သွေးလေးဖက်နာရောဂါသည်များ ရှောင်ကြဉ်သင့်သည့်အချက်များ

သွေးလေးဖက်နာရောဂါသည်များ ရှောင်ကြဉ်သင့်သည့်အချက်များ

သွေးလေးဖက်နာရောဂါဆိုတာ    နာတာရှည် အဆစ်ရောင်မှုကို   ခံစားရတဲ့ရောဂါတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က    အရိုးအဆစ်တွေကို တိုက်ခိုက်တာကြောင့် နာကျင်မှု၊ ရောင်ရမ်းမှုနဲ့ မောပန်းနွမ်းနယ်မှုတို့ ခံစားရတတ်ပါတယ်။ ရောဂါ ခံစားနေရတာကို သိရှိတာနဲ့ စောစောစီးစီးကုသမှုခံယူပြီး အရိုးအဆစ်တွေ ပျက်စီးထိခိုက်မှု မရှိအောင် ကာကွယ်နိုင်ပါတယ်။ သွေးလေးဖက်နာရောဂါ ပိုမိုဆိုးရွားစေတဲ့ အချက်တွေကို ရှောင်ကြဉ် နိုင်စေဖို့ ဖော်ပြပေးပါမယ်။

ဆေးလိပ်မသောက်သင့်ပါဘူး။ ဆေးလိပ်သောက်တာက သွေးလေးဖက်နာရောဂါရှိသူတွေမှာ  အရိုး အဆစ်ရောင်ရမ်း နာကျင်မှုကို   ပိုဆိုးစေပါတယ်။

ဒါ့ပြင်  ကုသရာမှာလည်း  ခက်ခဲမှုတွေဖြစ်စေတယ်လို့   ကော်လိုရာဒိုဆေးတက္ကသိုလ်မှ  အရိုးအဆစ် ဆေးပညာသမားတော် ဒေါက်တာကီဖင်က ပြောကြားထားပါတယ်။  သုတေသီတွေရဲ့   လေ့လာမှုအရ သွေးလေးဖက်နာ ရောဂါရှိသူတွေအနေနဲ့ ဆေးလိပ်သောက်ပါက ကုသတဲ့မီသိုထရက်ဆိတ်(methotre-xate)  ဆေးဝါးရဲ့  ထိရောက်မှုကို လျော့နည်းစေတယ်လို့  တွေ့ရှိခဲ့ပါတယ်။   ဒါကြောင့်   မိမိမှာ သွေးလေးဖက်နာ ရောဂါရှိရင် ဆေးလိပ်ဖြတ်သင့်ပါတယ်။

ခန္ဓာကိုယ်အလေးချိန်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။  ကိုယ်အလေးချိန်များသူတွေမှာ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေက သယ်မထားရလို့ ကြာရှည်လာတဲ့အခါ အရိုးအဆစ်အပေါ် ထိခိုက်မှု ဖြစ်စေပါတယ်။ သွေးလေးဖက်နာရှိသူတွေအနေနဲ့ ကိုယ်အလေးချိန်များနေပါက ရောဂါလက္ခဏာတွေ ပိုဆိုးစေပါတယ်။ ဒါ့ပြင် နှလုံးရောဂါနဲ့ တခြားရောဂါ တွေဖြစ်နိုင်ခြေ ပိုများစေပါတယ်။ ဥရောပမှာပြုလုပ်တဲ့လေ့လာမှုအရ အဝလွန်သူတွေက သွေးလေးဖက် နာရောဂါခံစားရတဲ့အခါ  ရောဂါလက္ခဏာတွေ ပိုဆိုးစေပြီး ကိုယ်အလေးချိန် ပုံမှန်ဖြစ်အောင် ထိန်းသိမ်းတာက ရောင်ရမ်းမှုတွေကို လျော့နည်းစေတာတွေ့ရပါတယ်။

