ထိန်းသိမ်းထားသင့်သော မြန်မာ့ပဒေသာဝါးတော

ထိန်းသိမ်းထားသင့်သော မြန်မာ့ပဒေသာဝါးတော

ဝါးသည် မြန်မာလူမျိုးတို့အတွက် အသုံးပြုမှု အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် ပေါက်ရောက်လေ့ရှိသည်။    မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ဝါးပေါက်ရောက်မှု တတိယအများဆုံးဟု သိရသည်။   ဝါးကိုမြန်မာ့လူနေမှု စနစ်တွင် ပုံစံအမျိုးမျိုးဖြင့်  အသုံးပြုလျက်ရှိသည်။  လူနေအိမ်များ ဆောက်လုပ်ရာတွင်  ဝါးကိုအသုံးပြုကြသည်။  အခြားသော လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင်လည်း သုံးလေ့ရှိသည်။ အချို့သော မြန်မာ့လက်မှုပစ္စည်းများသည်လည်း ဝါးကိုအခြေခံ၍ ပြုလုပ်ကြသည်။    ဥပမာ-မြန်မာ့ယွန်းထည်ပစ္စည်းများပင် ဖြစ်သည်။

မြက်အနွယ်ဝင်ဝါး

ဝါးနှင့်ပတ်သက်၍ လူ့အသုံးအဆောင်ပစ္စည်းများကို လူတို့သည် နေ့စဉ်သော်လည်းကောင်း၊ ရံဖန်ရံခါသော် လည်းကောင်း    အသုံးပြုနေကြသော်လည်းဝါးကို လူ့အသုံးအဆောင်ပစ္စည်းပြုလုပ်သော အရာအဖြစ်သာ သိထားကြသည်။ အခြားအသုံးဝင်မှုများကိုမူ သတိမမူမိကြပေ။ တကယ်တမ်းတော့ဝါးသည် လူ့အသုံးအဆောင် ပစ္စည်းပြုလုပ်ရာတွင်  အသုံးပြုနိုင်သလို  အခြားသောအသုံးဝင်မှုများလည်း ရှိသည်။

ဝါးသည်မြက်အနွယ်ဝင်ဖြစ်သည်ဟု ဆိုကြသည်။

မြက်တို့သည် အစေ့မှပေါက်သောအခါ အခြားအပင်များနည်းတူ အမြစ်များနှင့် ပင်တံတစ်ခုတည်းထွက်သော အမျိုးကနည်း၏။   အတက်ထွက်၍သော်လည်းကောင်း၊  အစုလိုက်အပြုံလိုက် အရုံလိုက်သော်လည်းကောင်း ပေါက်လေ့ရှိသည်။ အချို့ကား မြေအောက်တွင် ရိုင်ဇိုမ်ခေါ် ပင်တံဖွဲ့၍ ထိုပင်တံမှအတက်နှင့် အခြားအပင်များ နည်းတူ အကိုင်းများ ပေါက်စေ၏။ ဝါးသည်လည်း   ဤနည်းအတိုင်း ပေါက်လေ့ရှိသည်။    ကမ္ဘာဦးအစက    ရေညှိရေမှော်လေးများမှတစ်ဆင့် မြက်ပင်ဖြစ်လာသည်။  ဝါးပင်သည် ထိုမြက်ပင်ကလေးများမှ တစ်ဆင့်ဖြစ် လာသည့် မြက်ကြီးပင်အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ဝါးပင်ဖွဲ့စည်းပုံ

ဝါးသည်အရုံလိုက် အစုလိုက်ပေါက်လေ့ရှိသည်။ အောက်ခြေရှင်းသည်။ ပင်စည်တစ်ဝက်ကျော်မှစ၍ အကိုင်းအတက်များဖြာ၍   အထက်သို့တက်၏။

