မြစ်ကို အလျားစုန်ကူးခဲ့သည်

မြစ်ကို အလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ဆောင်းညနေခင်းသည်  သဘာဝနဲ့လိုက်လျော ညီထွေစွာ    ချမ်းချမ်းမြမြ     အေးစိမ့်နေပေသည်။

ကျွန်တော်    ညနေစာစားပြီးချိန်မို့     အိမ်ခြံဝင်းရှေ့ ကမ်းနားလမ်းသို့ထွက်ပြီး    မြစ်ပြင်ကျယ်ကြီးကို ငေးစိုက်ကြည့်နေမိသည်။ ကျွန်တော် မြစ်ကမ်းနံဘေး တွင် မတ်တပ်ရပ်နေရင်း ကျွန်တော်၏လက်ဝဲဘက် လမ်းကြောင်းတွင် ရိပ်ခနဲတွေ့၍ ကျွန်တော်ဖျတ်ခနဲ လှမ်းကြည့်လိုက်ရာ  “ဟင် ဘကြီး၊ ကြီးကြီး” သရက် တောင်ရွာက ကျွန်တော့်ဘကြီးနှင့် ကြီးကြီးပေတည်း။ အိတ်ကြီးတစ်လုံးကိုသယ်ပြီး ကြီးကြီးက ဘကြီးကို လက်ဆွဲခေါ်ပြီး    လမ်းအတိုင်းဝင်လာကြသည်။ ကျွန်တော် ခပ်သွက်သွက်လှမ်းသွားပြီး ဘကြီးလက်ကို လှမ်းကိုင်လိုက်သည်။

“ဘကြီးနဲ့ ကြီးကြီး  ဘယ်လိုရောက်လာကြတာ လဲဗျာ အံ့ဩစရာကြီးပဲ”

“ဟုတ်တယ်သားရယ်၊ ကျောက်ဖြူက အပတ်စဉ် ထွက်တဲ့   ရက်မှန်မော်တော်နဲ့   လိုက်လာကြတာ။ ဆိုက်ကားသမားက ဒီလမ်းအတိုင်းဝင်သွားလိုက်ကြပြောလို့ လျှောက်လာကြတာ”

“ဟင်  ဘကြီးမှာမျက်နှာလည်း   အဝတ်နဲ့စည်း လို့ပါလား”

“သားရယ် ဘကြီးနဲ့ကြီးကြီး လယ်ထဲ  စပါးရိတ်နေကြတုန်း  ဘကြီးက  ငါးပြေမမြေကျင်း  နင်းမိလို့ ဗြုန်းခနဲထိုင်လိုက်မိတာ  ကောက်ရိုးရိုးပြတ်ငုတ်တို မျက်လုံးကို ထိုးမိလို့ မျက်လုံးပေါက်သွားတာကွဲ့”

“ဪ ဒုက္ခပါလား လာလာလာ”

ကျွန်တော်   ကြီးကြီးဆီက   အိတ်ကြီးကိုဆွဲပြီး ဘကြီးကိုလက်ဆွဲကာ အိမ်သို့ခေါ်လာခဲ့သည်။

ကျွန်တော်သည်   ကြီးကြီးကို  အိမ်မှာထားခဲ့ပြီး ဘကြီးကိုခေါ်ကာ   ဆိုက်ကားဖြင့်   ဆေးရုံသို့သွား လိုက်ကြသည်။  ဆရာဝန်က အတွင်းလူနာအဖြစ် ဆေးရုံတက်ခိုင်းသည်။  နောက်ဆုံးအဖြေကတော့ မျက်လုံးအိမ်ပျက်သွားသဖြင့်    အလင်းပြန်ရရန်မရှိ တော့ဟုဆိုသည်။   ဆေးရုံက   မျက်စိဒဏ်ရာကိုပဲ အနာကျက်အောင်ဆေးကုပြီး ရွာသို့ပြန်စေခဲ့သည်။ ဘကြီးမှာလည်း    အသက်ဆုံးသည့်တိုင်   မျက်လုံးတစ်ဖက်ဖြင့်သာ ရပ်တည်သွားခဲ့ရပေသည်။ ကြီးကြီးမှာ ကျွန်တော့်အမေ၏ အစ်မကြီးပင်ဖြစ်သည်။

