေကြသည်။ ထိုကဲ့သို့ မဖြစ်စေလိုလျှင် မိမိတို့နေအိမ်မီတာမှ အထွက်တွင် Breaker (ခေါ်) မီးဖြတ်ခလုတ်အား  မဖြစ်မနေ တပ်ဆင်ထားပါ။ သတ်မှတ်လျှပ်စီးထက်ကျော်လွန်လျှင် ဖြတ်ချလိမ့်မည်။ ပြင်ပသို့ထွက်လျှင်  အဆိုပါ   Main Breaker အားချသွားခြင်းအားဖြင့်လည်း  လျှပ်စစ်အန္တရာယ် ကင်းဝေးစေမည်ဖြစ်သလို လျှပ်စစ်ပစ္စည်း များကြောင့် မီတာယူနစ်တက်ခြင်းမှလည်း ကာကွယ်ပေးသွားပါလိမ့်မည်။ ပြည်သူများအနေဖြင့် မိမိတို့ နေအိမ်လျှပ်စစ်သွယ်တန်းမှု၏ အားနည်းချက်များကို အရင်ဆုံးစစ်ဆေးပြုပြင်သင့်ကြသည်။

မီတာဘေတစ်စောင်ရရှိပြီဆိုလျှင်    ပြည်သူများ ဦးစွာဆောင်ရွက်သင့်သော     အချက်များကိုလည်း ဖော်ပြပေးလိုသည်။                   

(၁)              မီတာနံပါတ် မှန်/မမှန်စစ်ဆေးပါ။        

(၂)               တစ်ရက်စာ ပျမ်းမျှယူနစ်သုံးစွဲမှုကို တွက်ချက်ပါ။      

(၃)              မီတာယူနစ်ဖတ်ချက်အား  မှန်/မမှန်စစ်ဆေးပါ။       

(၄)              မိမိစစ်ဆေးသည့်ရက်နှင့် မီတာဖတ်သည့် ရက်ခြားနားသည့်ရက်အလျောက် တစ်ရက်စာပျမ်းမျှ  ယူနစ်ဖြင့် ပြန်လည်စစ်ဆေးတွက်ချက်ပါ။      

(၅)      ယူနစ်ဖတ်ချက် မှန်/မမှန် သုံးသပ်၍ ကွာဟချက်ရှိပါက    သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးသို့ သတင်းပို့ပါ။          

သို့ဖြစ်ရာမီတာဖတ်သည်၊ မဖတ်သည် စသည်ဖြင့် ငြင်းခုံပြောဆိုနေကြမည့်အစား အထက်တွင် ဖော်ပြသကဲ့သို့ မီတာဘေအား စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မီးသုံးသူများ စိတ်ကျေနပ်မှု ရရှိကြပါလိမ့်မည်။

မီတာဖတ်ခြင်း အားလည်း အနည်းငယ် ရှင်းပြလိုသည်။ လမ်းအလိုက်သတ်မှတ်ထားသည့် တာဝန်ခွဲဝေ ထားသည့် မီတာစာရေးများက မီတာဖတ်ရှုကြရသည်။  မိမိအိမ်မီတာဘယ်နေ့ဖတ်သလဲသိလိုပါက မီတာဘေမှာ နောက်ဆုံးဆောင်ရမည့်  Last   Date ဖော်ပြပါရှိသည်။ အဆိုပါရက်ကိုကြည့်၍ အောက်ပါအတိုင်း မီတာဖတ်ရက်ကို သိရှိနိုင်သည်။             

(၁)     ၁၇ ရက်နေ့ Last Date ဆိုလျှင် လဆန်း                ၁ ရက်နေ့ မီတာဖတ်ပါသည်။                 

(၂)     ၁၉ ရက်နေ့ Last  Date  ဆိုလျှင် လဆန်း ၂       ရက်နေ့မီတာဖတ်ပါသည်။                          

(၃)     ၂၁ ရက်နေ့ Last Date ဆိုလျှင် လဆန်း ၃       ရက်နေ့ မီတာဖတ်ပါသည်။                  

(၄)     ၂၃ ရက်နေ့ Last Date ဆိုလျှင် လဆန်း ၄       ရက်နေ့ မီတာဖတ်ပါသည်။        

(၅)     ၂၅  ရက်နေ့ Last  Date ဆိုလျှင်  လဆန်း ၅     ရက်နေ့ မီတာဖတ်ပါသည်။                

ယခုအခါ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက်   အောက်ပါအတိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုစနစ်အား အဆင့်ဆင့်ပြောင်းလဲဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက် ရှိနေပြီလည်း ဖြစ်ပါသည်။                  