Omega-3 အဆီလုံလောက်စွာစားပေးပါ။ ပြည့်ဝဆီတွေ စားသုံးတဲ့အခါ  ခန္ဓာကိုယ်ထဲက အင်ဇိုင်းရဲ့ တုံ့ပြန်မှုကြောင့် အဆစ်ရောင်ရမ်းမှုတွေ ခံစားရတတ်ပါတယ်။ ဒါကြောင့် ရောင်ရမ်းမှုလျော့နည်းစေတဲ့ Omega-3 ပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပေးဖို့ လိုပါတယ်။ Omega-3 နဲ့ Omega -6 စားသုံးမှု မညီမျှပါက အဆစ်ရောင်ရမ်းမှုတွေ ဖြစ်စေပြီး သွေးလေးဖက်နာရောဂါလက္ခဏာကို ပိုဆိုးစေပါတယ်။ အဆစ်ရောင်ရမ်းမှုတွေလျော့နည်းစေဖို့ Omega-3 အဆီပိုစားပြီး  Omega-6 အဆီလျှော့စားသင့်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အနီရောင်အသားတွေကို လျှော့စားပြီး ဟင်းသီးဟင်းရွက်အဆီ၊ ငါး စတာတွေနဲ့  Omega-3  ဖြည့်စွက်တဲ့အစာတွေ စားသုံးသင့်ပါတယ်။

ဆီကြော်စာနဲ့ အသင့်အမြန်စားအစာတွေ စားသုံး မှုကိုရှောင်ပါ။ အဆင့်ဆင့်ပြန်ကြော်ထားတဲ့ အစားအစာတွေ၊ အသင့်အမြန်စားအစာတွေ စားသုံးတာ   ခန္ဓာကိုယ်တွင်း    ရောင်ရမ်းမှုတွေဖြစ်စေလို့ သွေးလေးဖက်နာရောဂါ လက္ခဏာကို  ပိုဆိုးစေပါတယ်။   အဲဒီအစားအစာတွေ စားသုံးမယ့်အစား အဆီများတဲ့ငါး၊   ဟင်းသီးဟင်းရွက်နဲ့  အစေ့အဆန်တွေကို စားသုံးသင့်ပါတယ်။

ရောဂါကုသမှု  နောက်ကျခြင်းဖြစ်နိုင်ပါတယ်။ သွေးလေးဖက်နာရောဂါရဲ့ အစောဆုံးလက္ခဏာတွေ တွေ့ရှိကတည်းက    ဆရာဝန်ထံပြသပြီး   ကုသမှုတွေဆောင်ရွက်သင့်ပါတယ်။   အဆစ်ရောင်ရမ်း နာကျင်မှုခံစားရတဲ့အခါ ပိုမိုဆိုးရွားတဲ့ အခြေအနေမရောက်မီ ကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရောဂါသက်သာမှု မြန်ဆန်စေမှာ ဖြစ်ပါတယ်။

တက်ကြွလှုပ်ရှားမှုရှိပါစေ။ သုတေသနစာတမ်းအရ  ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုမရှိတာက   သွေးလေးဖက်နာ ရောဂါလက္ခဏာတွေကို    ပိုဆိုးစေပါတယ်။ အထိုင်များတဲ့နေထိုင်မှုပုံစံက ကျန်းမာရေးကို  ထိခိုက်စေပြီး  နှလုံးရောဂါအပြင်   အရိုးအဆစ်ရောဂါတွေ  ဖြစ်ပွားနိုင်ခြေကိုလည်း မြင့်မားစေပါတယ်။   ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို လုပ်ဆောင်တာက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေကို လျော့နည်းစေပြီး သွေးလေးဖက်နာ ရောဂါလက္ခဏာတွေ သက်သာစေပါတယ်။  နေ့စဉ်   နာရီဝက်ကနေ တစ်နာရီကြာ   အပြေး၊  ရွရွပြေး၊  လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်ပေးသင့်ပါတယ်။

ဆားနဲ့ပြုလုပ်ထားတဲ့   တာရှည်ခံအစားအစာစားသုံးခြင်းကို ရှောင်ပါ။ တာရှည်ခံအောင် ဆားထည့် ပြီး အခြောက်လှန်းထားတဲ့ ငါးခြောက်၊ ငါးပိ စတာတွေနဲ့ တာရှည်ခံဆေးထည့်ထားတဲ့ အစားအစာ တွေကို စားသုံးတာက အဆစ်ရောင်ရမ်းမှု ဖြစ်စေပါတယ်။ အစားအစာတွေ ဝယ်ယူတဲ့အခါ အညွှန်းကို သေချာစွာ ဖတ်ပြီးမှ ဝယ်ယူပါ။

