Mpox (မျောက်ကျောက်) ရောဂါအကြောင်း သိကောင်းစရာ သို့မဟုတ် အသိသတိနှင့် ကာကွယ်ရမည့် Mpox (မျောက်ကျောက်)ရောဂါ

Mpox (မျောက်ကျောက်) ရောဂါအကြောင်း သိကောင်းစရာ သို့မဟုတ် အသိသတိနှင့် ကာကွယ်ရမည့် Mpox (မျောက်ကျောက်)ရောဂါ

၁၉၇၀  ပြည့်နှစ်တွင်  ကွန်ဂိုဒီမိုကရက် တစ်သမ္မတနိုင်ငံ၌ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ကြောင်းကို စတင် တွေ့ရှိခဲ့သည့် Mpox (မျောက်ကျောက်)  ရောဂါသည် အာဖရိကနှင့် အနောက်အာဖရိကတွင် ပုံမှန်အနေဖြင့်သာ    ကူးစက်လေ့ရှိရာမှ ၂၀၂၂  ခုနှစ်တွင် တခြားနိုင်ငံတချို့သို့ပါ ကူးစက်ဖြစ်ပွားခဲ့ပြီး     ကမ္ဘာ့ကပ်ရောဂါ အသွင်  ကူးစက်ပြန့်ပွားခဲ့၍ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ  ၂၀၂၂  ခုနှစ်  ဇူလိုင်လတွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး   အရေး ပေါ်အခြေအနေ (Public Health Emer-gency  of   International    concern- PHEIC)  အဖြစ်  သတ်မှတ်ကြေညာတုံ့ပြန် ဆောင်ရွက်ခဲ့ရာ      ဖြစ်ပွားမှုသိသာစွာ ကျဆင်းခဲ့သည့်အတွက်  ၂၀၂၃    ခုနှစ်  မေလတွင် PHEIC အခြေအနေမှ ရုပ်သိမ်းခဲ့သည်။

သို့သော်  ၂၀၂၄   ခုနှစ်အတွင်း  ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ    (DRC)    နှင့် အာဖရိကတိုက်နိုင်ငံများတွင်       Mpox(မျောက်ကျောက်)ရောဂါကူးစက်ဖြစ်ပွားမှု အရှိန်မြင့်တက်လာခြင်း၊ Mpox (မျောက်ကျောက်)ရောဂါ၏ မျိုးကွဲအသစ်ဖြစ်ပြီး လိင်မှတစ်ဆင့် ကူးစက်တတ်သော(Clade Ib)   မျိုးကွဲသည် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းတွင်  လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာသည့်အပြင် အိမ်နီးချင်း နိုင်ငံများဖြစ်သည့်   ဘရွန်ဒီ၊   ကင်ညာ၊  ရဝမ်ဒါနှင့် ယူဂန်ဒါတို့တွင် ကူးစက်ဖြစ်ပွား နေခြင်းနှင့်  နယ်စပ်ဖြတ်ကျော်၍     နိုင်ငံ တကာသို့ ကူးစက်ပျံ့နှံ့မှုများ ရှိနေခြင်းတို့ ကြောင့် ၂၀၂၄  ခုနှစ် ဩဂုတ်လ ၁၄   ရက် တွင်  အပြည်ပြည်ဆိုင်ရာ  ကျန်းမာရေး ပြဋ္ဌာန်းချက်အရေးပေါ်ကော်မတီ (Emer-gency  Health  committee  of   the International Health Regulations) ၏ ပထမအကြိမ်အစည်းအဝေးကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး၏  အကြံပြုချက် အရ  Mpox  (မျောက်ကျောက်)  ရောဂါ ကူးစက်ဖြစ်ပွားမှု     အရှိန်မြင့်တက်လာ ခြင်းအား နိုင်ငံတကာ ပြည်သူ့ကျန်းမာရေး   အရေးပေါ်အခြေအနေအဖြစ်    သတ်မှတ် ကြောင်း       ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့သည်။