အမြင့်အားဖြင့်  ပေ ၈ဝ မှ ၉ဝ  အထိရှိသည်။ လုံးပတ်မှာမူ ၉ လက်မမှ  ၁ ပေခွဲ အထိရှိတတ်သည်။ အဆစ်ကြားအလျားမှာ ၁၂ လက်မ မှ ၃၁ လက်မအထိ ရှိတတ်ပြီး အရင်းပိုင်းက အသားထူ၍  အဖျားပိုင်းက အသားပါးသည်။ ဝါးပင်သည် နှစ် ၆ဝ မှ ၉ဝ အတွင်းသုဉ်းသည်ဟုသိရသည်။

ဝါးပင်တို့၏ သဘာဝ

ဝါးပင်ကို အကြမ်းအားဖြင့် အုပ်စုသုံးစုခွဲခြားထားသည်။ (၁)တစ်ပင်ချင်းပေါက်သောဝါး၊ (၂)အစုလိုက် ပေါက်သောဝါး၊ (၃)အထက်ပါ အစုနှစ်စုပေါင်းစပ်ပေါက်သော   စကဝါးဟူ၍ဖြစ်သည်။  ဝါးပင်၏ သဘာဝသည်   စည်းလုံးခြင်း   သဘောရှိသည်။  အတ္တနည်း၏။ အဘယ်ကြောင့်ဆိုသော် ဝါးပင်များစွာ ပေါက်ရောက်သော နေရာတွင် အခြားသော သစ်ပင်တို့ကိုလည်း ရှင်သန်ခွင့်ပေးသည်။ 

ဝါးပင်သည် နှစ်ပေါင်း  ၄ဝ  မှ  ၆ဝ  ကြာသောအခါ  အသီးသီးပြီး    ဝါးပင်သည်သေသွားလေ့ရှိသည်။  "ပေတစ်သီး ကျီးတစ်သား" ဟုဆိုသလို ဝါးပင်သည်လည်း တစ်သီးသီးပြီး သေလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ဝါးမျိုးပေါင်း ၂၂ မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂ဝ ခန့်ရှိကြောင်းသိရသည်။ ဝါးပင်သည်ပင်လယ်ရေမျက်နှာပြင်အမြင့်  ပေ  ၃ဝဝ  မှ  ပေ ၂၆ဝဝ အကြားတွင် အများဆုံးပေါက်ရောက်သည်။ အပူချိန်အားဖြင့် ၁၁ ဒီဂရီဖာရင်ဟိုက် မှ ၁ဝဝ ဒီဂရီဖာရင်ဟိုက်၊  မိုးရေချိန်အားဖြင့်တော့၃၁ လက်မ မှ ၂၅၄ လက်မအတွင်း ရေမဝပ်သောမြေနှင့်  ဆားငန်မြေမှလွဲ၍ ရှင်သန်ပေါက်ရောက်နိုင်သည်။

ဝါးအမျိုးအစားများ

ဝါးသည်မြက်အနွယ်အဝင် ဖြစ်ကြောင်း အထက်တွင်ဖော်ပြခဲ့ပြီးဖြစ်သည်။   မြက်အမျိုးပေါင်း ၄၂ဝ ခန့်ရှိသည့်အနက် ထိုအထဲတွင် ၈၆ မျိုးသည် ဝါးမျိုးများ ဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးပေါင်းများစွာထဲကမှ မြန်မာ့စွယ်စုံကျမ်းတွင် ဝါးပိုးမျက်ဆန်ကျယ်၊  မြင်ဝါး၊ ဝါးပိုး၊ ဝါးယား သို့မဟုတ် ဝါးနက်၊ ဝါးဖြူ၊ ကြလိုဝါး၊ တင်းဝါး၊ ကရင်ဝါး၊ သိုက်ဝါး၊  ကြသောင်းဝါး၊ ကြခတ်ဝါး၊ သိုက်ဝါးကြီးနှင့် ထီးရိုးဝါးတို့ကိုသာ ဖော်ပြထားသည်။ ထိုဝါးအမျိုးအစားများထဲက အနည်းငယ်ကိုထုတ်နုတ်ဖော်ပြချင်ပါသည်။

