“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူတို့၏ ကျောင်းအပ်နှံမှုစတင်သောနေ့၏ ရင်တွင်းစကားသံများ

“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ဆရာ၊ ဆရာမ၊ ကျောင်းသားမိဘနှင့် ကျောင်းသား၊ ကျောင်းသူတို့၏ ကျောင်းအပ်နှံမှုစတင်သောနေ့၏ ရင်တွင်းစကားသံများ

နိုင်ငံတစ်ဝန်း မိုးရိပ်မိုးဖွဲတို့ကြောင့် အအေးဓာတ်များလွှမ်းခြုံလာမှုဖြင့် အပူလှိုင်းများ  တစ်စထက်တစ်စ လျော့ပါးလာကာ သွားလာနေထိုင်မှု စတင်အဆင်ပြေ လာလျက်ရှိသည်။ မိုးရိပ်မိုးငွေ့နှင့်အတူ ကျောင်းဖွင့်ရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်း ဖွင့်ချိန်ကို စောင့်မျှော်နေကြသည့် ကျောင်းသား၊ ကျောင်းသူတို့ မိခင်ကျောင်းတော်ကြီးအတွင်း ဆက်လက် ပညာသင်ကြားနိုင်ရေး စတင်သက်ဝင်စည်ကားနေသည့် နေ့တစ်နေ့လည်း ဖြစ်သည်။

ယနေ့မှစ၍  ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ   အခြေခံပညာ ဦးစီးဌာနကျောင်းများ၊    ပုဂ္ဂလိက ကျောင်း နှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတို့တွင် မိဘများက သားသမီးများကို ကျောင်းအပ်နှံကြစဉ် ပြုံးပန်းဝေဆာစွာ လက်ခံကြိုဆိုနေကြသည့် ဆရာ၊ ဆရာမများ၊ မိမိတို့သားသမီးများ အနာဂတ် ထွန်းလင်း တောက်ပရန် မျှော်မှန်းချက်ဖြင့် ကျောင်းအပ်နှံနေကြသည့် မိဘဆွေမျိုးများနှင့် ကျောင်း ဖွင့်ချိန်တွင် သူငယ်ချင်းများနှင့် ပြန်လည်တွေ့ဆုံရတော့မည့် ပျော်ရွှင်ဖွယ်အချိန်ကို တမ်းတနေကြသည့်  ကျောင်းသား၊ ကျောင်းသူတို့၏ ရင်တွင်းစကားသံတို့ကို စုစည်းဖော်ပြလိုက်ပါသည်။

ဒေါက်တာချိုချိုမြတ်အောင်

(ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူး)

ကျောင်းအပ်နှံရေး သီတင်းပတ်က မေလ ၂၃ ရက်ကနေ ဇွန်လ ၂ ရက်နေ့အထိ သတ်မှတ်ထားပြီးတော့  ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်ရဲ့ ကျောင်းအပ်နှံရေးနေ့ ဆောင်ပုဒ်က “ကျောင်းနေအရွယ် ကလေး အားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း  ခရိုင် ၁၄ ခုမှာ မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိပါတယ်။ မူလတန်းကျောင်းပေါင်း ၁၆၈၀၊ အလယ်တန်း ကျောင်းပေါင်း ၆၆၅ ကျောင်းနဲ့ အထက်တန်းကျောင်း ၄၀၉ ကျောင်း စုစုပေါင်း ၂၇၅၄ ကျောင်းမှာ ကျောင်းအပ်နှံရေးကို တစ်ပြိုင်တည်း ဆောင်ရွက်နေသလို ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ အခြေခံပညာသင်ရိုးညွှန်းတမ်းနဲ့ သင်တဲ့ကိုယ်ပိုင်ကျောင်းတွေမှာလည်း ကျောင်းအပ်နှံရေး လုပ်ငန်းများ ကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

နိုင်ငံတော်က အခမဲ့ပေးဝေတဲ့ ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတို့ကို  ကလေးတွေအားလုံး ကျောင်းအပ်နှံတာနဲ့တစ်ပြိုင်နက်  ရရှိအောင် တစ်ပြေးညီပေးပို့ထားပြီးအဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်ပါတယ်။  ကျောင်းနေအရွယ် ကလေးအားလုံး စာသင်ကျောင်းကိုရောက်ပြီး ပညာ သင်ကြားစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပညာရဲ့တန်ဖိုးဟာ  နိုင်ငံသားကောင်း တစ်ယောက် ဖြစ်ဖို့အတွက် အဓိကကျနေလို့ပါ။  ဆရာ၊  ဆရာမနဲ့ မိဘများရဲ့ ထိန်းကျောင်းသွန်သင်ဆုံးမမှုအောက်မှာ   သူတို့ဘဝလမ်းကြောင်း ဖြောင့်တန်းဖို့အတွက် ဆောင်ရွက်နိုင်မယ်ဆိုရင် မျှော်မှန်းထားတဲ့ အနာဂတ် နိုင်ငံတော်အတွက်လည်း  ကောင်းမွန်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ထူထောင်နိုင်မှာဖြစ်ပါတယ်။ 