Mpox(မျောက်ကျောက်)ရောဂါသည် မျောက်များတွင်     စတင်တွေ့ရှိရသော တိရစ္ဆာန်မှတစ်ဆင့်ကူးစက်သည့် ဗိုင်းရပ်စ် ရောဂါ (Viral zoonotic disease) တစ်မျိုး ဖြစ်သည်။  ကျောက်ကြီးရောဂါ(small- pox) ဖြစ်ပွားစေသည့် ဗိုင်းရပ်စ်(variola virus)နှင့် မျိုးဗီဇအုပ်စု(orthopox)ချင်း တူညီသည့်       မျောက်ကျောက် ရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်။ အာဖရိက အလယ်ပိုင်း    ကွန်ဂိုချိုင့်ဝှမ်းမျိုးစိတ် (congo  basin  clade)  နှင့်  အာဖရိက အနောက်ပိုင်းမျိုးစိတ်   (west  African clade)  ဟူ၌   Mpox   (မျောက်ကျောက်)ရောဂါဗိုင်းရပ်စ်မျိုးစိတ်နှစ်ခုရှိခဲ့သည်။

Mpox (မျောက်ကျောက်) ရောဂါကို ၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင် မြို့ရှိ   ဓာတ်ခွဲခန်းက  မျောက်များတွင် စတင်တွေ့ရှိခဲ့ခြင်းကြောင့် monkeypox (မျောက်ကျောက်)ရောဂါဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။   ၁၉၇၀   ပြည့်နှစ်တွင် အာဖရိကတိုက်     ကွန်ဂိုနိုင်ငံ၌       Mpox(မျောက်ကျောက်) ရောဂါကို လူသားများ တွင်  စတင်တွေ့ရှိခဲ့ပြီး  အာဖရိကတိုက် အလယ်ပိုင်းနှင့် အနောက်ပိုင်း၌ သစ်တော များနှင့် ဆက်စပ်ရာ   နိုင်ငံဒေသများသို့ ပျံ့နှံ့ခဲ့သည်။      အာဖရိကဒေသပြင်ပသို့ Mpox (မျောက်ကျောက်) ရောဂါ စတင် ပျံ့နှံ့မှုအနေဖြင့် ၂၀၀၃ ခုနှစ်တွင် အမေ ရိကန်နိုင်ငံသို့  စတင်ရောက်ရှိခဲ့ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံတွင် ၂၀၁၈ ခုနှစ်၊ ဗြိတိန် တွင် ၂၀၁၈၊ ၂၀၁၉၊ ၂၀၂၁ နှင့်  ၂၀၂၂ ခုနှစ်၊ စင်ကာပူနိုင်ငံတွင် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်တို့တွင်  Mpox  (မျောက်ကျောက်)ရောဂါကူးစက်ပျံ့နှံ့မှုကို တွေ့ရှိခဲ့ရသည်။

Mpox (မျောက်ကျောက်) ရောဂါနှင့် ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းများအနေဖြင့် သတိပြုရမည့်ရောဂါတစ်ခုအဖြစ် သတ်မှတ်အလေးထားလာရသည့် အကြောင်းရင်းမှာ ယခင်က ရောဂါဖြစ်ပွား မှုမရှိခဲ့သော    အာဖရိကဒေသ၏ပြင်ပ နိုင်ငံများတွင်ပါ  ရောဂါဖြစ်ပွားသူ အရေအတွက်     များပြားလာခြင်းကြောင့်ဖြစ် သည်။

Mpox(မျောက်ကျောက်)ရောဂါကူးစက် ပုံမှာ တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်ခြင်းနှင့် လူအချင်းချင်း ကူးစက်ခြင်းဟု ကူးစက် ပုံနှစ်မျိုးရှိသည်။   ရောဂါပိုးသယ်ဆောင် ထားသည့်  တိရစ္ဆာန်များ၏  သွေး၊  ဆီး၊ တံတွေး   စသောခန္ဓာကိုယ်မှထွက်သည့် အရည်များ၊     အညစ်အကြေးများနှင့် အရေပြားပေါ်တွင်ရှိသော အနာခွက်များ ကို   တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမှတစ်ဆင့် ကူးစက်သည်။

