ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့

ပညာရေးဝန်ကြီးဌာနသည် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိကာလကို ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားသည်။

ကြိုတင်ပြင်ဆင်

ကျောင်းသားမိဘများသည် ကလေးငယ်များအတွက် ပုံနှိပ်စာအုပ်များနှင့် လေ့ကျင့်ခန်းစာအုပ်များတွင် နာမည်များကပ်ခြင်း၊ ကျောပိုးအိတ်၊ ထမင်းဘူးနှင့် ရေဘူးများပြင်ဆင်ခြင်း၊ ကျောင်းဝတ်စုံများကို ဝတ်ဆင်ကြည့်ခြင်း၊  ထီး၊  ဖိနပ်၊  မိုးကာများကို အသင့်ပြင်ဆင်ခြင်းစသည်တို့ကို  လိုလေသေးမရှိအောင် လုပ်နေကြသည်။ မိဘများအနေဖြင့် သား၊ သမီးများအတွက် လိုလေသေးမရှိအောင် ကြိုတင်ပြင်ဆင် လျက်ရှိသည်။ လက်လုပ်လက်စား မိဘများသည်ပင်လျှင် သား၊ သမီးများအတွက် ကြိုးစား ဖြည့်ဆည်း ပေးလျက်ရှိသည်။ မိဘတိုင်းသည် သား၊ သမီးများ မျက်နှာမငယ်စေရန်အတွက် အဘက်ဘက်မှ ကြိုတင်ပြင်ဆင်ကြရသည်။   စုန်ရေမေတ္တာသည် တသွင်သွင် စီးဆင်းလျက်ပင်ရှိသည်။

ကျောင်းအပ်နှံမှုနှုန်းမြင့်တက်လာ

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်တိုးတက်ရေးသည် မျိုးဆက်သစ်များ၏ ပညာရည်တတ်မြောက်မှု အဆင့် အတန်းပေါ်တွင် များစွာတည်မှီနေသည် ဆိုသောအချက်ကို ကမ္ဘာ့နိုင်ငံတိုင်းက တူညီစွာလက်ခံ ထားရှိကြသည်။ ထိုနည်းတူစွာပင် ကျွန်ုပ်တို့မြန်မာနိုင်ငံသည်လည်း မျိုးဆက်သစ်များ ပညာရည်မြင့်မား ရေးအတွက် ရေတိုရေရှည်စီမံကိန်းများ ချမှတ်လျက် အမျိုးသားရေးအသွင်ဖြင့် အကောင်အထည်ဖော် လျက်ရှိသည်။  အထူးသဖြင့် နိုင်ငံတော်အစိုးရသည် ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းနေနိုင် ရေးအတွက် အခမဲ့ပညာရေးအစီအစဉ်ကို အထက်တန်းအဆင့်အထိ  အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုကြောင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံမှုနှုန်း သိသာစွာ မြင့်တက်လာခဲ့သည်။ ကျောင်းနေမှုနှုန်း မြင့်မားလာသည်နှင့်အမျှ ရေမြင့် ကြာတင့်ဆိုသလို စာတတ်မြောက်မှုနှုန်းလည်း သိသာထင်ရှားစွာ မြင့်တက်လာမည်မှာ မြေကြီးလက် ခတ် မလွဲပင်ဖြစ်သည်။

အမှန်တော့ ၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှစ၍ အခြေခံပညာကျောင်းများတွင် အခမဲ့ပညာရေးစနစ် သတ်မှတ်ခဲ့သည်။ ထို့ပြင်နိုင်ငံတော်အစိုးရသည် ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိသည့်အပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊   ဗလာစာအုပ်၊  ဘောပင်၊  ခဲတံနှင့် ကျောင်းဝတ်စုံ တို့ကို အခမဲ့ထောက်ပံ့ပေးထားသဖြင့် ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။

အခြေအနေကောင်းများဖန်တီးပေး

ထို့ပြင် ကျောင်းသားလူငယ်များ ထိရောက်အောင်မြင်စွာ စာပေလေ့လာသင်ယူနိုင်ရန်အတွက် ပတ်ဝန်းကျင် အခြေအနေကောင်းများလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။ စာသင်ကျောင်းများ၊ သင်ထောက်ကူပစ္စည်းများအပြင် အထောက်အကူပြု ကျောင်းစာကြည့်တိုက်များလည်း ဖန်တီးပေးရန် လိုအပ်ပေသည်။