ကြီးကြီးသည် ရွာပြန်ခါနီး ကျွန်တော့်ကို တိုးတိုး လေး ပြောရှာသည်။

“သားရယ် ကြီးကြီးသားကို အားနာတာနဲ့မပြော ဖြစ်ဘူး”

ကြီးကြီးစကားကြောင့်ကျွန်တော်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

“ပြောပါ ကြီးကြီးရယ်၊ ပြောပါ ဘာကိစ္စများလဲဗျာ”

“ဒီလို  သားရယ်  သားညီလေး   သန်းမြင့်လေး ဆုံးသွားရှာတယ်”

“ဟင်”

အဆင်မပြေမှု   သောကတွေနဲ့   ရင်ထဲမရွှင်ပျ ဖြစ်နေသော  ကျွန်တော့်ကမ္ဘာလေးထဲသို့  သောက တစ်ပွင့် ကြွေလွင့်လာခဲ့ပြန်ရာ ရင်ဘတ်ထဲဗလောင် ဆူသွားသည်။

“ကျွန်တော် သိပ်ချစ်တဲ့ညီလေး ဘာဖြစ်တာလဲဗျာ၊ ဘယ်လိုဖြစ်လို့ ဆုံးရတာလဲဗျာ”

“ကြီးကြီးတို့လည်း စပါးရိတ်တုန်းဆိုတော့ လယ်ထဲ ရောက်နေကြတာလေ  သားရဲ့။   အဖျားကြီးတယ်လို့ ပြောတာပဲ”

“ဟာဗျာ ဟီး ဟီး ဟီး ဟီး ကျွန်တော် ကြီးကြီးတို့နဲ့ ရွာပြန်လိုက်မယ်ဗျာ၊ ကျွန်တော့်ညီလေးကို ကျွန်တော် အရမ်းချစ်တယ်”

“သားလိုက်လို့ ဘယ်ဖြစ်မလဲ၊ သားမှာက စာမေးပွဲ နီးနေပြီမဟုတ်လား၊  သားအဖေနဲ့  အမေတို့လည်း သားမှာ စာမေးပွဲနီးနေတော့  သားဆီ အသိမပေးခဲ့ ကြတာလေ”

“ဟီး ဟီး ဟီး ဟီး ဟီး”

ကျွန်တော်သည် ညီလေးကိုချစ်သည့်စိတ်၊ နှမျော သည့်စိတ်၊ ယူကျုံးမရသည့်  စိတ်တို့ကြောင့် ရင်ထဲ မချိအောင်  ခံစားသွားရပြီး ကလေးတစ်ယောက်လို ဟီးချကာ ငိုပစ်လိုက်သည်။

 

၁၉၆၆-၁၉၆၇  ပညာသင်နှစ်   မတ်လတန်းမြင့်ကျောင်းထွက်လက်မှတ်ရပွဲကား    ပြီးသွားခဲ့လေပြီ။  မြန်မာစာ၊ သမိုင်း၊ ပထဝီဝင်မေးခွန်းများကို ကျွန်တော်ပုဒ်စေ့ဖြေနိုင်ခဲ့သည်။ အင်္ဂလိပ်နှင့် သင်္ချာ(၁)၊  သင်္ချာ (၂)မေးခွန်းများကိုမူ ပုဒ်စေ့မဖြေနိုင်ခဲ့ပေ။ ကျွန်တော်

နဲ့တွဲဖြစ်ကြသော  သူငယ်ချင်းများထဲက   ကောင်း

ကောင်းဖြေနိုင်သည်ဆိုသော ရွှေမြနှင့်ထွန်းဝင်းကို ကျွန်တော်ဖြေထားခဲ့မှုကိုပြောပြပြီး   စစ်ဆေးခိုင်းခဲ့ သည်။ သူတို့နှစ်ယောက်စလုံးက ''ဘာမှမပူနဲ့ အေးအေး ဆေးဆေး  အောင်မှတ်ဝင်တယ်''လို့   ဆိုကြသည်။ သူတို့မှာ သင်္ချာ၊ အင်္ဂလိပ်စာ ကောင်းကောင်းလိုက်နိုင်သော   ကျောင်းသားများဖြစ်ကြ၍   သူတို့ပြောစကားကို ကျွန်တော် တော်တော်ကျေနပ်သွားသည်။

