ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

ကကြီးခခွေး၊ မတတ်သေး၊ လူရေးညံ့တော့သည်

ဓ / ဒါ့အောက်ချိုက် /

ဓ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် ဆယ့်ကိုးလုံး မြောက်ဗျည်းအက္ခရာဖြစ်သည်။   ဓအောက်ခြိုက်ဟုခေါ်သည်။ ဓအောက်ခြိုက်အက္ခရာ၏    အောက်ဘက်တွင်     ခြိုက်နေသဖြင့်  ဓအောက်ခြိုက်ဟုခေါ်ခြင်းဖြစ်သည်။    ဗထက်ခြိုက်ဟူသောဗျည်း အက္ခရာလည်းရှိသည်။   ဗထက်ခြိုက် အက္ခရာတွင်မူ  ဗထက်ခြိုက် ၏ အထက်ဘက်တွင်အခြိုက်မှာ ထင်ရှားသည်။ ဓအောက်ခြိုက်တွင်မူ အမည်အားဖြင့်  အောက်တွင်အခြိုက်မထင်ရှားပေ။    ရှေးအခါက ဓအောက်ခြိုက်၏ အောက်ဘက်အခြိုက်မှာ  သိသာလောက်အောင် ပေါ်နေသေးသည်။ ယခုအခါတွင်ကား အောက်ဘက်အခြိုက်နေရာ တွင်   အလုံးအဆန်ဖြစ်နေပေသည်။   ဓ ဗျည်းအက္ခရာကို ဒုတိယ ကျော်အောင်စံထားဆရာတော်က ဓအောက်ချိုက်ဟုရေးသည်။ ယပင့် ချိုက်နှင့်ပြသည်။ ယခုအခါ ရရစ်ခြိုက်ကို ပြဋ္ဌာန်းသည်။ ဝဏ္ဏဗောဓန သတ်အင်း၊ ကဗျာသာရတ္ထသင်္ဂဟသတ်ပုံ၊ ရတနာကြေးမုံသတ်ပုံတို့ကို အလေးဂရုပြုဟန်တူသည်။ ခေတ်သတ်ပုံကျမ်းများတွင်လည်း ရရစ် ခြိုက်ကို လက်ခံကြသဖြင့် အသုံးတွင်ရာ အရေးကို ပြဋ္ဌာန်းသည်ဟု ဆိုရမည်။ မြန်မာဘာသာတွင် ဎရေမှုတ်နှင့် ဓအောက်ခြိုက် အသံထွက် တူနေသဖြင့် ဎရေမှုတ်နှင့် ဓအောက်ခြိုက်ကို အသံဖြင့်မခွဲနိုင်သော ကြောင့် အမည်ဖြင့် ခွဲခြားသတ်မှတ်သည်ဟု ဆိုရမည်။ ဗျည်းတစ်လုံးက ရေမှုတ်နှင့်တူသော  ဎ - ဎရေမှုတ်၊ ဗျည်းတစ်လုံးက အောက်ဘက်၌ အခြိုက်ပါသော ဓ - ဓအောက်ခြိုက်။ ဓအောက်ခြိုက်သည် တဝဂ်ဗျည်း ငါးလုံးတွင် စတုတ္ထဗျည်းအက္ခရာဖြစ်သည်။  ထို့ကြောင့်   တဝဂ်၏ စတုတ္ထက္ခရာ ဟုခေါ်သည်။ သံထင်သံတင်းဗျည်းဖြစ်သည်။  သံပြင်း သံတင်းဗျည်းဟုလည်းဆိုသည်။ ဓ သည် ပါဠိဘာသာတွင် ဒန္တဇအက္ခရာ ဖြစ်သည်။ မြန်မာဘာသာတွင်မူ မုဒ္ဓဇအက္ခရာဖြစ်သည်။ လျှာထိပ်ဌာန် တွင်ဖြစ်သည်။ ဓ နှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော် က ဝေါဟာရတ္ထပကာသနီကျမ်းတွင် ဓအောက်ချိုက် (ဓအောက်ခြိုက်) အက္ခရာ၌လည်း သံယုဂ်ရှိမဲ့မထူး။ အချို့သောသူတို့သည် အောက်ချိုက် ဟူသည်နှင့်လျော်စွာ အောက်အပြင်ကို  ညွတ်ဝင်စေလျက်   ချိုက်၍ ရေးကုန်၏။ အချို့သောသူတို့ကား မ အက္ခရာ၏  မျက်နှာဝအထက် အပြင်ကို ပိတ်စပ်သော အသွင်ဖြင့်သာရေးကုန်၏။   ထိုတွင်  အောက် အပြင်ကို ဝင်ညွတ်စေသည်မှာ ဓအောက်ချိုက်ဟူသော အမည်နှင့်လည်း လျော်၏။ ရှေးသူဟောင်းတို့ အသုံးအစွဲလည်းများ၏။ မ ၏ မျက်နှာဝ ကို ပိတ်၏သို့ ရေးသည်မှာလည်း အမည်နှင့်မလျော်ဆိုရပါသည်သာ။ တစ်ပါးအက္ခရာအသွင်တူမရှိသောကြောင့် ထွေးယှက်ဖွယ်မရှိ။ သိသာ လေသောကြောင့် နှစ်သက်သည်။ ရေးလွယ်သည်သာ အကြောင်းဖြစ် သည် ဟုရှင်းပြထားပါသည်။