လူအချင်းချင်းကူးစက်ခြင်းတွင်   (၁) Direct contact (၂) Indirect contact (၃) Vertical Transmission (mother to child) သုံးမျိုးဖြင့် ကူးစက်တတ်သည်။ ထိုသို့   လူအချင်းချင်းကူးစက်ရာတွင် ရောဂါရှိသူ၏ အနာခွက်များကို တိုက်ရိုက်ထိတွေ့မိခြင်း၊    ရောဂါရှိသူခန္ဓာကိုယ်မှ ထွက်ရှိသောအရည်များ၊  အညစ်အကြေး များမှတစ်ဆင့်   ကူးစက်သည်။   ထို့ပြင် ရောဂါရှိသူ   အသက်ရှူထုတ်လိုက်သောအခါ အစက်အမှုန်များ  အသက်ရှူလမ်းကြောင်းမှထွက်ရှိလာပြီး အနီးရှိလူများထံ သို့ တိုက်ရိုက်ဝင်ရောက်ကူးစက်ခြင်းနှင့် ရောဂါရှိသူ၏ အဝတ်အစား၊      အိပ်ရာ၊ အသုံးအဆောင်တို့တွင် တင်ကျန်နေသောရောဂါပိုးများကိုကိုင်တွယ်မိပြီး လက်ကို စနစ်တကျမဆေးကြောမိဘဲ မိမိ၏ပါးစပ်၊ နှာခေါင်းတို့ကိုကိုင်တွယ်မိရာမှ ကူးစက် တတ်သည်။  ထို့ပြင်  ရောဂါပိုးရှိသူမိခင် မှလည်း မိမိ၏သန္ဓေသားသို့ ကူးစက်နိုင် သည်။

Mpox(မျောက်ကျောက်)ရောဂါသည် ရောဂါပိုးစတင်ဝင်ရောက်ပြီး တစ်ရက်မှ ၂၁  ရက်အတွင်း  ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်သည်။ ရောဂါလက္ခဏာများမှာ  ဖျားနာခြင်း၊  ခေါင်းပြင်းထန်စွာ ကိုက်ခြင်း၊ လည်ပင်း၊ ချိုင်းကြား၊ ပေါင်ခြံတို့တွင်ရှိသော ပြန်ရည်ကျိတ်များရောင်ရမ်းကြီးထွားခြင်း၊      နောက်ကျောများ နာကျင်ခြင်း၊ ကြွက်သားများနာကျင်ခြင်း နှင့် အလွန်အမင်းအားအင်ကုန်ခန်းခြင်းတို့ဖြစ်သည်။    Mpox(မျောက်ကျောက်)ရောဂါသည်   စတင်ဖျားပြီး   တစ်ရက်မှ သုံးရက်တွင် အကွက်များထွက်လာတတ် သည်။   ကိုယ်ပေါ်မှာထက်   မျက်နှာနှင့် ခြေ၊ လက်များတွင်  ပို၍ထွက်တတ်သည်။ ထူးခြားချက်မှာ    ကျောက်ရောဂါ၊     ရေကျောက်ရောဂါ၊ ဝက်သက်ရောဂါတို့ကဲ့သို့ အရေပြားပေါ်တွင်  အရည်ကြည်ဖုများ၊ အကွက်များ ထွက်လာခြင်းတူသော်လည်း Mpox  (မျောက်ကျောက်)  ရောဂါတွင် အစောပိုင်းကာလ ရောဂါစတင် ဝင်ရောက်လာစဉ်ကတည်းက    ပြန်ရည်ကျိတ်များ ရောင်ရမ်းကြီးထွားလာခြင်းဖြစ်သည်။

