မြစ်ကိုအလျားစုန်ကူးခဲ့သည်

မြစ်ကိုအလျားစုန်ကူးခဲ့သည်

ယမန်နေ့မှအဆက်

ထူးဆန်းသော အိမ်ပြန်ခရီး

သည်တစ်ခေါက် ကျွန်တော့်ရွာပြန်ခရီးသည် ခါတိုင်းနှစ်များနဲ့မတူဘဲ တစ်မူထူးခြားနေခဲ့သည်။ ခါတိုင်းနှစ်ဆိုလျှင် အမေ့ရွာ သရက်တောင်သို့ ပြန်ခဲ့ရသည်။ ခုတစ်ခါ အဖေ့ရွာ ငပသုန်ရွာသို့ ပြန်ရမည်ဟု အဖေနှင့် အမေမှာထားခဲ့လေသည်။ ကျွန်တော် အံ့ဩသလိုဖြစ်သွားသည်က အမှန်ပင်။ မည်သည့် အကြောင်းကြောင့် ဟူ၍လည်း ကျွန်တော်မသိ။ ကျွန်တော် အဖေနှင့်အမေ၊  ညီလေး၊ ညီမလေးတို့ရှိရာသို့ အလျင်အမြန် ပြန်လိုလှပေသည်။

ထိုစဉ် အထက်တန်းကျောင်းသားများကို နွေရာသီကျောင်းပိတ်ရက် အတွင်း လုပ်အားပေးဝင်လုပ်လိုသူတိုင်း ဝင်လျှောက်နိုင်သည်။ မိမိလုပ်လိုသောအလုပ်ဌာနကို အ. ထ. က ကျောင်းရုံးတွင် စာရင်းပေးရမည်ဟု ပြောသဖြင့် အလုပ်လုပ်ချင်နေသော ကျွန်တော်သည် ကျောင်းတော်ကြီးသို့ ချက်ချင်းသွားလိုက်သည်။ ကျွန်တော့်မှာ နောက်ကျမှသိသဖြင့် ကျောင်းသားအတော်များများ လုပ်အားပေးလျှောက်လွှာတင်ထားပြီး ကြပေပြီ။ ကျွန်တော်ရောက်သွားတော့ ကျွန်တော်တစ်ယောက်တည်းပဲ ဖြစ်နေခဲ့သည်။

ကျွန်တော့်ကို ကျောင်းစာရေး ဦးသာအေးက "မင်းက ဘယ်ဌာန သွားမှာလဲ"တဲ့။ ကျွန်တော်က "ပညာရေးဌာနမှာ ကျောင်းဆရာလုပ်မယ်" လို့ ပြောလိုက်တော့ စာရေးကြီးသည် ကျွန်တော့်ကို ရယ်ကျဲကျဲနဲ့ တစ်ချက်လှမ်းကြည့်ပြီး "မင်းက လူထူးပဲ" တဲ့။

"ဘာဖြစ်လို့လဲဗျ"

"ဘာဖြစ်ရမလဲ၊  ဘယ်ကျောင်းသားမှ ကျောင်းဆရာလုပ်မယ်လို့ စာရင်းပေးတာ မတွေ့ရဘူးလေ"

"သူတို့တွေ ဘယ်တွေလျှောက်ကြလို့လဲ"

''အများအားဖြင့်တော့ ရုံးတွေကိုလျှောက်ကြတာပဲ။ အတော်များများ ကတော့ သင်္ဘောမှာလုပ်မယ်ဆိုတဲ့ လူတွေများကြတာပေါ့ကွာ"

"ကျွန်တော်ကတော့ ရုံးမှာလည်း မလုပ်ချင်ဘူး။ သင်္ဘောမှာလည်း မလုပ်ချင်ဘူး။ ရွာတွေဘက်မှာ ကျောင်းဆရာပဲလုပ်မယ်"

စာရေးကြီး ဦးသာအေးမှာ ကျွန်တော်နေသည့် မြစ်နားတန်းရပ်ကွက် သားဖြစ်၍    သူ့ကို   ကျွန်တော်သိသည်။   သူသည်   ကျွန်တော့်ကို ခပ်ကြောင်ကြောင် သက်ရှိတစ်ကောင်လို့ပဲ သဘောထားလိုက်ပုံရသည်။ ခေါင်းတညိတ်ညိတ်နဲ့ တစ်ချက်ကြည့်ပြန်သည်။

"တစ်ပတ်အတွင်း အကြောင်းကြားပေးမယ်နော်"

"ဟုတ်ကဲ့ ကျွန်တော် ရွာမပြန်သေးဘဲ စောင့်နေပါ့မယ်"