ဓာတ်အားခွဲရုံများတွင် Neutral   Grounding Resistor(NGR)များ တပ်ဆင် အသုံးပြုခြင်း ဓာတ်အားပေးစက်ရုံများ၊ ဓာတ်အားပေးခွဲရုံများ ဓာတ်အားလိုင်းများတွင်  Earth Fault (Permanent or Temporary ) ဖြစ်ပွားချိန်တွင် Transformer Neutral Point သို့ Fault Current များ တိုက်ရိုက် စီးဆင်းသွားခြင်းကြောင့် Transformer Winding Coil များပျက်စီးနိုင်သည်။  သို့ပါ၍  Neutral  Grounding Resistor(NGR) တပ်ဆင်၍ Line to Ground (Earth Fault ) Current အား လျှော့ချခြင်းဖြင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများကို မလိုလားအပ်သော ပျက်စီးဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ဓာတ်အားပြတ်တောက်မှုကိုလည်း လျော့နည်းစေမည်ဖြစ်သည်။   

Capacitor Bank များ တပ်ဆင်အသုံးပြုခြင်း

ဓာတ်အားဖြန့်ဖြူးခြင်းတွင် Power Factor ပိုမိုကောင်းမွန်စေရန်အတွက် အသေးစား၊  အလတ်စား လုပ်ငန်းဆောင်ရွက်သော ဓာတ်အားသုံးစွဲသူများအား မိမိတို့၏ လုပ်ငန်းများနှင့် သင့်လျော်သည့် Capacitor Bank များ တပ်ဆင်ရန် စည်းမျဉ်းများ ချမှတ်ဆောင်ရွက် သွားနိုင်ရေးအတွက်လည်း ဆောင်ရွက်လျက်ရှိသည်။    

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လိုင်းတည်ဆောက်ရာတွင်   အမြင့်ဆုံး အသုံးပြုလာနိုင်မည့်ဝန်အားကို မျှော်မှန်း၍ သုံးစွဲမည့်ကြိုး  ACSR  သို့မဟုတ် SAC ကို ရွေးချယ်အသုံးပြုခြင်း               

လျှပ်စစ်ဓာတ်အားလိုင်းများအား ခန့်မှန်းသုံးစွဲဝန်အား Current  Carrying  Capacity ပေါ်မူတည်၍ ရွေးချယ်တည်ဆောက်ရသောကြောင့် လက်ရှိသုံးစွဲနေသော ACSRSAC ကြိုး ၊ (Conduction TypeConductor  Size )များ၏ တစ်မိုင်မှာပျောက်ဆုံးမည့် Line Losses နှင့် တစ်လမှာပျောက်ဆုံးမည့် Technical Line Losses တွက်ချက်မှုများကိုအခြေခံ၍ စီးပွားရေးတွက်ခြေကိုက်မှုနှင့်အညီ ရွေးချယ်တည်ဆောက်သွားနိုင်မှသာ Technical Line Losses ကို လျှော့ချနိုင်မည်ဖြစ်သောကြောင့် ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။                               

Multi   Transformer  ဖြစ်သည့်  ၂၀၀ ကေဗွီအေထရန်စဖော်မာများအစားထိုးတပ်ဆင်ခြင်း

Unit Losses (%) လျော့နည်းကျဆင်းရေး System Improvement (SI) များ ဆောင်ရွက်ခြင်း၊ ထရန်စဖော်မာတိုးချဲ့တည်ဆောက်ခြင်း၊ Load   Share ပြုလုပ်ခြင်း၊  Capacity ကြီးမားသော ထရန်စဖော်မာများနေရာတွင်  Load  Losses / No Load  Losses နည်းပါးသည့် ၂၀၀ ကေဗွီအေထရန် စဖော်မာများအား အစားထိုးတပ်ဆင်အသုံးပြုပြီး  Multi  Transformer စနစ်ဖြင့် ဗို့အား ပြည့်ဝစွာဖြန့်ဖြူးနိုင်ခြင်း၊ ဓာတ်အားပြတ်တောက်မှု  ဧရိယာနည်းပါးခြင်း၊ System Reliability ပိုမိုကောင်းမွန်လာခြင်း တို့ကြောင့် Unit Losses ကျဆင်းနိုင်ပါသဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သွားနိုင်ရန် ဖြစ်သည်။               