လေ့ကျင့်ခန်း   ပြင်းပြင်းထန်ထန်လုပ်ခြင်းကို ရှောင်ပါ။ ကြွက်သားတွေရဲ့ အရိုးအဆစ်တွေ သန်မာ စေဖို့ လေ့ကျင့်ခန်းက အရေးကြီးပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း    ပြင်းပြင်းထန်ထန် လုပ်တာမျိုးက အရိုးအဆစ်တွေ ရောင်ရမ်းနာကျင်မှုကို ပိုဆိုးစေပါတယ်။ အဆစ်တွေ ရောင်ရမ်းနေရင်  ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်တာကို ရှောင်ကြဉ်ရပါမယ်။ ဆွဲဆန့်လေ့ကျင့်ခန်းတွေက အဆစ်တွေရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်စွမ်းကို     ပိုမိုကောင်းမွန် စေပါတယ်။

လေ့ကျင့်ခန်း စတင်လုပ်ဆောင်ရာမှာ    ကိုယ်နဲ့သင့်တော်ပြီး   ပုံမှန်ပြုလုပ်နိုင်မယ့်   သင့်တင့်တဲ့ လေ့ကျင့်ခန်းတွေကို နာရီဝက်ကနေ တစ်နာရီကြာ ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

စိတ်ဖိစီးမှုမဖြစ်အောင် နေထိုင်ပါ။ စိတ်ဖိစီးမှုများ တဲ့ နေထိုင်မှုပုံစံက  ခန္ဓာကိုယ်ရဲ့  ခုခံအားစနစ်ကို ပြောင်းလဲစေလို့ အဆစ်နာကျင်မှုကို ပိုဆိုးစေပါတယ်။ သုတေသီတွေက စိတ်ဖိစီးမှုနဲ့ သွေးလေးဖက်နာ အကြောင်း လေ့လာခဲ့ရာမှာ အမှန်တကယ်ဆက်စပ်မှု ရှိတာကို တွေ့ရှိခဲ့ပါတယ်။ စိတ်ဖိစီးမှုကို လျော့နည်းစေတဲ့  တရားထိုင်တာ၊ ယောဂကျင့်တာတွေ ပြုလုပ်ပေးသင့်ပါတယ်။

နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ပါဝင်တဲ့ ပရိုတင်းတစ်မျိုးက အဆစ်ရောင်ရမ်းမှုကို ဖြစ်စေပါတယ်။ လေ့လာမှုအရ ပရိုတင်းက အဆစ်တစ်ဝိုက်မှာရှိတဲ့ တစ်သျှူးတွေကို လှုံ့ဆော်ပေးလို့ အဆစ်ရောင်ရမ်းနာကျင်မှု တွေကို   ခံစားရစေပါတယ်။   ဒါကြောင့်  သွေးလေးဖက်နာရောဂါရှိသူတွေက   ပရိုတင်းဓာတ်ကို အသား၊ နို့ထွက်ပစ္စည်းတွေကနေ  ရယူမယ့်အစား အစေ့အဆန်၊ တိုဟူး၊ ပဲအမျိုးမျိုးတို့ကို စားသုံးပြီး ရယူသင့်ပါတယ်။

သွေးလေးဖက်နာက   နာတာရှည်အဆစ်အမျက်တွေ ရောင်ရမ်းတဲ့ရောဂါဖြစ်ပြီး ခုခံအားကမောက် ကမဖြစ်တဲ့ ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ခုခံအားက ခန္ဓာကိုယ်ရဲ့ ဆဲလ်အတွင်း မှားယွင်းပြီး တိုက်ခိုက်ရာကနေ ဖြစ်လာတဲ့ရောဂါ ဖြစ်ပါတယ်။ အဆစ်အမျက်တွေအပြင် ခန္ဓာကိုယ်တစ်ခုလုံးကို ထိခိုက်စေနိုင်ပါတယ်။ အထင်ရှားဆုံးက အရိုးအဆစ်တွေ ဖြစ်ပါတယ်။