အထူးသဖြင့် စာသင်ကျောင်းများသည် တိတ်ဆိတ်ငြိမ်သက်မှုရှိသည့် နေရာများတွင်သာ ရှိသင့်သည်။ ထိုသို့တိတ်ဆိတ် ငြိမ်သက်သည့် နေရာမျိုး၌ ကျောင်းသားလူငယ်များ အနှောင့်အယှက်ကင်းစွာ ပညာသင်ကြားနိုင်သဖြင့် ထူးချွန်ထက်မြက်သည့် လူငယ်များ ပေါ်ထွန်းရေးတွင် များစွာ အထောက် အကူပြုပေသည်။

စင်စစ်အားဖြင့် ကျောင်းသား၊ ကျောင်းသူအားလုံး ကျန်းမာပျော်ရွှင်စွာ   ပညာသင်ယူနိုင်ရေးသည် လည်း များစွာ အရေးပါလျက်ရှိသည်။ ထို့ကြောင့်ကလေးများအတွက် သန့်ရှင်းသော မုန့်စျေးတန်းများ၊ အိမ်သာများ၊ လေဝင်လေထွက်ကောင်းသော စာသင်ခန်းများရှိစေရေးအတွက် ကျောင်းအကျိုးတော် ဆောင်များ၊ ကျောင်းအုပ်ကြီးများ၊ အလှူရှင်များနှင့် မိဘများ၏ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများလည်း လိုအပ်ပေသည်။

အဖျက်အမှောင့်လုပ်သူများ

လွန်ခဲ့သောနှစ်အတွင်းက PDF အမည်ခံအကြမ်းဖက်သမားများသည် စာသင်ကျောင်းများအားမီးရှို့ခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်း၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ နှောင့်ယှက် ဟန့်တားခြင်း၊ လူမှုအသိုက်အဝန်းမှကြဉ်ဖယ်ခြင်း၊ မဟုတ်မမှန်ပြောဆို ဝေဖန်တိုက်ခိုက် ခြင်း၊ ကျောင်းသားမိဘများကိုလည်း ခြိမ်းခြောက်အကျပ်ကိုင်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ရင်သွေးငယ်များ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းပင်ဖြစ်သည်။ အကြမ်းဖက် သမားများသည် အမှား၊ အမှန်ကိုခွဲခြားနိုင်စွမ်း အတော်လေး အားနည်းလာကြပြီ ဖြစ်သည်။   စိတ်မကောင်းစရာပင်ဖြစ်သည်။

စင်စစ်အားဖြင့် စာသင်ခန်းများ ပြန်လည်ဖွင့်လှစ်ပြီး စာဖတ်စာအံသံများကြားရခြင်းသည်  မိဘတိုင်း အတွက်မင်္ဂလာရှိသော နေ့ရက်များပင် ဖြစ်သည်။ သို့သော် တချို့သောမိဘများသည် အဖျက်အမှောင့် သမားများ၏  မဟုတ်မမှန်သွေးထိုး လှုံ့ဆော်ဝါဒဖြန့်နေမှုများကို နားယောင်ကာ ကလေးငယ်များကို ကျောင်းအပ်ဖို့ရန် ချီတုံချတုံ ဖြစ်နေကြသည်။ ကလေးကို ကျောင်းသို့လွှတ်လျှင် ဘေးကင်း လုံခြုံမှုမရှိဟု ဆိုကြသည်။   မှားယွင်းသော ယူဆချက်ပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် တရား ဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ အခြေခံပညာကျောင်းများတွင် လုံခြုံရေးအာမခံချက်ရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