"အေး အေး အေး"

ကျွန်တော်သည် စာပြချင်လွန်း၍ ကျောင်းဆရာ လုပ်အားပေးခေါ်ပါ‌ စေလို့ ဆုတောင်းရင်း စောင့်နေခဲ့သည်မှာ သီတင်းတစ်ပတ်မကတော့ပါ။ ၁၀ ရက်တိတိ စောင့်ခဲ့သည်။ သို့သော် မည်သို့မျှ အကြောင်းမထူးခဲ့ပါ။ သို့အတွက်ကြောင့် ကျွန်တော်သည် အဝတ်အထည်၊ စာအုပ်စာတမ်းများ ကိုသိမ်းပြီး အိမ်သော့ကို တစ်ဝင်းတည်းနေ ဦးမြထွန်းဦးတို့မိသားစုအား ပေးအပ်ထားခဲ့ပြီး ကျောက်ဖြူမြို့မှ  ကျွန်တော် ထွက်ခွာခဲ့လေတော့သည်။ ကျွန်တော် နံနက်စောစော အိပ်ရာထပြီး သင်္ဘောဆိပ်သို့ ဆင်းလာကာ ကျောက်ဖြူမြို့မှ မြေပုံ၊ ပေါက်တော၊ စစ်တွေမြို့များသို့ ထွက်ခွာမည့်သင်္ဘောဖြင့်   လိုက်ပါလာခဲ့သည်။ သင်္ဘောသည် နံနက် ၇ နာရီခွဲတွင် ကျောက်ဖြူမြို့ဆိပ်ကမ်းမှ ထွက်ခွာခဲ့သည်။ သံစစ်မြစ်ကို ဖြတ်သန်း ခုတ်မောင်းလိုက်ပြီး   မြစ်တစ်ဖက်ကမ်းအရောက်တွင်    တံခါးရိုးတောင်တန်းကြီးနှင့်   ကြက်တောပြင် ကမ်းခြေအစပ် ရေလက်ကြား အရောက်မှာတော့ မြစ်ကျဉ်းဖြစ်၍  ရေငြိမ်သည်။   သိပ်တောင်မကြာ လိုက်ဟု ထင်ရသည်။ ပင်လယ်ပြင်ထဲ ထီးထီးမားမားတည်ရှိနေသော ဝက်ရေတောင်တန်းနှင့် ဝက်ရေမြစ်ကို ဖြတ်ကူးလိုက်သည်။

ဝက်ရေမြစ်     ရေကြောအလွန်မှာတော့      ရေလှိုင်းဘောင်ဘင်က ကြိုးဆင်နေသော ဧရာမနောင်တော်ပင်လယ် (Conbamia) ကြီးပေ တည်း။ ဤပင်လယ်ကြီးသည် ရခိုင်ကမ်းရိုးတန်း၏ အထင်ကရမြစ်ပြင် ကျယ်ကြီး ဖြစ်သည်။ ရာသီကြမ်းတွင် လှိုင်းများ သောင်းကျန်းလာလျှင် လှေ၊ သမ္ဗန်၊ သင်္ဘော၊ မော်တော်ဘုတ်တို့အား ဤပင်လယ်ကြီး ဒုက္ခပေးပေါင်းများလှပေပြီ။ ရခိုင်ကမ်းရိုးတန်း၏ ခါးလယ်တွင် တည်ရှိနေပြီး ရခိုင်ဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းကို ကူးလူးဆက်သွယ်သွားလာရာတွင် မလွဲမသွေဖြတ်ကျော်ရသော   ပင်လယ်ရေပြင် ခရီးပေတည်း။ ဤနောင်တော်ပင်လယ်ပြင်ကြီးပေါ်တွင်   နောင်တော်ကြီးတောင်နှင့် နောင်တော်လေး တောင်တန်းတို့ ရှိကြသည်။        ဤပင်လယ်ကြီးကို အင်္ဂလိပ်တို့အုပ်ချုပ်စဉ်က  Conbamia  ဟု ခေါ်ခဲ့ကြသည်။  ရခိုင် ပြည်နယ်မြေပုံတွင် ကျွန်းများ၊ မြစ်များကို ဖော်ပြပါရှိလျှင် အင်္ဂလိပ်လို  Conbamia ဟု  ရေးသားထားသည်ကို  တွေ့ရပေသည်။  သို့သော် ပင်လယ်ပြင်ပေါ်ရှိ နောင်တော်ကြီးတောင်ကိုအစွဲပြုပြီး ဒေသခံတို့က နောင်တော်ပင်လယ်ဟု ခေါ်ခဲ့ကြပေသည်ဟု သိရသည်။