ဝါးပိုးမျက်ဆန်ကျယ် - ဝါးကြီးမျိုးဖြစ်၍ အရင်း၌ ပင်လုံးသည်  တစ်ပေခွဲ နှစ်ပေနီးပါးရှိ၏။ တောတောင် ထူထပ်သောဒေသများတွင် ပေါက်လေ့ရှိသည်။  အများအပြား ပေါက်လေ့မရှိပေ။        

မြင်ဝါး - အသားထူ၍ အခေါင်းသေး၏။ အရင်းလုံးပတ်  ခုနစ်လက်မ၊ ရှစ်လက်မအထိရှိသည်။

မြန်မာနိုင်ငံအနှံ့အပြားတွင်ပေါက်သည်။

ဝါးပိုးဝါး - ထိုဝါးကိုအိမ်ခြံမြေနှင့် ဥယျာဉ်ခြံအတွင်း စိုက်လေ့ရှိသည်။ တောထဲတွင်ပေါက်ရောက်မှု နည်းပါး၏။ ဝါးပိုးဝါးကို မျှစ်အဖြစ်စားသုံးနိုင်သည်။

ဝါးယား သို့မဟုတ် ဝါးနက် - ထိုဝါးကို အောက်မြန်မာနိုင်ငံနှင့် ချောင်းကမ်းပါးဘေးများတွင် တွေ့ ရတတ်သည်။

ဝါးဖြူ -   ထိုဝါးသည်အေးသောတောတောင်များတွင် ပေါက်လေ့ရှိသည်။ သို့သော် မပေါများပေ။  ကရင်ဝါး- ထိုဝါးသည် လုံးပတ် ၁၁ လက်မမှ ၁၂ လက်မအထိရှိ၏။ ကရင်ဝါးကို ရခိုင်ရိုးမ တောင်တန်းများတွင် များသောအားဖြင့် တွေ့ရသည်။ အထက်ဖော်ပြပါဝါးတို့သည်  ဝါးအမျိုးအစားအကုန်မဟုတ်ပေ။ အနည်းငယ်သာ ဖော်ပြခြင်း ဖြစ်ပါသည်။ အလုံးစုံသိလိုပါက  မြန်မာ့စွယ်စုံကျမ်းတွင် ရှုကြပါကုန်။

ဝါး၏အသုံးဝင်ပုံနှင့် ဝါးလက်မှုပစ္စည်းများ

မြန်မာလူမျိုးတို့သည် ဝါးများနုစဉ်အခါတွင် မျှစ်အဖြစ်ပြုလုပ်၍လည်း ကြော်ချက်စားကြသည်။ မြန်မာလူမျိုးတို့၏ ရိုးရာအိမ်ဆောက်ရာတွင်လည်း ဝါးသည်မပါမဖြစ်ပေ။ ဝါးပိုးဝါး၊ ဝါးနက်ဝါး၊ ကရင်ဝါး၊ ဝါဖြူဝါး

စသည့်ဝါးများကို အိမ်ဆောက်ရာတွင် အသုံးပြုလေ့ရှိကြသည်။ အချို့က စားသောက်ဆိုင်များကိုပင် ဝါးများဖြင့် အလှဆင်ဆောက်လုပ်ကြသည်။ ဝါးကိုရက်၍ ဝါးထရံအဖြစ်အိမ်ကာခြင်း၊   မင်းကွန်းဘက်သို့ စာရေးသူရောက်ခဲ့စဉ်က မင်းကွန်းဆရာတော်ကြီး၏ ကျောင်းဝင်းအတွင်းတွင် ဝါးကိုရက်၍ အမိုးပြုလုပ်ထားသည်ကို တွေ့ခဲ့ရသည်။  အချို့ကဝါးပိုးခြမ်းများဖြင့် အိမ်မိုးသည်များလည်းရှိသည်။

ဝါးဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများစွာလည်းရှိသည်။   ဝါးဖြင့်ပြုလုပ်သော လက်မှုပစ္စည်းများမှာ တောင်း၊ ဆန်ကောဆန်ခါ၊ ဝါးကုလားထိုင်များ၊ ဝါးခမောက်များ  စသည်တို့ဖြစ်သည်။  ဧရာဝတီတိုင်းဒေသကြီး   ပုသိမ်မြို့နယ်တွင် ပြုလုပ်သော နာမည်ကျော်   ပုသိမ်ထီးအကြမ်းထည်ကိုလည်း  ဝါးဖြင့်ပြုလုပ်ခြင်းဖြစ်သည်။  ဒါ့အပြင် ဝါးကိုနှီးဖြာပြီး လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရာတွင်  ပုဂံဒေသ ညောင်ဦးမြို့၏ မြန်မာ့လက်မှု  ပစ္စည်းဖြစ်သော ယွန်းထည်သည် အပါအဝင်ဖြစ်ပြီး မြန်မာ့လက်မှုအနုပညာပစ္စည်းတစ်ခုအဖြစ် ကမ္ဘာကျော် ခဲ့သည်။

ယနေ့ခေတ်တွင်မူ ဝါးကိုနှီးဖြာ၍ ဗုဒ္ဓဆင်းတုတော်များကိုပင် ပြုလုပ်လာခဲ့ကြသည်။ နှီးဘုရားဟုခေါ်ကြသည်။  ဝါး၏ အသုံးဝင်ပုံနှင့် ဝါးလက်မှုပစ္စည်းလက်မှုပညာများသည်    ဤမျှသာမဟုတ်ပေ။ များပြားစွာရှိပါသေးသည်။

ခွဲခြားမရပါ ဝါးနှင့်မြန်မာဝါးသည်    မြန်မာလူမျိုးတို့နှင့်  ခွဲမရပေ။ အိမ်ဆောက်ရာတွင်လည်းဝါးပါသည်။ ရှေးယခင်မှ ယခုချိန်အထိ   နေအိမ်များဆောက်လုပ်ရာတွင် ဝါးသည်မပါမဖြစ်ပေ။  ဝါးကိုမျှစ်ပြုလုပ်၍လည်း စားကြသည်။ ဝါးနှင့်မြန်မာသည်ကား အတူတူဟုပင် ဆိုရပေမည်။ ထို့ပြင်တချို့က ဝါးကိုကြမ်းခင်းလုပ်၍လည်း အိပ်ကြသည်။   ထို့ကြောင့်  ဝါးနှင့်မြန်မာ့အိမ်အတူတူပင်ဖြစ်သည်။  တော်သလင်းလလို အချိန်မျိုးတွင်  မြစ်အတွင်း ဝါးများကို   ဖောင်ဖွဲ့၍ စုန်ဆင်းလေ့ရှိကြသည်။  ထိုဝါးဖောင်ပေါ်တွင် တဲအိမ်လေးများဖြင့် နေကြသည်။  ထို့ကြောင့်   ဝါးနှင့်မြန်မာခွဲခြား၍ မရဟုဆိုခြင်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင်နှင့် မြန်မာ့ဝါး ဝါးပင်များသည်  လေထုထဲရှိ   ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကိုစုပ်ယူ၍ အောက်ဆီဂျင်ဓာတ်ငွေ့ကို ပြန်လည်ထုတ်ပေးသည်။  အစိုဓာတ်ကိုလည်း စုပ်ယူသဖြင့် ခြောက်သွေ့သော အချိန်တွင် အစိုဓာတ်ကို     ပြန်လည်ထုတ်လွှတ်ပေးသည်။ ထို့ကြောင့်ပင်   ပူပြင်းသောနွေရာသီတွင်  ဝါးပင်အောက်တွင် နေပါက    အပူသက်သာ၍ အေးမြစေသည်။ ဝါးပင်များသည် လေထုထဲရှိ ကာဗွန်ဒိုင် အောက်ဆိုက် ဓာတ်ငွေ့များကို  စုပ်ယူနိုင်စွမ်းရှိသည်။