ကျွန်တော် စာမေးပွဲဖြေပြီးသည့်နေ့မှာပဲ စာတိုက်မှ စာအုပ်တစ်အုပ်လာပို့သည်။ ဖွင့်ဖောက်ကြည့်လိုက်တော့ ချိုတေးသံမဂ္ဂဇင်းဖြစ်နေခဲ့သည်။ မဂ္ဂဇင်းမှာ စာမူဖော်ပြထားမှုကြောင့် စာမူခအဖြစ် မေတ္တာ လက်ဆောင်ပေးပို့ခြင်း ဖြစ်ပေသည်။ ကျွန်တော်သည် အားရဝမ်းသာဖြစ်ပြီး  မဂ္ဂဇင်းကို  ဖွင့်ဖောက်ကြည့် လိုက်ရာ "ဆီးကြိုနှင့်တော့" ကဗျာ ဖြစ်နေခဲ့သည်။ စာမေးပွဲမဖြေမီ   နှစ်လကျော်ကျော်လောက်ကပင် ပင်လယ်ကမ်းခြေဘက် လမ်းလျှောက်ထွက်ရင်း မြစ်ကမ်းခြေ ပင်လယ်ကဗွီးပင်ကြီးအောက် ထိုင်ရင်း ရေးစပ်ခဲ့သော ကဗျာဖြစ်သည်။

ဆီးကြိုနှင့်တော့

ဆောင်းရက်ကုန်ကျူး၊ ဂိမှာန်ဦးမို့ လေရူးတွေလည်းမြူးလေပြီ။

နွေလေသရမ်း၊ တိုက်ခတ်ကြမ်းမို့ ရွက်နွမ်းမြေခ သက်ခဲ့ပြီ။

ရပ်တိုင်းရှစ်ခွင်၊ အာကာပြင်လည်း တိမ်သင်တိုင်းခြုံ၊ ထက်လွှာဘုံဝယ် ရောင်စုံတိမ်များ မြူးလေပြီ။

ခွန်းထောက်သံချို၊ ဥသြပျိုလည်း နွေကိုကြိုကာ၊ ပင်ကိုင်းညှာမှ သံသာတေးကို သီလေပြီ။

ကျောင်းတော်မြေကား၊ စွန့်ပစ်ထားသို့ တံခါးတွေပိတ်၊ သော့တွဲချိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပေပြီ။

ကျောင်းတော်လည်းပိတ်၊ သော့တွဲချိတ်မို့  အတိတ်နွေက၊ ခွဲခွာကြရ ပန်းနှမရေ မသွေခုခါ၊ ကိုယ်လာမှာကြောင့်

ရွာအဝင်လမ်း၊ ခရေတန်းက မှန်းလို့ဆီးကြိုနှင့်တော့ကွယ်။   ။

ကျောက်ဖြူ မောင်ညွန့်လွင်

ယင်းအချိန်က ချိုတေးသံမဂ္ဂဇင်းမှာ စာမူတစ်ပုဒ် ဖော်ပြခံရလျှင် မေတ္တာလက်ဆောင် မဂ္ဂဇင်းတစ်အုပ်စီ စာတိုက်မှတစ်ဆင့်ပို့ပေးလေ့ရှိပါသည်။ ကျွန်တော့်မှာ ကဗျာတစ်ပုဒ်စီဖော်ပြခံရတိုင်း   အခါခါဖတ်သည်။ သူငယ်ချင်းတွေကိုပြသည်။   ခုတော့ကျောင်းကြီးလည်း  ပိတ်ထားခဲ့လေပြီဖြစ်၍  သူငယ်ချင်းတွေနဲ့ မဆုံဖြစ်ခဲ့သလို ကျောင်းသားတိုင်းလည်း သွားသွား လာလာပင် သိပ်မရှိကြတော့ပေ။  သို့ဖြစ်၍ ကဗျာလေးကို    အခါခါဖတ်ပြီး   သိမ်းထားလိုက်တော့သည်။

 

ဆက်လက်ဖော်ပြပါမည်။