နံနက်ပိုင်းအချိန်မှာ သို့မဟုတ် လှုပ်ရှားမှုနည်းတဲ့ အချိန်တွေမှာ အဆစ်တွေတောင့်တင်းပြီး လှုပ်ရှားရ ခက်တာမျိုး ခံစားရနိုင်ပါတယ်။ အဲဒီလိုခံစားမှုမျိုးက မိနစ်  ၃၀  လောက်ကြာတတ်ပါတယ်။    အဆစ်သေး လေးတွေ ထိခိုက်တာများပြီး ရောင်ရမ်းတာ၊ ထိလိုက်ရင်    နာတာတွေဖြစ်တတ်တယ်။   လက်နှစ်ဖက်၊ ခြေနှစ်ဖက်စလုံးမှာဖြစ်တတ်ပါတယ်။ ဒါ့ပြင် ဖျားတာ၊ ကိုယ်အလေးချိန်ကျဆင်းတာ၊ နုံးတာ၊ အားမရှိသလို ခံစားရတာတွေလည်း ဖြစ်နိုင်ပါတယ်။ သွေးလေးဖက်နာရဲ့ပြဿနာက     အရှင်းမပျောက်ဘဲ ဖြစ်လိုက်၊ ပျောက်လိုက်   ဖြစ်နေတတ်တာပါ။

တစ်ခါတစ်ရံ‌  ကောင်းနေရာကနေ  ရုတ်တရက်ပြန်ပြီးနာကျင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

သွေးလေးဖက်နာရောဂါက ခုခံအားစနစ်အပြင် အရိုးအမြှေးပါးကိုပါ  တိုက်ခိုက်နိုင်ပါတယ်။  ရောဂါသက်တမ်း ကြာလာတဲ့အခါ ခန္ဓာကိုယ်ထဲက အရိုးနုတွေပါ ပျက်စီးလာစေပါတယ်။ အဆစ်ကိုဆိုင်းထား တဲ့အရွတ်တွေ၊ အရွတ်ကွဲတွေကိုပါ ထိခိုက်စေပြီး အဆစ်ကို ပုံစံမှန်အောင် မထိန်းပေးနိုင်တော့ပါဘူး။ ဒါကြောင့်    သွေးလေးဖက်နာ ရောဂါသည်တွေက ရောဂါသက်တမ်းကြာလာရင် အဆစ်တွေကောက် ကွေးပြီး ပုံပျက်လာပါတယ်။

ဒါ့ပြင် မျက်လုံးမှာ မျက်သားခြောက်တာ၊ ရောင် ရမ်းတာ၊ အမြင်မှုန်တာ၊ အရေပြားမှာ အဖုတွေထွက် လာတာ၊ သွေးကြောတွေရောင်ရမ်းတာတွေလည်း ရှိတတ်ပါတယ်။ သွေးလေးဖက်နာရောဂါရှိသူတွေက အဆစ်တွေ နာကျင်တတ်တာကြောင့် လေ့ကျင့်ခန်း မလုပ်နိုင်ကြပါဘူး။  အဝလွန်ပြီး   သွေးချိုဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောရောဂါတွေ ဖြစ်တတ်ပါတယ်။ ပါးစပ်မှာ အနာတွေပေါက်တာ၊ ခံတွင်းခြောက်တာ၊ သွားဖုံးရောင်တာ၊ အဆုတ်ရောင် ရမ်းတာတွေကြောင့်  အသက်ရှူရခက်စေနိုင်ပါတယ်။ ဒါတွေက အဆစ်ရောင်တဲ့အပြင် တခြားခန္ဓာကိုယ် အစိတ်အပိုင်းတွေပါ ထိခိုက်စေတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

လေးဖက်နာအမျိုးအစားတွေအနေနဲ့ အရေပြား လေးဖက်နာ၊ ပိုးလေးဖက်နာ၊ သွေးလေးဖက်နာဆိုပြီး ရှိပါတယ်။ သွေးလေးဖက်နာကတော့ အရိုးအဆစ် တွေပုံပျက်လောက်အောင် ထိခိုက်တတ်တဲ့ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်မပြတ်ဘဲ ဆေးတွေနဲ့ထိန်းထားရတဲ့ ရောဂါ ဖြစ်တယ်။ သွေးလေးဖက်နာ ရောဂါကုသတဲ့ နေရာမှာ ဆရာဝန်အပြင် လူနာရဲ့ ပူးပေါင်းပါဝင်မှုကလည်း အရေးကြီး တဲ့အတွက် လူနာကိုယ်တိုင်က ရှောင်ကြဉ်သင့်တဲ့ အချက်တွေကို    သိရှိထားသင့်ပါကြောင်း ရေးသား လိုက်ရပါတယ်။        ။

ဒေါက်တာလွင်သန့်