၂ ဒသမ ၄၇၁ ဧက သို့မဟုတ် တစ်ဟတ်တာကျယ်ပြန့်သော ဝါးစိုက်ခင်းတစ်ခင်းသည် လေထုအတွင်းရှိ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ၆၂ တန်အထိစုပ်နိုင်သည်ဟုဆိုသည်။  ဝါးပင်၏ ထူးခြားမှုတစ်ခုမှာ  အခြားသစ်တော တစ်ဟတ်တာသည် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို ၁၅ တန်ခန့်လောက်သာ စုပ်ယူနိုင်သော်လည်း ဝါးတစ်ဟတ်တာကမူ ၆၂ တန်ခန့်စုပ်ယူနိုင်ပြီး အခြားသစ်ပင်များထက် သုံးဆကျော် ပိုမိုစုပ်ယူနိုင်သည်။

ဒါ့အပြင် ဝါးပင်ကိုစိုက်ပျိုးခြင်းဖြင့် ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းသိမ်းနိုင်ခြင်း၊ မြေဆီလွှာကို ထိန်းသိမ်းနိုင်ခြင်း၊  လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်ခြင်း၊ အောက်ဆီဂျင်ဓာတ်ငွေ့ကို အခြားအပင်များထက် သုံးဆထုတ်ပေးနိုင်ခြင်း၊ ရာသီဥတုမျှတစေခြင်းနှင့် သက်ရှိဇီဝမျိုးစုံ၊ မျိုးကွဲများ ရေရှည်ရှင်သန်စေခြင်း စသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကောင်းကျိုးများကို ဖြစ်ထွန်းစေသည်။   ဝါးရွက်အပါအဝင် အပင်အလေးချိန်သည် လေးပုံတစ်ပုံ ဇီဝမြေသြဇာဖြစ်စေသည်ဟုလည်း သိရသည်။  ဝါးပင်များကို စနစ်တကျ စိုက်ပျိုးထိန်းသိမ်းပါက ကမ္ဘာကြီးသည် သက်ရှိများအတွက် အေးချမ်းသော ဘုံဗိမာန်လေးတစ်ခုဖြစ်လာမည်မှာ မလွဲပေ။

လူသားနှင့်ဝါးသမိုင်း၊ ဝါးယဉ်ကျေးမှု

ကမ္ဘာပေါ်တွင်လူသားတို့၏  ယဉ်ကျေးမှုနှင့် ဝါးသည်ဆက်စပ်လျက်ရှိသည်။  လူသားတို့သည် ယဉ်ကျေးမှုနှင့် အလှမ်းဝေးသော ရှေးပဝေသဏီက အသားစိမ်း၊ ငါးစိမ်းများကိုသာ  စားခဲ့ကြသည်။

သို့သော်   ဝါးပင်တို့ပွတ်တိုက်ရာမှ   မီးကိုစတင်တွေ့ရှိခဲ့ကြ၍  သားငါးတို့ကို  မီးဖုတ်မီးကင်၍ ယနေ့ခေတ်    ချက်ပြုတ် စားသောက်သည်အထိ တိုးတက်လာခဲ့သည်။ ဒါသည်ပင်ဝါးကို အခြေခံ၍စခဲ့သော ယဉ်ကျေးမှု တစ်ခုပင်ဖြစ်သည်။