Mpox (မျောက်ကျောက်) ဗိုင်းရပ်စ်ပိုး မျိုးကွဲဖြစ်သည့် Clade I  သည် ရောဂါ ဖြစ်ပွားသူလူနာ၏    အရည်ကြည်ဖုများ၊ ခန္ဓာကိုယ်မှထွက်သော   အရည်များနှင့် ထိတွေ့မိခြင်း၊  ချောင်းဆိုးရာမှတစ်ဆင့် ကူးစက်ခြင်းတို့ ဖြစ်ပွားတတ်ကြောင်းနှင့် ယခုအာဖရိကဒေသတွင်းနှင့် ဒေသပြင်ပ တွင်  ကူးစက်ဖြစ်ပွား နေသည့်  မျောက်ကျောက်ဗိုင်းရပ်စ်ပိုးမျိုးကွဲဖြစ်သည့် Clade Ib သည် ရောဂါဖြစ်ပွားသူလူနာနှင့်အနီး ကပ်ထိတွေ့မှုမှ     တစ်ဆင့်သော်လည်းကောင်း၊ လိင်ဆက်ဆံရာမှတစ်ဆင့်သော် လည်းကောင်း    အဓိက ကူးစက်နိုင်ပြီး လိင်တူဆက်ဆံသူများ၊ လူနာနှင့် အနီးကပ် ထိတွေ့သော ကျန်းမာရေးဝန်ထမ်းများ ကို ကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထား သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အဖွဲ့ဝင်နိုင်ငံများအတွက် အကြံပြုချက်များကို ထုတ်ပြန်ထားရှိရာ   အထွေထွေအကြံပြုချက်များ၊ လူထုအတွင်းဆောင်ရွက်ရန် အကြံပြုချက်များ၊   ကျန်းမာရေးဌာနများတွင် လိုက်နာဆောင်ရွက်ရန် အကြံပြုချက်များနှင့်  နိုင်ငံဖြတ်ကျော်ဝင်ထွက်ပေါက်များတွင်   ဆောင်ရွက်ရန် အကြံပြုချက်များအား       တိကျစွာထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ကဏ္ဍအလိုက် ဆောင်ရွက်ရမည့် အကြံပြုချက်များကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်   မျောက်ကျောက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၁၉-၈-၂၀၂၄ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီးဦးဆောင်၍ ဦးစီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား      ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ   ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၂ ခုနှစ် မေလအတွင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က    အာဖရိက ဒေသပြင်ပရှိ  နိုင်ငံတချို့တွင် မျောက်ကျောက် ရောဂါကူးစက်ဖြစ်ပွားမှု (Multi-country outbreak)   ရှိနေကြောင်း   ထုတ်ပြန်ကြေညာခဲ့စဉ်ကပင်    မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို  စောစီးစွာ သိရှိတုံ့ပြန် ဆောင်ရွက် နိုင်ရေးအတွက်  ဖျားခြင်းနှင့် အနီစက်၊ အရည်ကြည်ဖုထွက်ခြင်းရောဂါ လက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) နှင့် အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)တွင် ဓာတ်ခွဲနမူနာများကို စစ်ဆေးခြင်းလုပ်ငန်းအား နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများနှင့် ဆေးရုံများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ ရာ ၂၀၂၂ ခုနှစ်မှ  လက်ရှိအချိန်ထိ  လူနာ များ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုကို ဓာတ်ခွဲ စစ်ဆေးရာတွင် Mpox(မျောက်ကျောက်)ရောဂါအတည်ပြုလူနာ   တွေ့ရှိခြင်းမရှိသေးပါ။

အိမ်နီးချင်းနိုင်ငံနှင့်   ဒေသတွင်းနိုင်ငံ တချို့တွင် Mpox(မျောက်ကျောက်)ရောဂါ ဖြစ်ပွားမှုနှင့် သေဆုံးမှုများ ရှိနေသည်ကို တွေ့ရှိရသဖြင့် မြန်မာနိုင်ငံအတွင်းသို့ Mpox(မျောက်ကျောက်)ရောဂါကူးစက် ဝင်ရောက်ပြန့်ပွားမှု မရှိစေရေးအတွက် အထူးအလေးထားဆောင်ရွက်လျက်ရှိ ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ် ချက်များအရ   မြန်မာနိုင်ငံတွင်    Mpox(မျောက်ကျောက်) ရောဂါ ကူးစက်ဖြစ်ပွား နိုင်ခြေအလွန်နည်းပါးသည်။