ကျောင်းအပ်နှံရေးကာလ ပြီးတာနဲ့ ဇွန်လ ၃ ရက်နေ့မှာ ကျောင်းဖွင့်လှစ်ပြီး စာသင်ကြားနိုင်ဖို့ နိုင်ငံတော် အကြီးအကဲရဲ့ လမ်းညွှန်မှုနဲ့အညီ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီစောင့်ရှောက်မှုနဲ့ ကျောင်းအားလုံး ပတ်ဝန်းကျင်နဲ့ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေး၊ စာသင်ခန်းအလင်းဖွင့်လုပ်ငန်း ဆောင်ရွက်ခြင်း၊ စာသင်ခန်း/စာသင်ခုံများ  သန့်ရှင်းသပ်ရပ်နေအောင် ဆောင်ရွက်ခြင်းစတဲ့ လုပ်ငန်းစဉ်များမှာ တတ်နိုင် သမျှပြည့်စုံအောင် ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်ထားကြပါတယ်။ အခြေခံပညာ ကျောင်းအားလုံးဟာ   ပညာရေးဥပဒေအရ မသင်မနေရ အခမဲ့ပညာရေးစနစ် ဖြစ်ပါတယ်။ အခြေခံပညာကျောင်းများမှာ အခမဲ့ပညာရေးစနစ်ကို ဖော်ဆောင်နေတာဖြစ်တဲ့အတွက် အခမဲ့ကျောင်းသုံးပစ္စည်းတွေရရှိတဲ့အပြင် ကျောင်းထောက်ပံ့ကြေးနဲ့ ပညာသင်ထောက်ပံ့ကြေးလည်း သတ်မှတ်စံနှုန်းနဲ့အညီပေးနေပါတယ်။ ကျောင်းအပ်နှံရာမှာ အခမဲ့ဖြစ်တဲ့အတွက် အခကြေးငွေပေးဖို့မလိုပါဘူး။ တကယ်လို့ မလိုလားအပ် တဲ့ ကိစ္စရပ်များကြုံတွေ့ခဲ့ရရင် တိုင်ကြားဆက်သွယ်နိုင်တဲ့ ဖုန်းနံပါတ်များနဲ့ မြို့နယ်/ခရိုင်/တိုင်း ပညာရေး မှူးရုံးများကို ဆက်သွယ်တိုင်ကြားနိုင်ပါတယ်။

ဒေါက်တာဇင်မာဝင်း

(အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ် ဗိုလ်တထောင် မြို့နယ်)

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက်ဆိုရင် ကျောင်းမဖွင့်မီကာလကတည်းကကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စာသင်ခုံ၊ စာရေးခုံများ သန့်ရှင်းရေးအတွက်   ကျောင်းကတာဝန်ရှိသူတွေရယ်၊ ဌာနဆိုင်ရာတွေရယ်ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ပညာသင်ယူနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်။

နိုင်ငံတော်က အခမဲ့ပညာရေးစနစ်အနေနဲ့ အထက်တန်းကျောင်းသားတွေအတွက်ဆိုရင် ကျောင်းသုံး ပြဋ္ဌာန်း စာအုပ်၊ ဗလာစာအုပ်တစ်ဒါဇင်၊ ဘောပင်လေးချောင်း၊ အလယ်တန်း ကျောင်းသားတွေ အတွက်ဆိုရင်လည်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ် တစ်ဒါဇင်၊ ဘောပင်နှစ်ချောင်း၊ ခဲတံနှစ်ချောင်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူတွေအတွက်ဆိုရင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံအပြင် ကျောင်းဝတ်စုံပါ ပါရှိပါတယ်။