ဓအောက်ခြိုက်သည်   စုတ်ချက်တစ်ချက်ဆွဲ     အက္ခရာဖြစ်

သည်။

န / နာ့ငယ် /

န သည် မြန်မာဗျည်းအက္ခရာ  သုံးဆယ့်သုံးလုံးတွင်    အလုံး နှစ်ဆယ်မြောက် ဗျည်းအက္ခရာဖြစ်သည်။ နငယ်ဟုခေါ်သည်။ ဏကြီး အက္ခရာနှင့်နှိုင်းဆလျှင် ပမာဏငယ်သဖြင့် နငယ်ဟုခေါ်ခြင်းဖြစ်သည်။ ရှေးကျောက်စာမင်စာများတွင် နငယ်သည်အခြားအက္ခရာ တော်တော် များများအောက် ငယ်သည်ကိုလည်း တွေ့ရသည်။ နငယ်သည် တဝဂ် ဗျည်းအက္ခရာငါးလုံးတွင် ပဉ္စမဗျည်းအက္ခရာဖြစ်သည်။  ထို့ကြောင့် တဝဂ်၏ ပဉ္စမက္ခရာဟုခေါ်သည်။ နငယ်သည် တဝဂ်တွင် နောက်ဆုံး ဗျည်းဖြစ်သဖြင့်လည်း ဝဂ္ဂန္တအက္ခရာဟုဆိုပြန်သည်။ သံထင်သံလျော့ ဖြစ်သည်။ သံပြင်းသံလျော့ဟုလည်းဆိုသည်။ န သည် ပါဠိဘာသာတွင် ဒန္တဇအက္ခရာဖြစ်သည်။ မြန်မာဘာသာတွင်မူ နငယ်ကို ဏကြီးနှင့် အတူ အသံထွက်ရွတ်ဆိုပြီးဏကြီးအသံဖြစ်ရာ ဌာန်တွင် အသံထွက် သဖြင့် မုဒ္ဓဇအက္ခရာဟုဆိုရသည်။ ယခုခေတ် သဒ္ဒဗေဒကျမ်းများတွင် သွားရင်းဖြစ်ဗျည်းဟုဆိုသည်။ ဌာန်အမည်ကွဲသော်လည်း  နေရာ တူဟန်ရှိသည်။  နငယ်နှင့်ပတ်သက်၍    ဒုတိယကျော်အောင်စံထား ဆရာတော်က  ဝေါဟာရတ္ထပကာသနီကျမ်းတွင်   နငယ်အက္ခရာ၌ လည်း သံယုဂ်ရှိမဲ့ မထူးသင့်ပြီ။ အချို့ကား ဦးခေါင်းမဲ့အခွေအလိပ်တွင် အမြီး အခြေထွက်ကာသာရေးကုန်၏။  အချို့ကား န ဒွေးဘော်တွင် အောက်ဆွဲသည်ကိုသာ အပိုဆင့်မြင့်မားလွန်းအံ့ထင်၍  ဦးခေါင်းမဲ့ ရေးကုန်၏။ ည အက္ခရာ၌ ဆိုခဲ့ပြီးသောအတိုင်း မင်္ဂလာယူရဖွယ် ရှိသောကြောင့်လည်းကောင်း၊ ရှေးသူဟောင်းတို့ တပ်၍သာ၊ အသုံးအစွဲ များသောကြောင့်လည်းကောင်း၊ သာရုပ္ပရှိသောကြောင့်လည်းကောင်း မသာမယာသောအခါ ရေးရပေသော်လည်း  အသာအယာ   အတင့် အတယ်နေရာ၌ ဦးခေါင်းရှိရေးရာမှာ သင့်နိုး၏။ ဦးခေါင်းတပ်သော အရာတွင် င အက္ခရာကဲ့သို့ နောက်သို့ မျက်နှာဝ အကွေးအငယ်ထင်စေ ၍ ရေးရမည့်အတွက်ကို ပဌမံဗိန္ဒုမေဝစ ဟူသော စကားကိုလိုက်၍ ဝ အက္ခရာကဲ့သို့ အချို့ရေးကုန်၏။ထိုဗိန္ဒုကဲ့သို့ ရှေးဦးစ၍ ရေးခြင်း၌ ထိုဆိုတိုင်း ရေးသောကြောင့် အကျိုးမဲ့ရေးသော်လည်း အပြစ်ကို အထူးမထင် ဟု ရှင်းပြထားပါသည်။

