၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

 

၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်    စက်တင်ဘာ     ၂

၂၀၂၄  ခုနှစ်  ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင်   ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ   ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယနေ့အချိန်အခါတွင် တက္ကသိုလ်အားကစားကဏ္ဍကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များ၊ နိုင်ငံတော်အကြီးအကဲ၏ အားပေးလမ်းညွှန်မှုများအရ စဉ်ဆက်မပြတ် မြှင့်တင်ပေးလျက်ရှိကြောင်း၊ ယခုကျင်းပသည့်     ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို “တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့” ဆိုသည့် ဦးတည်ချက်နှင့် ကျင်းပပေးခြင်းဖြစ်ပြီး ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်သည့် တက္ကသိုလ်ကျောင်းသားအားကစားသမားများကို    ရွေးချယ ်လေ့ကျင့်ပြီး အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြစေမည် ဖြစ်ကြောင်း ပြောကြားရင်း ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးလိုက်ကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစား သစ္စာအဓိဋ္ဌာန်လေးချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူတို့သည် ပြိုင်ပွဲဝင်အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်၍  မိတ္ထီလာပညာရေးဒီဂရီကောလိပ်မှ ကျောင်းသူလေးများက ပန်းဖွား အကဖြင့် သရုပ်ဖော်ဖျော်ဖြေကြသည်။

ထို့နောက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည်    ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

ယနေ့ပွဲစဉ်အဖြစ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနကိုယ်စားပြု ဘောလုံးအသင်းနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ကိုယ်စားပြုဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ    သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကိုယ်စားပြု ဘောလုံး အသင်းက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ကိုယ်စားပြုဘောလုံးအသင်းကို ၇ ဂိုး  ၁ ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။

၂၀၂၄ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲကို တက္ကသိုလ်များ၏ ဘောလုံးအားကစား အဆင့်အတန်းကို မြှင့်တင်ရန်၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို အပြည့်အဝအထောက်အကူ ဖြစ်စေရန်၊  အားကစားစိတ်ဓာတ်ကို အရင်းခံပြီး အချင်းချင်းရင်းနှီးမှု၊   ဇွဲရှိမှု၊   သည်းခံမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊   စည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့စိတ်ဓာတ်ရှိမှု၊ စည်းကမ်းဥပဒေ၊ နည်းဥပဒေများကို  လေးစားလိုက်နာမှု၊ ယဉ်ကျေးသိမ်မွေ့မှုနှင့် နိုင်ငံ့သားကောင်းများ ဖြစ်မှုစသည့် ကောင်းမြတ်သောအရည်အသွေးများဖြင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်လာစေရန်၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲမှ ထွက်ပေါ်လာမည့် ထူးချွန်အားကစား သမားများမှသည်   နိုင်ငံတော်အတွက်အားထားရသည့်   မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်။

အဆိုပါ  ဘောလုံးပြိုင်ပွဲတွင်  နယ်စပ် ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  ဆည်မြောင်းဝန်ကြီးဌာန၊  သမဝါယမနှင့်    ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊    ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နှင့်ကျန်းမာရေး ဝန်ကြီးဌာနတို့မှ  သက် ဆိုင်ရာဝန်ကြီးဌာနကိုယ်စားပြုတက္ကသိုလ်များ ဘောလုံးအသင်းခုနစ်သင်းတို့ပါဝင်ပြီး ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၉ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ယခု  ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် အသင်းလိုက်  ပထမဆု၊  ဒုတိယဆု၊  တတိယဆု၊ စတုတ္ထဆုနှင့်  နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည့်အပြင် ထူးချွန်သည့်  ဘောလုံးအားကစားသမားများကို လာမည့် ၂၀၂၆ ခုနှစ် မလေးရှားနိုင်ငံတွင် ကျင်းပမည့်  (၂၂)ကြိမ်မြောက်  အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ဘောလုံးလက်ရွေးစင် အားကစားသမားများအဖြစ် ရွေးချယ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။  

Dates: 
Tuesday, September 3, 2024 - 06:49