နိုင်ငံတော်က အခမဲ့ပေးတဲ့ ကျောင်းသုံးပစ္စည်းတွေကို ကျောင်းအပ်တဲ့ကာလမှာ အချိန်မီရရှိအောင် ဖြန့်ဝေပေးပါတယ်။ အခု  ၂၀၂၄-၂၀၂၅  ပညာသင်နှစ်ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ကျောင်းနေအရွယ် ကလေး အားလုံးအခြေခံ ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကျွန်မတို့ အထက(၅) ဗိုလ်တထောင် သတ်မှတ်ဧရိယာအတွင်းမှာရှိတဲ့  ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ဖို့ ဖိတ်ခေါ်ပါတယ်။ ကျောင်းအပ်နှံတဲ့အခါ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ မူအတိုင်း ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေပါတယ်။ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်း ပညာသင်ယူဖို့ အရေးကြီးပါတယ်။ ပညာသင်ယူနိုင်မှသာ အမှားအမှန်၊ အဆိုးအကောင်းကို စဉ်းစား ဆင်ခြင်နိုင်မှာဖြစ်တာကြောင့်   ကလေးအားလုံးကျောင်းကိုရောက်စေချင်ပါတယ်။  သူတို့ရဲ့ဘဝတွေနဲ့ အနာဂတ်တွေ တောက်ပဖို့အတွက် သူတို့ရဲ့အချိန်တွေကို ဆရာ၊ ဆရာမတွေရဲ့ သင်ကြားမှုတွေ၊ ပညာသင်ယူနိုင်မယ့် အခွင့်အလမ်းတွေနဲ့ထိတွေ့ပြီး ကုန်ဆုံးစေချင်ပါတယ်။ ကျောင်းနေအရွယ်ရှိတဲ့ ကလေးအားလုံး ကျောင်းကိုရောက်ပြီး ပညာသင်ယူနိုင်တဲ့အခွင့်အလမ်းကို ယူကြပါစို့လို့ တိုက်တွန်း ချင်ပါတယ်။

ဒေါ်တင်တင်စု (ကျောင်းသားမိဘ)

ကျောင်းတွေ  စတင်လက်ခံတဲ့နေ့မှာ သမီးကို ကျောင်းလာအပ်တာပါ။ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင် အခမဲ့စုံလင်စွာရရှိပါတယ်။ ကျောင်းအပ်နှံနိုင်ဖို့ နိုင်ငံတော်က စီမံဆောင်ရွက်ပေးမှုကို အထူးကျေးဇူး တင်ပါတယ်။ မိခင်တစ်ဦးအနေနဲ့ ဝမ်းသာမိပါတယ်။ ကလေးတစ်ယောက်ရဲ့ ကုန်ကျစရိတ် သက်သာအောင် စီမံဆောင်ရွက်ပေးမှုကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ စနစ်သစ်မှာ သားက Grade -12 ကိုသင်ကြားခဲ့ရပြီး သမီးကလည်း Grade-10 ရောက်နေပြီဆိုတော့ အခြေခံကောင်းတွေ ရသွားတာကြောင့် မိဘတစ်ဦးအနေနဲ့ ပံ့ပိုးဆောင်ရွက်ပေးသွားရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ပညာရေးနဲ့ပတ်သက်ရင် အစိုးရအခြေခံပညာကျောင်းဟာ အကောင်းဆုံးပါပဲ။ ငွေကြေးသက်သာပြီး    သင်ကြားမှုကောင်းမွန်တဲ့    ကျောင်းဖြစ်တာကြောင့် ကျောင်းသားမိဘများကို ကျောင်းအပ်နှံ ရေးကာလ အတွင်းမှာ  အမြန်ကျောင်းအပ်နှံကြဖို့လည်း   တိုက်တွန်းလိုပါတယ်။

မဆောင်းသဇင်မြင့်၊ ဆဋ္ဌမတန်း

(Grade-6 အထက(၅)ဗိုလ်တထောင်)

ဒီနေ့ကျောင်းလာအပ်တာပါ။ စာသင်ရတော့မယ်။ မတွေ့ရတာကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်တွေ့ ရတော့မယ်ဆိုတဲ့ အသိက ရင်ထဲမှာပီတိခံစားရပါတယ်။ ကျောင်းလာအပ်တာ အစစအရာရာ အဆင်ပြေ ပါတယ်။ ဘောပင်၊ ဗလာစာအုပ်၊ ဖတ်စာအုပ် အခမဲ့ရပါတယ်။ သမီးက သူငယ်တန်းကတည်းက   ဒီကျောင်းမှာ တက်တာပါ။ ကျောင်းဖွင့်တော့မှာမို့ သူငယ်ချင်းတွေနဲ့အတူတူ စာသင်ရမယ်ဆိုတော့ ပျော်ပါတယ်။ သမီးရဲ့ ရည်မှန်းချက်ကတော့ လေယာဉ်မောင်းမယ်၊ သမီးက ငယ်ငယ်ကတည်းက စာကိုကြိုးစားသင်ယူပြီး ပညာတတ်ကြီးဖြစ်အောင် ဆက်ပြီးကြိုးစားသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။  ။

ညိမ်းသူ(သတင်းစဉ်)၊

ဓာတ်ပုံ-ကနူး       

Dates: 
Tuesday, September 3, 2024 - 08:33