ထို့ပြင် နကောင်း၊ နကန်း ဟူသော စကားနှင့် ပတ်သက်၍လည်း ဆရာတော်က ရှင်းပြခဲ့ပါသေးသည်။ ဆရာတော်က နမော စသော ပုဒ်၌ န ကား နကန်း၊ နတ္ထိ စသော ပုဒ်၌ န ကား နကောင်းဟူ၍ ခွဲ၍ဆိုကုန်၏ ဟူ၍လည်းကောင်း၊ န အက္ခရာ၌ အနက်မြင်သည်ကို နကောင်း၊ မမြင်သည်ကို နကန်း ဟူသောစကားသည် သဘောယုတ္တိ ရှိသည်ဖြစ်၏ ဟူ၍လည်းကောင်း မိန့်မှာခဲ့ပါသည်။

အထူးသတိပြုရန်မှာ နငယ်ကို တစ်ချောင်း၊  နှစ်ချောင်းငင်ရာတွင်

(နု၊ နူ) လည်းကောင်း၊ တ ထ ဒ ဓ န တို့နှင့် ဆင့်ရာတွင် (န္တ၊ န္ထ၊ န္ဒ၊ န္ဓ၊ န္န )

လည်းကောင်း၊ ယပင့်၊ ဝဆွဲ၊ ဟထိုးတို့နှင့် ယှဉ်ဖက်ရာတွင် (နျ၊ နွ၊ နှ၊ နွှ )

လည်းကောင်း နငယ်အမြီးကို တိုစေလျက် ရှေ့ဘက်သို့ လွှဲထုတ်ပြီး ရေးဆွဲရန်ဖြစ်ပေသည်။

နငယ်သည် စုတ်ချက်တစ်ချက်ဆွဲ အက္ခရာဖြစ်သည်။

 

ပ / ပါ့ဇောက် /

ပ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင်  နှစ်ဆယ့် တစ်လုံးမြောက်ဗျည်းအက္ခရာဖြစ်သည်။   ပစောက်ဟုခေါ်သည်။ အစောက်ပါသော ပ ဟုဆိုလိုသည်။    ပစောက်၏သဏ္ဌာန်သည် ခပ်ပျပ်ပျပ် မဟုတ်၊ ခပ်စောက်စောက်ဖြစ်သည်ကို ပေါ်လွင်စေသော အမည်ဖြစ်သည်။ ပစောက်သည် ပ ဖ ဗ ဘ မ ဟူသော အက္ခရာငါးလုံး ဖြစ်သည့် ဝဂ်ဗျည်းများကို ဦးဆောင်သည့်ဗျည်းဖြစ်သည်။ ထို့ကြောင့် ပ ဖ ဗ ဘ မ ဟူသော ဝဂ်ဗျည်းငါးလုံးကို ပဝဂ်ဗျည်းများဟု ခေါ်သည်။ ထိုဝဂ်ဗျည်းများတွင် ပစောက်သည်  အဦးအစ ပထမဗျည်းအက္ခရာ ဖြစ်သည်။ ထို့ကြောင့် ပ ကို ပဝဂ်၏ ပထမက္ခရာဟုဆိုသည်။ သံနုံ့ သံလျော့ဗျည်းဖြစ်သည်။သံညင်းသံလျော့ဗျည်းဟုလည်း ဆိုကြသည်။ ပါဠိဝေါဟာရအရ အဃောသသိထိလအက္ခရာဖြစ်သည်။ ပါဠိဘာသာ တွင်လည်း သြဋ္ဌဇအက္ခရာ၊ မြန်မာဘာသာတွင်လည်း သြဋ္ဌဇအက္ခရာ ပင်ဖြစ်သည်။ နှုတ်ခမ်းဌာန်ဖြစ် အက္ခရာဟု ဆိုလိုသည်။ ပ နှင့် ဖ တွင် ပ သည် သုဒ္ဓဗျည်း ဖ သည် ကာရိုက်ဗျည်းဖြစ်သည်။ ပစောက်နှင့် ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော်က   ဝေါဟာ ရတ္ထပကာသနီကျမ်းတွင် ပစောက် အက္ခရာ၌ကား သံယုဂ်ရှိမဲ့ မထူး သည်သာများ၏။ အချို့သောသူတို့သည် သဒိသဖြစ်သော ဒွေးဘော် တွင် အောက်၌တည်သော ပ ကို ခခွေးအက္ခရာမှာကဲ့သို့ အထက်ပနှင့် နောက်အဖို့ အတန်ငယ်ခြား၍ အောက်သို့ငင်ပြီးမှ ရှေ့သို့ခွေပတ်၍ ရေးသည်ကား မသင့်နိုး။ အဘယ်ကြောင့်နည်းဟူမူကား ပစောက်အက္ခရာ ရှေ့အစွန်းသည် ခွေ၍ ဝင်သည်မဟုတ်သောကြောင့် မသင့်လေ ဟု ရှင်းပြထားပါသည်။