ကမ္ဘာ့အရှေ့နိုင်ငံများ ဖြစ်ကြသော   ဂျပန်၊ ကိုရီးယားနှင့် တရုတ်နိုင်ငံတို့တွင်  ရှေးနှစ်ပေါင်းများကတည်းက ဝါးယဉ်ကျေးမှု ထွန်းကားခဲ့သည်ဟု သိရသည်။ ဂျပန်လူမျိုးတို့၏ အဓိက ရိုးရာပွဲများတွင် ဝါးသည် မြန်မာတို့အုန်း၊ ငှက်ပျောပွဲကဲ့သို့ အရေးပါကြောင်း သိရသည်။ မြန်မာဘုရင်များလက်ထက်တွင် မည်မျှပင် ချမ်းသာစေကာမူ  ဝါးနှင့်ပတ်သက်သော ဆန်ကောဆန်ခါ၊   ခြင်းတောင်းများကို အသုံးပြုကြသည်။ တရုတ်ပြည်၌မူ လွန်ခဲ့သောနှစ်ပေါင်း ၅ဝဝဝ ကျောက်ခေတ်၊  ကြေးခေတ်ကတည်းက ဝါးကိုအသုံးပြုခဲ့သည်ဟု သိရသည်။  မြန်မာ့ရာဇဝင်တွင်လည်း ဝါးနှင့်ပတ်သက်သော   "ဝေဠုဝတီမင်းသမီး"    ဟူ၍ရှိခဲ့သည်။    ထိုမင်းသမီးကို  ဝါးပင်မှာ  သံသေဓဇပဋိသန္ဓေဖြင့် မွေးဖွားခြင်း ဖြစ်သည်။

ဝါးသည်သမိုင်းနှင့် ယဉ်ကျေးမှုတွင်သာမကပေ။ ကဗျာစာပေ၊ ဂီတ၊ ပန်းချီစသည့် အနုပညာဘက်တွင်လည်း မပါမဖြစ်ပေ။  မြန်မာ့ဂီတအနုပညာတွင် ဝါးလက်ခုပ်၊  ဝါးပလွေ၊  ဝါးပတ္တလားစသည်တို့ရှိသည်။ စာပေနှင့် ပတ်သက်၍လည်း တရုတ်ပြည် ဂျင်(Jing)မင်းဆက်ခေတ်  သက္ကရာဇ်  ၂၆၅-၃၁၆ တွင် Kaizi Dai ဆိုသူက  ဝါးအဘိဓာန်စာအုပ်ကို ရေးသားခဲ့သည်ဟုသိရသည်။   ဝါးကို   အမှတ်သင်္ကေတအဖြစ် ပန်းချီနှင့်အနုပညာတွင် ရေးသွင်းခဲ့သော  အပင်လေးမျိုးရှိသည်။  ထိုလေးမျိုးတွင် ဝါးပင်ပါဝင်သည်ဟုဆိုသည်။  တရုတ်စာပေများ ရေးသားရာတွင်လည်း ဝါးစုတ်တံဖြင့်သာ ရေးသားသည်ဟုဆိုသည်။ တရုတ်နိုင်ငံတွင် ပထမဦးဆုံးစာအုပ်ကို ဝါးပြားပေါ်တွင်ရေးခဲ့သည်ဟု မှတ်တမ်းများအရ သိရသည်။