ဤနောင်တော်ကြီးတောင်ခြေ ပင်လယ်ရေစပ်တောင်ခြေ၌ မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီကပင် နောင်တော်ရွာဟူ၍ ရှိခဲ့ပေ၏။ ၁၉၄၈ ခုနှစ်  မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းစစ်မီးဟုန်းဟုန်း တောက်ပြီး တစ်တောတစ်ကြက်ဖတွန်ကာ ခိုးဆိုးတိုက်ခိုက်လုယက်မှုများ ထူပြောလာချိန်တွင် ရပ်ရွာပြိုကွဲပြီး မြစ်တစ်ဖက်ကမ်းရှိ ငပသုန် ရွာသို့   ပြောင်းရွှေ့သွားကြသည်။  (ယခု ၁၉၈၀ ပြည့်နှစ်တွင်တော့ ကျွန်းစဉ်ဒေသ၌ ခြေကုပ်ယူပြီး  ဝပ်ကျင်းချကာနေခဲ့ကြသော ဗ.က.ပ (ဗမာပြည်ကွန်မြူနစ်ပါတီ) ကို  နိုင်ငံတော်မှ ဖြတ်(၄)ဖြတ် စီမံချက်ဖြင့် ရှင်းလင်းလိုက်မှုကြောင့် ချုပ်ငြိမ်းခဲ့ရသည်။ သို့ဖြစ်၍ နယ်မြေအေးချမ်းမှု ရလာပြီးသည့်နောက်တွင်     မူလနောင်တော်ရွာသားတို့သည်      သူတို့ပြောင်းရွှေ့နေထိုင်ခဲ့ကြသော ငပသုန်ရွာမှ နောင်တော်ကြီးတောင်ခြေရှိ နောင်တော်ရွာသို့ ပြန်လည်ပြောင်းရွှေ့လာကြပြီး ယခင်ကလိုပဲ ငါးဖမ်း ခြင်း၊ ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းတို့ကို လုပ်ကိုင်ကာ အခြေချနေထိုင်ကြ ပေပြီ။ အခြေခံပညာမူလတန်းကျောင်းကိုလည်း ဖွင့်လှစ်ထားလျက်ရှိ ကြပေပြီ။)

ကျွန်တော်    စီးနင်းလိုက်ပါလာသောသင်္ဘောသည်     နောင်တော် ပင်လယ်ကိုကျော်ဖြတ်ပြီး နောင်တော် တောင်တန်းကြီးကို နောက်ကျော ဘက်တွင် ချန်ထားခဲ့ကာ တုံးကျီမြစ်ကို ဖြတ်ကူးလာခဲ့ပေပြီ။ တုံးကျီမြစ် ကို ဖြတ်ကျော်ခဲ့ပြီး တုံးကျီတောင်ခြေအနီးက သင်္ဘောဆိပ်ဟု သတ်မှတ်ထားသော တုံးကျီတောင်ခြေရှိ တုံးကျီမြစ်ကမ်းခြေသို့ ရောက်ရှိခဲ့လေပြီ။

သင်္ဘောဆိပ်ဟုသတ်မှတ်ထားသော်လည်း ဆိပ်ခံတံတားဟူ၍ မရှိပေ။   စက်ရှိန်လျှော့ပြီး သင်္ဘော ရပ်နားပေးတုန်း ကမ်းခြေမှ ကူးတို့လှေများဖြင့် လှော်ခတ်လာကြပြီး တက်ကြရ၊ ဆင်းကြရသည်။

ကျွန်တော်သည် မိမိမှာပါလာခဲ့သော အဝတ်အိတ်၊ စာအုပ်ထုပ်များ ကိုသယ်ပြီး ကမ်းမှလှော်ခတ်လာသော ကူးတို့လှေပေါ်သို့ ဆင်းလိုက်သည်။ ကျွန်တော်ဆင်းလိုက်သော ကူးတို့လှေမှာ တုံးကျီတောင်ခြေတွင် တစ်တဲတည်းသာရှိသော    ကူးတို့တဲက   ကူးတို့လှေပင်ဖြစ်သည်။ ဤကူးတို့လှေမှာ   တခြားတစ်ပါးမှ   သင်္ဘောဖြင့်  စီးနင်းလိုက်ပါလာ ကြသော   ခရီးသည်များကို   သူတို့သွားလိုသောရွာများသို့  အဖိုးအခ သတ်မှတ်ပြီး ပို့ပေးခြင်းပင် ဖြစ်သည်။       

   ဆက်လက်ဖော်ပြပါမည်။