Energy–Saving Devices များ အစားထိုးအသုံးပြုခြင်း                                    

စွမ်းအင်ပြုန်းတီးမှုနှင့်တစ်ဦးချင်းသုံးစွဲမှု ကုန်ကျစရိတ်များလျော့နည်းစေမည်ဖြစ်၍    ပြည်သူများအကြား  လက်ခံကျင့်သုံးနိုင်ရေးအတွက်  ပညာပေးဆောင်ရွက်သွားရန်ဖြစ်သည်။ 

Geographic Information System (GIS)စနစ်နှင့် Advanced Metering  Infrastructure (AMI)စနစ် ရယူဆောင်ရွက်ခြင်း        

 ဓာတ်အားပျောက်ဆုံးမှု  အများဆုံးဖြစ်သည့် မြို့နယ်  ဖီဒါ၊ ထရန်စဖော်မာ ၊ စက်မှု/အိမ်သုံးမီတာ တို့အား GIS/AMI  စနစ်ဖြင့် Data  Analysis ပြုလုပ်၍  Database တည်ဆောက်ပြီး ဓာတ်အားပျောက်ဆုံးမှု (Losses)အများဆုံးဧရိယာကို ရှာဖွေဖော်ထုတ်ခြင်းစသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်သွားနိုင်သည့်အတွက်   ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။               

Myanmar Electric  Bill  (MEBill) Software       စနစ်အသုံးပြုခြင်း                               

နေ့စဉ်ကောက်ခံရငွေကို အချိန်နှင့်တစ်ပြေးညီသိရှိနိုင်ပြီး လူကြောင့်ဖြစ်သော မှားယွင်းမှုနှင့် ငွေကြေးအလွဲသုံးပြုမှုမှ ကာကွယ်နိုင်ခြင်း Non – Technical Losses ကို ကျဆင်းစေပြီး မီးသုံးသူများမှ ဓာတ်အားခပေးဆောင်ရန်အတွက်   အချိန်ကြာမြင့်စွာ စောင့်ဆိုင်းရန် မလိုအပ်သဖြင့် ပြည်သူကိုထိရောက်သော ဝန်ဆောင်မှုပေးနိုင်ခြင်းကြောင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သည်။  

Online  Payment  ဖြင့်   ဓာတ်အားခကောက်ခံ     ဆောင်ရွက်ခြင်း         

ဓာတ်အားခပေးဆောင်သော မီးသုံးသူဦးရေနှင့် ကောက်ခံရငွေတိုးတက်လာခြင်း၊  ဓာတ်အားခပေးဆောင်မှု လွယ်ကူချောမွေ့မြန်ဆန်လာခြင်း၊ ဓာတ်အားခကြွေးကျန်ကျဆင်းလာခြင်း   စသည့်အကျိုးကျေးဇူးများကြောင့်   ပိုမိုကျယ်ပြန့်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန် ပညာပေးဆောင်ရွက်သွားမည် ဖြစ်သည်။                 

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ  လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း ရာသီဥတုကြောင့် ပျက်စီးသည်ဖြစ်စေ၊ ဖျက်ဆီးခံရ၍  ပျက်စီးသည်ဖြစ်စေ ဓာတ်အားလိုင်းများအမြန်ပြုပြင်၍  ပြည်သူအား လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူး ပေးနိုင်ရန်အတွက် တိုင်းပြည်အကျိုး၊ ပြည်သူလူထု၏ အကျိုးအတွက် ရာသီဥတုအခက်အခဲများကြား၊ တိုက်ပွဲများကြား၊ ကျည်ဆန်တွေကြားမှ သက်စွန့်ဆံဖျား ပြင်ဆင်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း ပြည်သူများ သိမြင်နားလည်ပေးနိုင်ကြဖို့ လိုအပ်သည်။  မိမိတို့စိတ်အထင်ဖြင့် အမျိုးမျိုးဝေဖန် ပြောဆိုနေကြမည့်အစား ပြည်သူတွေပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်သော      လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးစနစ်ကြီးအား ပြုပြင်ပြောင်းလဲလာနိုင်စေရန်မှာ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတစ်ခုတည်းမှ ဆောင်ရွက်နေ၍မရဘဲ   ပြည်သူတို့၌လည်း ပူးပေါင်းဆောင်ရွက်ရန် တာဝန်ရှိပါ၍   ပူးပေါင်းဆောင်ရွက်သင့်ကြပါကြောင်း   တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။      ။