ဝါးနှင့် စီးပွားရေး

ကမ္ဘာပေါ်ရှိလူဦးရေ သန်း ၆ဝဝ သည်ဝါးကို အမှီပြုနေကြသည်ဟု ဆောင်းပါးတစ်ပုဒ်တွင် ဖတ်ခဲ့ဖူးသည်။    ဝါးကိုစနစ်တကျ စိုက်ပျိုးခြင်းဖြင့် မြန်မာနိုင်ငံရှိ လူဦးရေအချို့သည် အလုပ်အကိုင် အခွင့်အလမ်းများကို ရရှိကြသည်။ စာရေးသူတို့ဒေသတွင် ဝါးကိုခွဲစိတ်၍ ဝါးထရံရက်လုပ်ခြင်း၊ ယခင်ကဆိုလျှင် စပါးပုတ်ရက်လုပ်ခြင်း  စသည့်အလုပ်များဖြင့် စီးပွားရှာခဲ့ကြသည်။  ကျေးလက်ဒေသရှိ ဥယျာဉ်မြေများတွင် မူဝါးရုံများကို   စိုက်ပျိုးထားလေ့ရှိသည်။  အချို့သော ဒေသများတွင် ဝါးကိုမီးသွေးဖုတ်ကြသည်။ တရုတ်နိုင်ငံတွင် ဝါးမီးသွေးဖြင့်  အစားအသောက်၊ အလှကုန်၊ ဆပ်ပြာ၊ ဆေးဝါး စသည့်ကုန်ပစ္စည်းအမျိုးပေါင်း ၁ဝဝ ကျော်  ထုတ်လုပ်ရောင်းချကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်မူ ဝါးမျှစ်သည်လည်း မြန်မာ့ဝါး၏    စီးပွားရေးဈေးကွက်ဟု    ဆိုရပေမည်။  စာရေးသူတို့ နိုင်ငံတွင် ဝါးကုလားထိုင်၊  ဝါးအိပ်စင်များ  ပြုလုပ်ရောင်းချကြသည်။  အခြားစီးပွားရေး တစ်ခုကတော့  မြန်မာ့ယွန်းထည်ဖြစ်သည်။ ဝါးဖြင့်ပြုလုပ်သော    မြန်မာ့လက်မှုအနုပညာဖြစ်ပြီး နိုင်ငံခြားဝင်ငွေပင် ရရှိနိုင်သော ဝါးထည်လက်မှုပညာတစ်ခုပင်ဖြစ်သည်။ ယခုအခါဂျပန်နိုင်ငံသို့ မြန်မာ့မျှစ်ခြောက်ကို တင်ပို့ရောင်းချကြောင်း သိရသည်။  

ဝါးသည်    စီးပွားရေးဈေးကွက်တစ်ခုဖြစ်လာသော်လည်း   အလွန်အကျွံ ခုတ်ယူသုံးစွဲခြင်းတော့ မပြုသင့်ပေ။

နိဂုံးချုပ်အနေအားဖြင့် ဝါးပင်သည် လူသားတို့၏ ယဉ်ကျေးမှုနှင့် ဆက်နွှယ်မှုရှိနေသည့်အပြင် မြန်မာ့လက်မှု ပညာများဖြင့်လည်း ပတ်သက်မှုရှိနေပြန်သည်။

ဝါးပင်များသည် မြန်မာလူမျိုးတို့အတွက် သာမက ကမ္ဘာသူကမ္ဘာသားတို့အတွက်  များစွာအကျိုးပြုလျက်ရှိသည်။  ဝါးနှင့်ပြုလုပ်သောလက်မှုလုပ်ငန်းများသည်  လူသားတို့၏  အကျိုးစီးပွားကိုလည်း တစ်ဖက်တစ်လမ်းက    ထောက်ပံ့ပေးလျက်ရှိသည်။  သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်သလို စာပေဂီတနှင့်   ယဉ်ကျေးမှု ဆိုင်ရာများတွင်လည်း ဝါးပင်သည် အဓိကပါဝင်လျက်ရှိသလို ဘာသာရေးဆိုင်ရာ ဘုရားဆင်းတုတော်များ ပြုလုပ်ရာတွင်လည်း    ဝါးကိုအသုံးပြုကြရပြန်သည်။

ထိုသို့အဘက်ဘက်မှ အသုံးဝင်လျက်ရှိသော ဝါးပင်ကို    အစဉ်ထိန်းသိမ်းသင့်သည် ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ပါသည်။     ။            

ကိုကျော်စွာ(ကျိုက်ပိ)