ပူးပေါင်းပါဝင်ဆောင်ရွက်ရန်လို  

အမှန်တော့ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူ အားလုံး စာသင်ခန်းအတွင်း ရောက်ရှိရေးအတွက် ဆရာ၊ မိဘ၊ ဒေသဆိုင်ရာအာဏာပိုင်များအပြင် တာဝန်သိပြည်သူလူထုကြီးကလည်း တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်သွားသင့်သည်။ အထူးသဖြင့် ကျောင်းသားမိဘများအနေဖြင့် အဖျက်အမှောင့်လုပ်နေသူများ၏ လျှို့ဝှက်အကြံအစည်နှင့် လှုပ်ရှားမှု များကို လုံခြုံရေးတပ်ဖွဲ့များ၊ သက်ဆိုင်ရာတာဝန်ရှိသူများသို့ အချိန်မီ အသိပေးသင့်သည်။ ကလေး ငယ်များ စိတ်အေးချမ်းသာ ပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် မိဘများ၏ ပူးပေါင်း ဆောင်ရွက် မှုများ  အထူးလိုအပ်သည်။ မိဘများအနေဖြင့် ကလေးများ၏ ပညာရေး၊ ကျန်းမာရေးနှင့် လုံခြုံရေး ဆိုင်ရာအချက်အလက်များကို ကျောင်းအုပ်ကြီးများကို အပြုသဘောဆောင်စွာ အကြံပြု သွားသင့် ပေသည်။ အထူးသဖြင့် ဆရာ၊ မိဘ၊ ကျောင်းသားပူးပေါင်းဆောင်ရွက်မှု အားကောင်းနေမည်ဆိုလျှင် အဖျက်အမှောင့်သမားများ၏ ယုတ်ညံ့သော အကြံအစည်များကို လွယ်ကူစွာ ကျော်ဖြတ်သွား နိုင်မည် ဖြစ်သည်။

ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့  

စင်စစ်အားဖြင့် နိုင်ငံတော်အစိုးရသည် စဉ်ဆက်မပြတ် လေ့လာသင်ယူနေသည့် လူ့ဘောင် အဖွဲ့အစည်း တစ်ရပ် ဖြစ်ပေါ်လာနိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးငယ်အားလုံး   ကျောင်းအပ်နှံ နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူအားလုံး စာသင်ခန်းအတွင်း ရောက်ရှိနိုင်ရေးလုပ်ငန်းများကို စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ဆရာ၊ မိဘပြည်သူများနှင့် ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တို့အကြား တက်ညီလက်ညီ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် သွားရန် လိုအပ်ပေသည်။

အမှန်တော့ နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်သည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှု အဆင့်အတန်းပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် ဘက်စုံထူးချွန် သော မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းရေးအတွက် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံ ရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေးလုပ်ငန်းစဉ်ကို အမျိုးသားရေး တာဝန်တစ်ရပ်ကဲ့သို့ ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ပညာသင်ခြင်းသည် နိုင်ငံ၏ အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းပင် ဖြစ်သည်။ ၂၀၁၉ ခုနှစ်ကြား ဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်နှင့်အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိသည်။ အဆိုပါ လူဦးရေတွင် ကျောင်းလုံးဝမတက်ဖူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိပြီး အသက် ၂၅ နှစ်အထက် ၂၅ ဒသမ ၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း၉ သိန်းကျော်ရှိသည်။ မူလတန်းနှင့် မူကြိုအဆင့်ရှိသူ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း ၁၂ ဒသမ ၈၃ သန်းရှိကာ အလယ်တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၅ ဒသမ ၄၆ သန်းရှိသည်။ အထက်တန်း အဆင့် ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့်ဘွဲ့ရသူ ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ ဒသမ ၆၈ သန်းရှိ သည်ကို စာရင်းဇယားများအရသိရပြီး ကျောင်းသားအများစုမှာ မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက် သွားကြခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတော်၏ အနာဂတ်အတွက် ခေတ်ပညာတတ် လူငယ်များ ပေါ်ထွန်းလာစေရန် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံစေရေး  မိဘပြည်သူ များအနေဖြင့်  အလေးထားဆောင်ရွက်သွားရန် လိုအပ်ပေသည်။

ထိုသို့ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ အပြင် မိဘ၊ ဆရာ၊ ဒေသခံပြည်သူများသည်  အဖျက်အမှောင့်သမားများ၊  ပြည်ပလက်ဝေခံများ၊  CRPH၊ NUG နှင့် PDF အမည်ခံ အကြမ်းဖက်အုပ်စုများ၏ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေမှုများ၊ လှုံ့ဆော် နေမှုများ၊ ခြိမ်းခြောက် အကျပ်ကိုင်နေမှုများကို နားမယောင်နေဘဲ ပကတိအခြေအနေမှန်ကိုရှုမြင်လျက် တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားသင့်သည်။ မည်သို့ပင်ဆိုစေ ကျောင်းသား၊ ကျောင်းသူ အားလုံး  စာသင်ခန်းအတွင်းရောက်ရှိနေမှသာလျှင် တိုင်းပြည်တာဝန်ကို လက်ဆင့်ကမ်း ထမ်းဆောင် သွားမည့် ထိုကလေးများ၏ အနာဂတ်သည် ပိုမိုတောက်ပြောင်လာမည် ဖြစ်ပေသည်။    ။

မောင်သောင်းဝင်း

(တမန်ဟောင်း)