မြန်မာနိုင်ငံတွင်      Mpox(မျောက်ကျောက်)ရောဂါ   ကူးစက်ဖြစ်ပွားနိုင်ခြေ အလွန်နည်းပါးသော်လည်း ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   နိုင်ငံဖြတ်ကျော် ဝင်ထွက်ပေါက်များအပါအဝင်    လူထု အတွင်း Mpox (မျောက်ကျောက်) ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းအား    တိုးမြှင့်ဆောင်ရွက်ခြင်း၊  နိုင်ငံဖြတ်ကျော်ဝင်ထွက် ပေါက်များတွင်     ကျန်းမာရေးကြေညာ ချက်ပုံစံဖြည့်စွက်စိစစ်ခြင်း၊ ဖျားခြင်းနှင့် အနီစက်၊ အရည်ကြည်ဖု ထွက်ခြင်းရောဂါ လက္ခဏာလူနာသစ်တွေ့ရှိမှုနှင့် အစုလိုက် ဖြစ်ပွားမှုများအား သတင်းပေးပို့ခြင်း၊ ရေကျောက်ရောဂါ   သံသယလက္ခဏာဖြစ်ပွားသူလူနာများထံမှ  ဓာတ်ခွဲနမူနာ ရယူ၍ ရေကျောက်ရောဂါနှင့် မျောက် ကျောက်ရောဂါပိုး   ရှိ၊ မရှိ စစ်ဆေးခြင်း၊ သံသယလူနာများအား   သီးခြားထားရှိ ကုသမှုပေးခြင်း၊  ရောဂါကာကွယ်      ကုသရေးအတွက် လိုအပ်သောဆေးနှင့်  ဆေးပစ္စည်းများ စုဆောင်းထားရှိခြင်း၊      ပြည်သူ လူထုအား     ကျန်းမာရေးအသိပညာပေးရန် အတွက် သတင်းကြေညာချက်တစ်ရပ်     အမြန် ထုတ်ပြန်ခြင်း၊   နိုင်ငံပိုင်   နေ့စဉ် ထုတ်သတင်းစာများတွင်        ဆောင်းပါး ရေးသားဖော်ပြခြင်း၊      အသိပညာပေး လက်ကမ်း စာစောင်များ၊       ပိုစတာများ    ပြုစုဖြန့်ဝေခြင်း လုပ်ငန်းများအား   အရှိန်အဟုန်မြှင့်      ဆောင်ရွက်လျက် ရှိသည်။

အထက်ပါ လုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှီးနွှယ်ဝန်ကြီး ဌာနများဖြစ်သော       ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့နှင့်    ပူးပေါင်း၍လည်းကောင်း၊ လိုအပ်သောဆေးဝါးနှင့် ဆေး ပစ္စည်းများအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ    ထောက်ပံ့ပေးနိုင်ရေး အတွက်လည်း ကောင်း       ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်။

ဗိုင်းရပ်စ်ရောဂါပိုးများ၏   မျိုးရိုးဗီဇ ပြောင်းလဲတတ်သော   သဘောသဘာဝအရ ရောဂါဖြစ်ပွားမှုကို သတိပြုကာကွယ် ရမည်ဖြစ်သည်။   မိဘပြည်သူများအနေ ဖြင့်-

        Mpox  (မျောက်ကျောက်)   ရောဂါ လက္ခဏာခံစားနေရသူများနှင့် အနီးကပ်ထိတွေ့ခြင်းကို ရှောင်ကြဉ်ပါ၊

        လက်ကိုဆပ်ပြာနှင့်   ရေ   သို့မဟုတ် အယ်လ်ကိုဟော   အနည်းဆုံး   ၆၀ ရာခိုင်နှုန်းပါဝင်သော   ရေမလိုလက် သန့်စင်ဆေးရည်အသုံးပြု၍     စနစ်တကျဆေးကြောပါ၊

        နှာချေ၊   ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင် ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ပါ၊ လူတို့၏ အသုံးအဆောင်ပစ္စည်းများ (မျက်နှာ သုတ်ပဝါ၊ အဝတ်အထည်စသည့်) ကို ရေ၊ ဆပ်ပြာနှင့် စနစ်တကျလျှော်ဖွပ်၍ အသုံးပြုပါ၊

        တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မထိတွေ့ပါနှင့်၊

        လက်မဆေးဘဲ  ပါးစပ်၊  နှာခေါင်းနှင့်  မျက်လုံးများကို ကိုင်တွယ်ခြင်းမပြုပါ နှင့်၊

        တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်  ပတ်ဝန်းကျင်သန့်ရှင်းရေးကောင်းမွန်စေရန် ဆောင်ရွက်ပါ၊

စသော ရောဂါကာကွယ်ရေးနည်းလမ်းများကို သတိပြုလိုက်နာပြီး Mpox(မျောက် ကျောက်)ရောဂါနှင့် ပတ်သက်၍   အလွန် အမင်း     စိုးရိမ်ကြောက်ရွံ့စရာမလိုဘဲ ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိနှင့် နေထိုင် ကြရန်နှင့် Mpox(မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း သို့မဟုတ် ရောဂါသံသယ လက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပေးပို့၍   ကုသမှုခံယူ ရန်လိုအပ်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါသည်။           ။

အောင်မင်း၊ ဒုတိယညွှန်ကြားရေးမှူး

ကျန်းမာရေးအသိပညာမြှင့်တင်ရေး