ပစောက်သည် စုတ်ချက်နှစ်ချက်ဆွဲ အက္ခရာဖြစ်သည်။

 

ဖ / ဖာ့အုတ်ထုတ် /

ဖ သည် မြန်မာဗျည်းအက္ခရာ သုံးဆယ့်သုံးလုံးတွင် နှစ်ဆယ့်နှစ်လုံးမြောက် ဗျည်းအက္ခရာဖြစ်သည်။ ဦးထုပ်နှင့်သဏ္ဌာန်တူသော  ဖ ဟု ဆိုလိုသည်။  ဦးထုပ်ဆိုသည်မှာ    ယနေ့လူအများဆောင်းနေသော ဦးထုပ်ပင်ဖြစ်မည်လော၊  ဦးခေါင်းကို  ရစ်ပတ်သိမ်းထုပ်ထားသော ပုံသဏ္ဌာန်ရှိ အရာကိုပင် ခေါ်မည်လော စဉ်းစားဖွယ်ဖြစ်ပါသည်။ ပဖ ဗ ဘ မ ဟူသော  ပဝဂ်ဗျည်းငါးလုံးတွင်   ဒုတိယဗျည်းဖြစ်သည်။ ထို့ကြောင့်  ပဝဂ်၏ဒုတိယက္ခရာဟုခေါ်သည်။   သံနုံ့သံတင်းဗျည်း ဖြစ်သည်။ သံညင်းသံတင်းဟုလည်း ခေါ်သေးသည်။  ပ နှင့် ဖ တွင် ပ သည် သုဒ္ဓဗျည်း၊ ဖ သည် ကာရိုက်ဗျည်းဖြစ်သည်။ ပါဠိဝေါဟာရအရ အဃောသဓနိတဟု ခေါ်သည်။ နှုတ်ခမ်းဌာန်တွင်ဖြစ်သည်။ ဖဦးထုပ် နှင့်ပတ်သက်၍ ဒုတိယကျော်အောင်စံထားဆရာတော်က ဝေါဟာရတ္ထ ပကာသနီကျမ်းတွင် ဖဦးထုပ် (ဆရာတော်က ဖအုပ်ထုပ်ဟုရေးသည်။)  အက္ခရာ၌ကား ဒွေးဘော်ဖြစ်သောအခါ ပစောက်အက္ခရာ၊ မ အက္ခရာ တို့၏ အောက်၌သာ ဆွဲသင့်သောကြောင့် အချို့သဖြင့် အသွင်ဖောက်ရာ ၏။ ထိုပစောက်အက္ခရာ၏ အောက်၌ဆွဲသောအခါ ပစောက်အက္ခရာမှာကဲ့သို့   အောက်သို့ဝင်၍ ခွေညွတ်ခြင်းသည်  မသင့်။

မသင့်ဟန်ကား ပစောက်အက္ခရာနှင့်အတူ  ရှေ့အစွန်းခွေပတ်၍   ဝင်လိုသည်  မဟုတ်သောကြောင့် မသင့်ဖြစ်၏ စသည်ဖြင့် မှာထားပါသည်။

ဖဦးထုပ်သည် စုတ်ချက်သုံးချက်ဆွဲ အက္ခရာဖြစ်သည်။

 

ဒေါက်တာထွန်းတင့်